News

POST TYPE

SATIRE

စပယ်ယာ နိုင်ငံသစ်ဆီသို့
23-Jul-2017

တကယ်တော့ ကွီးဖြိုးဟာ လူငယ်တွေ၊ လူကြီးတွေရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်တာပဲ။ စိုပြေလည်း ကွီးဖြိုးကြောင့် စိတ်ဓာတ်တွေပါ ကျသွားရတယ်။  မြန်မာပြည်မှာ ဘာပဲလုပ်ချင်ချင် လုပ်ခွင့်ရှိတယ်။ ဒါပေမဲ့ စပယ်ယာ ဖြစ်ခွင့်တော့ မရှိတော့ဘူး။ စိုပြေလည်း ခြေထောက်မကောင်းသေးလို့ ငြိမ်နေတာ။  ခြေထောက်ကောင်းရင် စပယ်ယာ လုပ်မလို့ပဲ။ အခုတော့...။ 

စိုပြေဟာ စပယ်ယာဖြစ်ခွင့် မရှိတော့ဘူး။ မနေ့ကစပြီး စပယ်ယာတွေကို မထားတော့ဘူးလို့ ဆုံးဖြတ်ထားကြတာ တွေ့တယ်။ ငွေထည့်ရမယ့်ပုံးတွေ တပ်ပြီးရင်ပေါ့။ 

လောလောဆယ်တော့ စပယ်ယာတွေ ရှိသေးတယ်။  ဒါပေမဲ့ ခဏနေရင်တော့ စပယ်ယာတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ ငွေပုံးတွေ အကုန်တပ်ပြီးသွားရင်ပေါ့။ 

အဲ့တော့ စပယ်ယာတွေ အလုပ်ပြုတ်ပြီ။ စပယ်ယာတွေ ဘာလုပ်စားမလဲ။ စိုပြေကတော့ ဂရုမစိုက်ပါဘူး။ သူ့ဟာသူ ဘာလုပ်စားစားပေါ့။ အဓိက ပြဿနာက စိုပြေ...။ 

စိုပြေဟာ ဟိုးအရင်ကတည်းက စပယ်ယာ ဖြစ်ချင်နေခဲ့တာ။ ငယ်ငယ်ကတည်း ဘုရားမှာ ဆုတောင်းရင်တောင် အောင်မြင်ကျော်ကြားတဲ့ စပယ်ယာကြီး ဖြစ်ပါစေလို့ ဆုတောင်းခဲ့တာ...။ 

အဲ့လောက်အထိ စပယ်ယာ ဖြစ်ချင်ခဲ့တာပေါ့။ ဒါပေမဲ့ အခွင့်အရေးမပေးလို့ လုပ်ခွင့်မရခဲ့ဘူး။  လုပ်မယ့် အချိန်ကျတော့ ခြေထောက်က ကျိုးတယ်။ အဲ့တော့ စပယ်ယာအလုပ်နဲ့ မအပ်စပ်ပြန်ဘူး။ ခြေထောက်ကောင်းမှ စပယ်ယာ လုပ်မယ်ပေါ့...။ 

တကယ်တော့ စပယ်ယာဖြစ်ဖို့ကလည်း လွယ်တာမဟုတ်။ စပယ်ယာလိုင်စင်ရဖို့ စာမေးပွဲတွေ ဖြေရတယ်။ လိုက်ဖို့ယာဉ်လိုင်း ရှိရမယ်။ ဒရိုင်ဘာနဲ့ အဆင်ပြေရမယ်။ အဲ့ဒါတွေက မြင်ရတဲ့ လိုအပ်ချက်တွေပေါ့။ အခြားမမြင်ရတဲ့ လိုအပ်ချက်တွေမှာ ဆိုရင်...။ 

သတ္တိရှိရမယ်၊ ရိုက်ရဲနှက်ရဲရမယ်၊ မျက်နှာပြောင် တိုက်ရဲရမယ်။ 

အဲ့ဒါတွေအတွက်လည်း စိုပြေက မပူပါဘူး။ ကိုယ့်ဟာကိုယ်တော့ သတ္တိရှိတယ်လို့ ထင်တာပဲ။ 

စိုပြေက ဘာကြောင့် စပယ်ယာ ဖြစ်ချင်လဲဆိုရင် လက်ဖျားငွေသီးချင်တာကြောင့်ပဲ။ စပယ်ယာဆိုတော့ ငွေတွေ ကိုင်ထားရတာ။ စားချင်တာ စားလို့ ရတယ်။ သောက်ချင်ရာ သောက်လို့ရတယ်။ ပြီးတော့...။ 

စိုပြေက နည်းနည်းတော့ နှာဘူးထတယ်။ ကောင်မလေးတွေ ကားပေါ်ကို တွန်းတင်ချင်တယ်။ ဟိုထိဒီထိ လုပ်ချင်တယ်။ ပြီး ရိသဲ့သဲ့လည်း လုပ်ချင်တယ်။ ဟီးဟီး... ပြီးတော့ စိုပြေက မိန်းမတွေလည်း အများကြီး လိုချင်သေးတယ်။ 

စပယ်ယာက ဝင်ငွေကောင်းတယ်လေ။ ခွဲတမ်းလည်း ရတယ်။ ပြီးတော့ တိုရင်လျှိုရင်လည်း ရတယ်။ ကိုယ့်လက်ထဲ ပိုက်ဆံကိုင်ထားတာပဲ။ အေးဆေးတို ရုံပဲလေ။ ပိုက်ဆံများတော့ မိန်းမလည်း များများယူ လို့ရတာပေါ့။ 

ပြီးတော့ စိုပြေက လူတွင်ကျယ်လည်း လုပ်ချင်သဗျ။ ဒါပေမဲ့ ရပ်ကွက်ထဲက ကလေးကအစ ခွေးအဆုံး စိုပြေ့ကို ဘယ်သူမှ မလေးစားဘူး။ အဲ့ဒါကို မကျေနပ်ဘူး။ စိုပြေသာ စပယ်ယာဖြစ်ရင်...။ 

ကားပေါ်မှာ တွေ့သမျှလူကို ဟောက်ရုံပဲ။ စိုပြေ့ကိုလည်း ဘယ်သူမှ ပြန်ပြောရဲမှာ မဟုတ်ဘူး။ ပြန်ပြောရင် တုတ်နဲ့ရိုက်မယ်။ ဆဲမယ်။ အခြားစပယ်ယာတွေလည်း ဒီလိုပဲ လုပ်နေကျ မဟုတ်လား။ 

ပြီးတော့ စိုပြေဟာ စပယ်ယာသမဂ္ဂကိုပါ ထောင်ချင်တယ်။ နောက်ပိုင်း စပယ်ယာများ ကောင်းစားရေး ပါတီထောင်မယ်။ ရွေးကောက်ပွဲဝင်မယ်။ စိုပြေတို့ စပယ်ယာတွေကို မဲမထည့်ရင် ကားပေါ်တက်လာရင် ဝိုင်းရိုက်မယ်။ မဲနိုင်ရင် လွှတ်တော်ထဲသွားမယ်။ ဆယ်သိန်းစားမယ်။ ငိုက်မယ်။ ကားတစ်စီးကို စပယ်ယာဆယ်ယောက် ခန့်ထားရေး အဆိုတင်သွင်းမယ်။ ဒါမှ စပယ်ယာအင်အား များလာမှာ...။ 

နောက်ပိုင်း စပယ်ယာအင်အား များများနဲ့ ဝင်ပြိုင်ပြီး စပယ်ယာလွှတ်တော်ကြီး ဖြစ်အောင်တောင် လုပ်ပစ်လိုက်မယ်။ ဒါဆိုရင် စိုပြေလည်း စပယ်ယာ ဘဝကနေ သမ္မတအထိပါ ဖြစ်နိုင်မယ် မဟုတ်လား...။ 

စိုပြေ့မှာတော့ အဲ့လိုတွေ စိတ်ကူးယဉ်လိုက်ရတာ...။ 

အခုတော့ ကိုဖြိုးက စပယ်ယာတွေကို ဖြုတ်ပစ်လိုက်ပြီ။ စိုပြေ အားကျခဲ့ရတဲ့ စပယ်ယာတွေတောင် ဘဝပျက်ကုန်တာ...။ 

စိုပြေ့ ရည်မှန်းချက်လေးတော့ သွားပြီ။ အဲ့တော့ မြန်မာပြည်က ထွက်တော့မယ်။ စပယ်ယာတွေရှိတဲ့ နိုင်ငံကိုပဲ သွားတော့မယ်။ 

စိုပြေ