News

POST TYPE

SATIRE

ရန်ကုန်ရောက် သရဲတစ်ကောင်၏ ဖွင့်ဟ ဝန်ခံချက်
21-Aug-2016 tagged as

ကျုပ်လား ... ကျုပ်က သရဲလေဗျာ ... သရဲတောင်မှ ရိုးရိုးသရဲ မဟုတ်ဘူးဗျ ... စီနီယာ သရဲ ... ကျုပ်တို့ လောကမှာကလည်း ခင်ဗျားတို့ လူတွေဆီက အလုပ်တွေလို စီနီယာ ဂျူနီယာ ရှိသဗျ ...။

ကျုပ် နှစ်ပေါင်း များစွာ ကျက်စားခဲ့တာကတော့ မြန်မာ့ဘုရင်ရဲ့ နောက်ဆုံး နေပြည်တော် မန္တလေးမြို့က ကြာနီကန် သင်္ချိုင်းပေါ့ဗျာ ...။

အခုတော့ အဲ့သင်္ချိုင်းမှာ မနေရဲတော့လို့ ရန်ကုန်ကို ထရန်စဖာ တင်ပြီး ပြောင်းလာတာဗျို့ ...။

တစ်ရွာမပြောင်း သရဲကောင်းမဖြစ် ဆိုရိုးစကား ရှိသကိုး ...။ ခက်တာက ရန်ကုန်ရောက်မှ သေချင်တဲ့ သရဲ ... ရန်ကုန်ပြောင်း ဆိုသလို လာကြုံရတယ်ဗျာ ...။

မန္တလေးက ပြောင်းလာရတာကလည်း ကျုပ်တို့ လောကမှာက သရဲဦးရေ ပေါက်ကွဲမှုတွေက ရှိနေတော့ နေရာထိုင်ခင်းက ကျပ်သဗျ။

အထူးသဖြင့် ပေါက်ဖော် သင်္ချိုင်းတွေက အရမ်း များလာတော့ တရုတ်စာကပ် သရဲတွေက အပုံပဲဗျို့။ ကျုပ်တို့မှာ နေရာကကျဉ်း လူကလည်း ကျပ်တော့ ဘာသင်္ချိုင်း ညာသင်္ချိုင်းရယ် ခွဲမနေတော့ဘူး။ ဘာသာရေး၊ လူမျိုးရေးလည်း ခွဲမနေတော့ဘူး။ နီးစပ်ရာ သင်္ချိုင်းနား ကပ်နေပြန်တော့ ပြဿနာက ဖြစ်ရော။

အဲ့ဒီမှာ ကွိစိကွစ ဘူးသီးငါးပေါင်းကြော် သရဲတွေက ကျုပ်တို့ ပြည်တွင်းဖြစ် မိတ်အင်ဘားမားစစ်စစ် သရဲတွေကို ကျူးကျော်ဆိုပြီး နှင်ထုတ်တယ်ဗျာ။

ဘယ့်နှယ် အကုန်လုံး လူ့ဘဝက စောက်ကျင့် မကောင်းလို့ သရဲ လာဖြစ်ပါတယ် ဆိုနေမှ ဘာသာစွဲ လူမျိုးစွဲ ထားနေရင် ဟာသကြီး ဖြစ်လို့။

မတတ်နိုင်ဘူးလေ။ သူတို့ အင်အားက ကျုပ်တို့ လူမျိုးထက် ပိုများနေတော့ ကျုပ်မှာလည်း မန္တလေးမြို့က ထွက်ခွာခဲ့ရသပေါ့။

ကဲပါ ထားတော့။

ကျွန်တော် ပြောချင်တာက ခင်ဗျားတို့ ရန်ကုန်မြို့အကြောင်း။

ကျုပ် ရန်ကုန်ကို ခြေချချချင်း အနေချောင်မဲ့ နေရာ လိုက်ရှာသဗျ ...။ သရဲဆိုတာလည်း ညမှ ထွက်ရတာကိုး ...။ ည ၉ နာရီလောက် ရန်ကုန်မြို့ နာမည်ကြီး သင်္ချိုင်း ရေဝေးကို ရောက်သွားသဗျ ...။

အောင်မယ် ခမ်းနားလိုက်တာဗျ ... မီးခိုးခေါင်းတိုင်ကြီးတွေနဲ့ အဆောက်အအုံ အခန်းတွေကလည်း အများကြီး ...။ ခက်တာက ည ၉ နာရီကျော်အထိ ခင်ဗျားတို့ ရေဝေးကလည်း လူမပြတ်သေးဘဲကိုးဗျ။ လူတွေက ရုံးစုရုံးစုနဲ့ သင်္ချိုင်းကုန်းနဲ့တောင် မတူဘူး။ သင်္ချိုင်း ရှေ့မှာလည်း အရက်ဆိုင်လေးတွေ တန်းစီလို့။ 

ဒီနေရာတော့ ငါ ခြောက်လည်း ကြောက်မယ့်ဟန် မတူဘူးဆိုပြီး ကျုပ်မှာ ပြန်လစ်ခဲ့ရတယ်။

အောင်မယ် ... ဒါနဲ့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံ နားမှာများဆို သရဲခြောက်စားလို့ အဆင်ပြေမလား ဆိုပြီး သွားလိုက်ပါတယ်။

စတွေ့တာပဲဗျို့။

ဆေးရုံကြီး ရင်ခွဲရုံဆိုတာ မှောင်ကုပ်ကုပ် မီးရောင် ဖျော့ဖျော့ အဆောက်အအုံမျိုး ဖြစ်ရမှာ မဟုတ်လား။

ဘယ်ဟုတ်လိမ့်မတုံးဗျာ ... ခင်ဗျားတို့ လူတွေ ပြောနေတဲ့ နေပြည်တော်ဆိုတာကြီးလို မီးတွေမှ ထိန်လင်းနေတာပဲ။

အို မီးထိန်လင်းလဲ ဘာဖြစ်လဲ... လင်းလင်း ထင်းထင်း သရဲခြောက်စားလို့ ရတာပေါ့ဆိုပြီး ရင်ခွဲရုံနား အသာကပ်လျက် နေမိတာ။

ဟော့ လာပါပြီ တကျွီကျွီ တွန်းလှည်းနဲ့ မသာ တစ်လောင်း ...။ မသာ အလောင်းဘေးမှာ မသာရှင်တွေက မျက်လုံးလေး ပေကလပ် ပေကလပ် ပါလာသဗျ။

လှည်း တွန်းလာတာကတော့ ဆံပင် ကောက်ကောက်နဲ့ ကုလား တစ်ယောက်ဗျ။ ရင်ခွဲရုံရှေ့ရောက်တော့ ဘယ်က ဘယ်လို ပေါ်လာမှန်း မသိတဲ့ လူ နှစ်ယောက် ထွက်လာကြတယ်။

လှည်း တွန်းလာတဲ့လူနဲ့ အဲ့ဒီလူ နှစ်ယောက်က မသာရှင်တွေနဲ့ စကားပြောတယ်။ ပိုက်ဆံ တောင်းတာဗျ ... ငွေကြေး ကိန်းဂဏန်း တစ်ခုပဲ။

“ပြန်သယ်သွားချင်ရင်တော့ ဒီကြေးပဲ ... ဒီည အပြီး ရင်ခွဲပေးရမှာ ... အလုပ်ရှုပ်တယ် ... မတတ်နိုင်ရင်တော့ ... ဒီတိုင်းသာ ထားခဲ့ ... နောက်နေ့မှ ခင်ဗျားတို့ လာခဲ့တော့”

မသာရှင် နှစ်ယောက်မှာလည်း သူတို့ အိတ်ကပ်ကိုကြည့်လိုက် စောင်နဲ့ထုပ်ထားတဲ့ မသာကို ကြည့်လိုက် ... ရင်ခွဲပေးမယ့် လူ နှစ်ယောက်ကို ကြည့်လိုက်နဲ့ ... နောက်ဆုံး သူတို့ အိတ်ကပ်ထဲက ပိုက်ဆံတွေကို ကုလားတို့ အိတ်ကပ်ထဲ ရောက်ကုန်တော့တယ်။

ဒီတော့မှ တွန်းလှည်းပေါ်က ဆန့်ဆန့်ကြီးနဲ့ ခံ့ခံ့ကြီးခမျာ ရင်ခွဲရုံထဲ တွန်းသွင်းခံရသဗျာ..။

သြော် ခင်ဗျားတို့ လူတွေများ ... မွေးစကနေ သေတဲ့အထိ လာဘ်ပေး လာဘ်ယူတွေနဲ့ ညှိနှိုင်း နေရသကိုးဗျ ... ခက်တယ်။

ဟော့ဗျာ ... နောက်ထပ် တစ်လောင်းပြီး တစ်လောင်း ထပ်လာသဗျ။ ရင်ခွဲမယ့် ဆရာသမားတွေနဲ့ မသာရှင် မိသားစုတွေ ညှိကြ နှိုင်းကြ ... ငွေ စကား ပြောကြနဲ့ ကျုပ်ဖြင့် ငါ ရောက်နေတာ ရင်ခွဲရုံလား ... ပွဲစားတန်းလားလို့တောင် မကွဲပြားတော့ဘူး။

တော်ပါပြီဗျာ ဒီနေရာမျိုး သရဲခြောက်စားလို့ကတော့ ကိုယ့်ဆီကပါ ငွေညှစ် ခံနေရမယ်။

ကဲ ... ဒီတော့ ရန်ကုန်မြို့ထဲ လူပြတ်တဲ့လမ်း တစ်ခုခုမှာပဲ အခြေချပြီး ခြောက်တော့မယ်ဆိုပြီး ကျုပ်လည်း လမ်းပေါ်ထွက်ခဲ့သဗျ။

ခင်ဗျားတို့ ရန်ကုန်ကလည်းဗျာ ည ၁၂ နာရီနီးပါး ရှိတာတောင် ကားတွေက တဝီဝီရယ်ဗျ။

တစ်နေရာ ရောက်တော့ အမျိုးသမီး နှစ်ယောက် မတ်တတ်ရပ်နေတာ တွေ့တာနဲ့ ငါတော့ ဈေးဦးပေါက် ခြောက်ရပြီဆိုပြီး ဝမ်းသားအားရ သွားလိုက်တာ။

အားပါး ... ကျုပ်မှာ အံ့သြလွန်းလို့ဗျို့။

လူတွေကသာ မိန်းကလေး၊ စကားပြောတော့ ယောက်ျားသံကြီးတွေနဲ့

ဘယ့်နှယ်ပါလိမ့် ... သရဲလုပ်လာတဲ့ သက်တမ်း တစ်လျှောက် အနားကပ်ရင် ဆွဲစားမယ်ဆိုတဲ့ ယောက်ျားသံနဲ့ မိန်းမတွေ အခုမှ မြင်ဖူးတယ်။

အနားကပ်သမျှ ဆွဲစားမယ်ဆိုတော့ ဒါ သရဲ ထက်မြင့်တဲ့ ဘီလူးဆိုတာတွေ ဖြစ်မယ်ဆိုပြီး ကျုပ်ဖြင့် ဝေးဝေးက ပြေးခဲ့ရသဗျာ။

ဒါနဲ့ ရှေ့ဆက်လျှောက်လာတော့ အောင်မယ် လူငယ်လေး သုံးယောက်ဗျ၊ ပလက်ဖောင်း အလယ်မှာ ငုတ်တုတ်ထိုင်ပြီး ခေါင်းတွေကလည်း အောက်ကို သဲကြီးမဲကြီး ငုံ့ကြည့်နေကြသဗျ။

ဒီတစ်ခါတာ့ တကယ် ခြောက်ရပြီဟ ဆိုပြီး အပုပ်နံ့ ပေးလိုက်ပါတယ် ... အောင်မယ် သူတို့က အပုပ်နံ့ကို ဘာမှ မဖြစ်သလိုပဲဗျ။

“ဟေ့ကောင် ငါပိုကီမွန် တစ်ကောင် ဖမ်းမိနေပြီ”

“အေးကွာ တစ်မြို့လုံးကလူတွေ ပိုကီမွန်ထွက် ဖမ်းကုန်တော့ ဒီလို အချိန်လေး လူရှင်းတုန်းပဲ ဆော့ရတာ အဆင်ပြေတယ်”

“အရေးထဲ ဘယ်ခွေးလွင်ခွေးလွင့်လာသေပြီး ပုပ်နေလဲ မသိဘူး နံတာကွာ”

“ဟိတ်ကောင် ... လာလာ … ဟိုဘက်မှာ အကောင်တွေ ပိုများတယ် ပြောတယ်”

ဒီငနဲတွေရှေ့မှာ အကောင်အထည်ကြီး သွားပြလည်း သူတို့ ပြောနေတဲ့ ပိုကီမွန်လား ဘာလား အဲဒါတွေလောက် စိတ်မဝင်စားလို့ ကျုပ်ကို မော့ကြည့်တာတောင် မဟုတ်ဘူး။

ခက်သဗျာ ... ရန်ကုန်မှာ သရဲဖြစ်ရတာ တော်တော် မျက်နှာငယ်တာပဲ။

ဒါနဲ့ စိတ်ပေါက်ပေါက်နဲ့ ဆက်လျှောက်လာလိုက်တာ ဟော့ဗျာ ... ရှေ့မှာလည်း လက်ဖက်ရည်ဆိုင်တွေ၊ ကွမ်းယာဆိုင်တွေနဲ့ အမှိုက်ပုံနား ကားရပ်ပြီး သီချင်း တကြော်ကြော်နဲ့ အမှိုက်တင်နေတဲ့ လူတွေနဲ့။

စိတ်ညစ်တယ်ဗျာ ... ခင်ဗျားတို့ ရန်ကုန်ကလူတွေ ညရော အိပ်ကြရဲ့လား။

ဒါမှမဟုတ် ကျုပ်ပဲ သရဲစံတော်ချိန် မှားထွက်လာတာလား ... ဒီလောက် လူတွေ များနေတာ ကျုပ်မှာ ဘယ်လို ခြောက်ရမလဲ။

ကဲ ... ကားလမ်းက လူများတာ ထားတော့ ရထား သံလမ်းဆိုရင်တော့ ငါခြောက်လို့ အဆင်ပြေတယ်ဆိုပြီး ရထားသံလမ်းဘက် ထွက်လာသဗျ။

ကမာရွတ် ဘူတာဆိုတဲ့ မီးမှိန်မှိန် ဘူတာလေးထဲကနေ သံလမ်းအတိုင်း တွေ့တဲ့သူ ခြောက်မဟဲ့ဆိုပြီး သွားတော့မှ ဒုက္ခ ရောက်တော့တာပဲဗျာ။

မရိုသေ့ စကားဗျာ...

သံလမ်းကို ခေါင်းအုံး ... မြေကမ္ဗလာကို မွေ့ရာအမှတ်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ငေးရင်း ချစ်ရည်လူးနေတဲ့ ခင်ဗျားတို့ လူ စုံတွဲတွေလေ။

အောင်မလေးဗျာ ... ညကြီး အချိန်မတော် ရထားသံလမ်းကို တည်းခိုခန်းများ မှတ်နေလား မသိဘူး။ ကျုပ်ဖြင့် အံ့သြမိသဗျ။

အဲ့ဒီအတွဲကို ကျော်လာတော့ ရထားသံလမ်းဘေးမှာ လူငယ် အုပ်စုလိုက်ကြီး အရက် ထိုင်သောက် နေသဗျ။ ဒါလည်း ခြောက်လို့ မဖြစ်သေးဘူးဆိုပြီး ဆက်လာလိုက်တာ ဟာ ... ရှေ့မှာ လူတစ်ယောက်တည်း သံလမ်းပေါ် ကုန်းကုန်းကွကွနဲ့ ငါတော့ ခြောက်ပြီဆိုပြီး ဝမ်းသာအားရ အနား ကပ်သွားတာ။

ထွီ ... သံလမ်းပေါ် ချေးတက်ပါနေတယ်ဗျာ။ ရွံတာ ကျုပ်ကလည်း လူဘဝကတည်းက အသန့်အပြန့် ကြိုက်တဲ့သရဲ ... ဒီလိုမျိုးဆို ရွံတယ်ဗျ။

ဒီငနဲကို ကျော်ပြီး ရထားလမ်းအတိုင်း လျှောက်လာလိုက်ခါမှ ပိုစိတ်ညစ်ရသဗျို့။ သံလမ်းပေါ်မှာ ပုံစံ အမျိုးမျိုးနဲ့ ချေးပုံတွေဗျာ။ ခင်ဗျားတို့ လူတွေ တော်တော် ညစ်ပတ်တာပဲဗျ။ ကျုပ်မှာ သရဲတန်မဲ့ ရှောင်ကွင်း သွားလိုက်ရတာ။

ဟိုရှေးက မီးမှိတ်တုတ် ဘူတာလေးမှာတော့ အသံ နည်းနည်းကြားလို့ ခြောက်မဟေ့ဆိုပြီး သွားတာ မိန်းမတစ်ယောက်နဲ့ ယောက်ျား သုံးယောက်ဗျ။ ဘယ်လို ခြောက်ရမလဲ စဉ်းစားနေတုန်း မိန်းမဆီက အော်ဟစ်ဆဲသံတွေ ကြားရသဗျို့။

“နင်တို့ ခေါ်တုန်းက နှစ်ယောက်တည်းဆို ... အခု သုံးယောက်တောင် ... ငါ့ ငါးထောင် ထပ်ပေး ... မပေးလို့ကတော့ သူတောင်းစားတွေ ရပ်ကွက်ထဲအထိ စောက်ရှက်လိုက်ခွဲပြစ်မယ်... xာေxာင်း … သူတောင်းစား”

အာဗျာ စုံလို့ပါပဲ။ ကျုပ် သရဲ သွားခြောက်ရင်တောင် မအဝှာက ထဘီနဲ့အုပ်ပြီး နပန်းလုံးမယ့် သဘောဗျ။

တောက် ... ဟိုးမှာ မိုးတောင်လင်းပြီဗျာ ...

ဒီဘူတာကပဲ မန္တလေးရထား စောင့်ပြီး မန္တလေး ပြန်လိုက်သွားတော့မယ်။

ခင်ဗျားတို့ ရန်ကုန်မှာ သရဲ ခြောက်စားရတာ တယ်မျက်နှာ ငယ်ရသကိုးဗျ။

လူတွေကိုယ်တိုင် ညမအိပ်တဲ့ သရဲတွေ ဖြစ်နေကြမှပဲ ကျုပ်တို့အတွက် ဘယ်နေရာ ရှိမလဲဗျာ။

တော်ပြီ ... တော်ပြီ ... ကြာနီကန်မှာပဲ ကျပ်ကျပ် သိပ်သိပ် ပြန်နေတော့မယ်ဗျာ။

တကယ် ... ခင်ဗျားတို့ ရန်ကုန်ကို စိတ်နာတယ်။

ဗြိတိသျှကိုကိုမောင်

  • VIA
  • TAGS