News

POST TYPE

RELAX

HOME မှ ဒေါက်တာသိန်းသန်းဝင်းနှင့် တွေ့ဆုံခြင်း

မြန်မာအစိုးရက အိမ်အကူ တရားဝင် စေလွှတ်ခွင့် မပြုထားသော်လည်း စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အကူ လေးသောင်းကျော် ရှိနေသည်။ စင်ကာပူနိုင်ငံရောက် မြန်မာအိမ်အကူများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့် စင်ကာပူနိုင်ငံ အခြေစိုက် Humanitarian Organization for Migration Economics (HOME) တွင် ၂၀၁၆ ခုနှစ်အထိ ဒါရိုက်တာအဖြစ် လေးနှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သူ ဒေါက်တာသိန်းသန်းဝင်းနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice - မြန်မာအစိုးရက အိမ်အကူကို တရားဝင်သွားခွင့် မပြုဘူး။ ဒါပေမဲ့ စင်ကာပူမှာ အိမ်အကူ သွားလုပ်ဖို့ အုံနဲ့ကျင်းနဲ့ သွားနေကြတာပဲ။ တရားဝင် ခွင့်ပြုချက်နဲ့ လာတာမဟုတ်တဲ့အတွက် ကာကွယ်စောင့်ရှောက်မှု၊ အခွင့်အရေးပိုင်းမှာ ဘယ်လိုရှိလဲ။ မြန်မာအစိုးရက တရားဝင် ကာကွယ်ပေးတာ မရှိတော့ တခြားနိုင်ငံကလာတဲ့ လူတွေလိုမျိုး အခွင့်အရေးတွေ ရကြရဲ့လား။

Dr. TTW - တရားဝင်သွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ စင်ကာပူ ဥပဒေအရ ခွင့်ပြုထားတဲ့ အကျိုးခံစားခွင့်တွေ၊ အကာအကွယ်တွေရတယ်။ အခွင့်အရေးကတော့ အတူတူရကြတယ်။ ဖိလစ်ပိုင်ကလာတာ ဖြစ်စေ၊ အင်ဒိုနီးရှားကလာတာ ဖြစ်စေ၊ မြန်မာနိုင်ငံဘက်ကလာတာ ဖြစ်ပါစေ၊ တရားဝင် ဟိုဘက်က အစိုးရ ခွင့်ပြုချက်နဲ့ လာတာဖြစ်ပါစေ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်ပြီးတော့ စင်ကာပူမှာ လာအလုပ်လုပ်သည် ဖြစ်ပါစေ အခွင့်အရေး၊ ရပိုင်ခွင့်တွေ၊ အကာအကွယ်တွေ သူတို့ရဲ့ ဥပဒေပါအတိုင်း တစ်ပြေးညီရတယ်။ တစ်ခုရှိတာက အိမ်အကူတွေရဲ့ အရည်အသွေးပိုင်းပေါ့နော်။ ဘာသာစကား အရည်အသွေးပိုင်း ရှိတယ်။ အင်္ဂလိပ်စကား ဘယ်လောက်ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်လဲ။ နောက်တော့ အိမ်အလုပ်ကို ဘယ်လောက်ကောင်းကောင်းမွန်မွန် လုပ်နိုင်လဲပေါ့နော်။ အတွေ့အကြုံ မရှိသေးတဲ့ ကျေးရွာက မိန်းကလေးတွေကျတော့ စင်ကာပူနိုင်ငံမှာသုံးတဲ့ အိမ်သုံးပစ္စည်းများကို အကျွမ်းတဝင် မရှိဘူး။ စစချင်းကျတော့ အိမ်ရှင်က အသစ်တွေကို သဘောမကျဘူးပေါ့။ ဒီဘက်က ပို့လိုက်တဲ့ အေးဂျင့်တွေကလည်း သေသေချာချာ ပြင်ဆင်မပေးလိုက်ဘူး။ ရောက်ခါစ သုံးလ၊ ခြောက်လ၊ တစ်နှစ်မှာ အခက်အခဲတွေ့တယ်။ ဘာသာစကားလည်း ကောင်းကောင်းမပြောတတ်ဘူး။ အိမ်အလုပ်ကိုလည်း ကောင်းကောင်းမလုပ်တတ်ဘူး။ အိမ်ရှင်လိုချင်တာ မသိဘူး။ တစ်ခါတလေ ရိုက်မောင်းပုတ်မောင်းခံရတာ ရှိတယ်။ အဲဒီတော့ တစ်ချက်က ဘာသာစကားရယ်၊ နောက်တစ်ချက်က အိမ်အလုပ် သေသေချာချာ သင်ကြားမပေးလိုက်တဲ့ အခါကျတော့ အခက်အခဲ နည်းနည်းတွေ့တာပေါ့။ အဲဒီအဆင့်ကို ကျော်သွားမယ်ဆိုရင် နောက်ပိုင်း အဆင်ပြေတာ များတယ်။ အရင်ကျွန်တော်လုပ်ခဲ့တဲ့ Home အဖွဲ့က အိမ်အကူ ၆၀၀ ကျော်ကို စစ်တမ်းကောက်တာပေါ့နော်။ လုပ်ရကိုင်ရတာ၊ လစာဘယ်လောက်ရလဲ၊ အေးဂျင့်ကြေး ဘယ်လောက်ပေးရလဲ၊ မြန်မာရော ဖိလစ်ပိုင်ရော အင်ဒိုနီးရှားရော ပါတယ်။ တွေ့ရှိချက်တစ်ခုက ဖိလစ်ပိုင်က လစာအများဆုံး ရတယ်။ ပြီးရင် အင်ဒိုနီးရှားရတယ်။ မြန်မာက အနည်းဆုံးပဲ။ စင်ကာပူအစိုးရက သတ်မှတ်ထားတယ်။ တစ်ပတ်ကို တစ်ရက် နားရက်ပေးရမယ်။ အိမ်ရှင်နဲ့ အိမ်အကူနဲ့ညှိပြီး အလုပ်ခိုင်းတဲ့ နားရက် တစ်ရက်ကို ထပ်ပေါင်းပေးရမယ်လို့ သတ်မှတ်ထားတယ်။ အိမ်အကူ ရသင့်ရထိုက်တာတွေကို ဘာတွေရမယ် အခွင့်အရေးတွေကို စင်ကာပူရောက်ရင် သင်ပေးလိုက်တယ်။ ဒါပေမဲ့ တချို့အိမ်ရှင်က ညစ်ပြီးတော့ ခိုင်းတာမျိုးတွေ ရှိတယ်။ အိမ်အကူက သိပေမယ့် ဘာသာစကား အခက်အခဲ ရှိတော့ ပြန်မပြောနိုင်ဘူး။ မြန်မာအိမ်အကူတွေက အခွင့်အရေး ချိုးဖောက်ခံရတယ်။ အဲဒီတော့ ဥပဒေ ရှိသော်လည်း အိမ်အကူအလုပ် ဆိုတာ အိမ်ထဲမှာ နေရတာလေ။ အများဆုံး အိမ်ရှင်နဲ့ပဲ တွေ့ရတာ။ တစ်ခါတလေ အမှိုက်ထွက်ပစ်မှ အနီးအနားကလူကို တေ့ရမယ်၊ တစ်ခါတလေ အနီးအနားကို ဈေးသွားရတယ်။ အိမ်ထဲမှာပဲနေတဲ့ အခါကျတော့ သူမှာ အပြင်လူတွေနဲ့ ပြောနိုင်ဆိုနိုင် ဆက်သွယ်နိုင်တဲ့ အနေအထား သိပ်မရှိဘူး။ အဲဒီတော့ သူ့အခက်အခဲရှိတယ်၊ ပြောဆိုချင်တယ်ဆိုရင် သိပ်မလွယ်ဘူးပေါ့။ တချို့က ဆိုးတဲ့အိမ်ရှင်တွေ မတရားလုပ်ထားတဲ့ အိမ်ရှင်ဆို အမှိုက်တောင် ပေးမပစ်ဘူး။ ဖုန်းသိမ်းထားတယ်။ အခက်အခဲရှိလည်း အကူညီတောင်းဖို့ခက်တယ်။

Voice - အဲဒီလို အခက်အခဲဖြစ်ရင် ဖိလစ်ပိုင်တွေဆို လွှတ်လိုက်တဲ့ အေဂျင်ဆီ စောဒကတက်လို့ ရတာပေါ့နော်။ ဒီမှာကျတော့ ကြုံရာပွဲစားတဲ့ လုပ်ရတဲ့ အခါကျတော့ ကွာဟမှု ရှိနိုင်လား။

Dr. TTW - အခုဘယ်လိုရှိလဲ ဆိုတော့ ဒီဘက်က တရားမဝင် လွှတ်လိုက်သော်လည်း ဟိုဘက်က တရားဝင် အေးဂျင့်နဲ့ပဲ ချိတ်ပေးပိုင်ခွင့် ရှိတယ်။ အဲဒီတော့ တစ်ခုခုဖြစ်ရင် အေးဂျင့်ဆီကို ဖုန်းဆက်ပြီးတော့ အကူညီတောင်းလို့ရတယ်။ သူအကူအညီတောင်းတာကို အများစုက နှစ်သိမ့်ပေးတာ များတယ်။ ကောင်းတဲ့အေးဂျင့်က အိမ်ရှင်ကို ပြောပေးတယ်။ သိပ်ဆိုးတဲ့ အိမ်ရှင်ဆို အိမ်ပြောင်းတာရှိတယ်။ ပြောင်းရင် အေးဂျင့်က နှစ်လစာလောက် ဖြတ်တယ်။ စင်ကာပူမှာ အိမ်ရှင်က မျှော်မှန်းချက်က တော်တော်လေးများတယ်။ တစ်နေ့စာ စာရွက်မှာ ချရေးပြီးတော့ လုံးဝထိုင်မနေရလောက်အောင်ကို ခိုင်းသွားတယ်ပေါ့နော်။

Voice - မြန်မာတွေ အားနည်းချက်ပေါ့နော် ဘာသာစကားစတဲ့ အားနည်းချက်ကို အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ပေါ့နော် ဘယ်လိုပုံစံတွေရှိလဲ။ 

Dr. TTW - တစ်ခါတလေကျတော့ ပိတ်ရက်ကို တစ်ပတ်တစ်ရက် ပေးရမယ်ပေါ့နော်။ အဲဒါစည်းမျဉ်းဥပဒေထဲမှာ ရှိတယ်။ အဲဒါကို မသိချင်ယောင်ဆောင်တာမျိုးတွေ ရှိတယ်။ တချို့အိမ်ရှင်တွေ နည်းနည်းညစ်ပတ်သူတွေ။ အိပ်ချိန်ကို လုံလောက်အောင် ပေးရမယ်လို့ ပြောထားတယ်။ မနက် ၅ နာရီလောက် ထခိုင်းပြီး ည ၁၁ နာရီ ၁၂ နာရီလောက်အထိ အလုပ်လုပ်ခိုင်းတာတွေ ရှိတယ်။ အစားကျွေးရင် အနည်းဆုံး အသားပါရမယ်။ ကျွေးတဲ့အထဲမှာ အရွက်ပါရမယ်။ ထမင်းပါမယ်။ ပေါင်မုန့်ပါအောင် ကျွေးရမယ်။ ရေးထားသော်လည်း တချို့အိမ်ရှင်တွေက တစ်နေ့လုံးနေမှ ပေါင်မုန့်တစ်ချပ်၊ နှစ်ချပ်ကျွေးတယ်။ ခေါက်ဆွဲခြောက် တစ်ထုပ်ပဲ ကျွေးတယ်။ အဲဒါမျိုးရှိတယ်။

Voice - အိမ်တွင်းအကြမ်းဖက်ခံရတာမျိုး ရှိလား။

Dr. TTW - ရှိတယ်။ အဲဒါတွေက နဂိုတုန်းကလည်း ဖြစ်ခဲ့ဖူးတာရှိတယ်။ ရိုက်တယ်၊ နှက်တယ်။ ပါးရိုက်တယ်။ အရင်က ဖြစ်ဖူးတာတော့ တော်တော်ဆိုးဆိုးရွားရွား ဖြစ်စဉ်တွေပေါ့နော်။ ရေနွေးပူနဲ့ လောင်းတာပေါ့နော်။ ထီးနဲ့ရိုက်တယ်၊ ဇွန်းနဲ့ခေါက်တယ်။ အဲဒါမျိုးတွေ ရှိတယ်။ တစ်ခါတလေကျတော့လည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ ရှိတယ်။ ဒါတော့ မြန်မာတွေမှ မဟုတ်ဘူး၊ ဖိလစ်ပိုင်တွေ၊ အင်ဒိုနီးရှားတွေလည်း ခံရတာမျိုးတွေ ရှိတယ်။

Voice - အခုရက်ပိုင်း ဒီတလော ဖြစ်သွားတာတွေ မြန်မာအိမ်အကူတစ်ယောက် တိုက်ပေါ်က ခုန်ဆင်းပြီး သတ်သေတယ်။ အရင်လည်း ကြားရသလောက် တချို့တိုက်ပေါ်က ခုန်းဆင်းထွက်ပြေးတာတို့ ရှိတယ်ပေါ့လေ။ ဒီလိုမျိုးကိစ္စတွေက ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်လဲ။

Dr. TTW - အခုက ဘယ်လိုဖြစ်လဲဆိုတော့ စင်ကာပူမှာက အလုပ်လာလုပ်မယ်ဆိုရင် အသက်က ၂၃ နှစ် ကန့်သတ်ချက် ရှိတယ်။ အခုခုန်ချသွားတဲ့ ကောင်မလေးဆိုရင် အသက်က ၂၁ နှစ်ပဲ ရှိသေးတယ်။ မှတ်ပုံတင်မှာတော့ ၂၅ အသက်ကို လိမ်လိုက်တာပေါ့နော်။ ဟိုဘက်က အသက်ကန့်သတ်ချက်ကို ပြည့်မီအောင် လုပ်လိုက်တာ။ အသက်ငယ်ရင် စိတ်ဖိစီးမှုကို ခံနိုင်ရည် နည်းပါတယ်။ အထူးသဖြင့် ဒီလိုမျိုး ဆင်းရဲတဲ့ တောရွာက တက်လာတဲ့ မိန်းကလေးတွေ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အိမ်နီးနားချင်းလောက်က လွဲပြီးတော့ လောကနဲ့ သိပ်ပြီးတော့ မဆက်ဆံဖူးတဲ့ မိန်းကလေးငယ်တွေ မှာကျတော့ တကယ်တမ်း စိတ်ဖိစီးမှု ရလာတဲ့ အခါကျတော့ အိမ်ရှင်ကလည်းပဲ ဆူတယ်ပြောတယ် ဆိုတဲ့အခါကျတော့၊ တစ်ဖက်ကလည်း အလုပ်လည်း အရမ်းလုပ်ရတယ်၊ အစားလည်း ဝအောင်မစားရဘူး၊ အိပ်ရေးတွေ ဘာတွေလည်း ပျက်တယ်ဆိုတဲ့ အခါမျိုးကြတော့ ဒီဒဏ်တွေကို မခံနိုင်တဲ့ အခါမျိုးမှာကျတော့ လုပ်မိလုပ်တတ်ရာ ရှိပါတယ်။ အထူးသဖြင့် အသက်ငယ်တာလည်း တစ်ပိုင်း၊ နောက်တစ်ချက်က ဟိုဘက်မှာ ကြုံတွေ့ရတဲ့ အခြေအနေတွေကို ဒီဘက်ကနေ သေသေချာချာ နားလည်အောင်၊ ခံနိုင်ရည်ရှိအောင် သေချာသင်မပေးလိုက်ဘူး။ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို ဟိုဘက်ကို လွှတ်တာဟာကလည်း တော်တော်ပြဿနာကြီးတယ်။ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေမှာ ကိုယ်ထိလက်ရောက် အရိုက်ခံရတာရှိတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံရတာ များတယ်။

Voice - ကိုယ့်ကိုယ်ကိုယ် သတ်သေတာ အသက်ငယ်တဲ့သူတွေ ပိုများလား။

Dr. TTW - သတ်သေတာတော့ မဟုတ်ဘူး။ တချို့ကျတော့ အသက်ကြီးလည်း အိမ်ကပေးတဲ့ စိတ်ဖိစီးမှုကို လုံးဝမခံနိုင်တဲ့ အခါကျတော့ ပိုက်လုံးတွေမှာ တွယ်ဆင်းပြီးတော့ ထွက်ပြေးတာမျိုးတွေ လုပ်တယ်။ ပိုက်လုံးက ချောနေတဲ့အခါကျတော့ သုံးလေးထပ်ကနေ ပြုတ်ကျတာမျိုးတွေ ဖြစ်တယ်။ အောက်ပိုင်းတွေ ထိခိုက်တာမျိုးတွေ ဖြစ်တယ်။ အသက်ငယ်တဲ့သူတွေမှာ စိတ်ဖိစီးမှုကို ခံနိုင်ရည် မရှိဘူးပေါ့နော်။ အသက်ငယ်တဲ့လူထက် အသက်ကြီးတဲ့လူက ပိုခံနိုင်တာမျိုးပေါ့နော်။

Voice - အခုလို ဆိုးရွားတဲ့ ကိစ္စတွေ ထပ်မဖြစ်အောင် ဘယ်လိုလုပ်လို့ရလဲ။ မြန်မာအစိုးရ အနေနဲ့ ဘယ်လိုလုပ်သင့်လဲ။

Dr. TTW - အစိုးရအနေနဲ့တော့ ကျွန်တော်တို့ ဒီအိမ်အကူ ထွက်လုပ်တဲ့ နိုင်ငံတွေ ရှိတယ်ပေါ့နော်။ အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေး အခြေအနေအရ အိမ်အကူထွက်လုပ်ရတဲ့ နိုင်ငံတွေရှိတယ်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စတဲ့ အဲဒီနိုင်ငံတွေမှာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာ ဥပဒေပေါ့နော်။ နိုင်ငံခြားကို ထွက်လုပ်တဲ့ သူတွေနဲ့ ပတ်သက်ပြီး ဥပဒေကို သေချာပြင်ဆင်ထားပြီးတော့ပေါ့နော်။ သူတို့အလုပ်သမား သူ့နိုင်ငံသားတွေကို နိုင်ငံရပ်ခြားမှာ ဒီလိုမျိုး အနိုင်ကျင့်မခံရအောင်၊ ခေါင်းပုံဖြတ်မခံရအောင် ဥပဒေအရ ကာကွယ်ပေးဖို့ ရေးဆွဲထား ယ်။ ဖိလစ်ပိုင်မှာ POEA လို့ခေါ်တဲ့ အလုပ်သမားဌာနတစ်ခု သေချာလုပ်ထားတယ်။

Voice - အခုလိုဖြစ်ရပ်ဆိုး မဖြစ်အောင် ဘယ်လိုလုပ်သင့်လဲ။

Dr. TTW - ဖြစ်ရပ်ဆိုး မဖြစ်အောင်ဆိုရင် ခုနက ကျွန်တော်ပြောသလို သူများနိုင်ငံမှာ ဥပဒေသေချာ ရေးဆွဲတယ်၊ ပြဋ္ဌာန်းတယ်၊ အဲဒီဥပဒေ အတိအကျ လိုက်နာနိုင်အောင် နိုင်ငံခြားအလုပ်သမားများ ပို့ဆောင်ရေး အေဂျင်စီတွေကို ကြီးကြပ်တယ်။ စည်းကမ်းချိုးဖောက်ရင် အရေးယူတာတွေ ရှိတယ်။ အိမ်အကူကို သင်တန်းပေးရတာတွေ ရှိတယ်။ အင်္ဂလိပ်စာ သင်တန်းပေးရတာတွေကို တတ်အောင်သင်ပေးရတာတွေ ရှိတယ်။ နောက်တစ်ချက်က အဲဒီဥပဒေရေးပြီးတော့ အဲဒါတွေလုပ်ဖို့ ကြီးကြပ်ဖို့က ဌာနအကြီးကြီး လိုတယ်။ မြန်မာနိုင်ငံမှာက ပြည်ပထွက်ပြီး အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ခန့်မှန်းကျတော့ ငါးသန်းကနေ ဆယ်သန်းကြား ရှိတယ်။ ဒီအလုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ ကာကွယ်ရေးတွေကို အဆင်ပြေပြေဖြစ်လို့ အခွင့်အရေးတွေ ချိုးဖောက်မခံရဖို့ အတွက်ကတော့ အလုပ်သမား ဝန်ကြီးဌာနအောက်မှာ ဌာနကြီးအကြီးကြီး ဖွင့်ပြီးတော့ ဒါတွေကို စီမံဆောင်ရွက်ပေးရမှာက အစိုးရမှာ တာဝန်ရှိတယ်။ 

အပြင်ထွက်ပြီးတော့ အလုပ်လုပ်ကြတဲ့ သူတွေက မြန်မာနိုင်ငံကို ပြန်ပြီးတော့ ပိုက်ဆံပို့နေကြတာက နိုင်ငံရဲ့ ဝင်ငွေတစ်ခု အနေနဲ့ ရှိနေတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်တယ်။ စင်ကာပူအစိုးရက အိမ်အကူဆီက ၂ လစာ ပွဲစားခယူလို့ ရတယ်လို့ ပြဋ္ဌာန်းထားတယ်။ မြန်မာအများစုက အနည်းဆုံး လေးလ၊ ငါးလ၊ ခုနစ်လအထိ ပေးရတယ်။ အလုပ်ပြောင်းရင် နှစ်လစာ ထပ်ပေးရတယ်။ အဲဒီလို လက်တစ်လုံးခြား လုပ်နေတာကို စင်ကာပူနဲ့ မြန်မာအစိုးရ ပူးပေါင်းပြီး ထိထိရောက်ရောက်လုပ်ဖို့ လိုတယ်။ မဟုတ်ရင် အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံနေရမယ်။ မြန်မာအိမ်အကူတွေက အလုပ်အကြာကြီးလုပ်ပြီး အေဂျင့်တွေကို ကျွန်ခံပြီး လုပ်ပေးနေရသလို ဖြစ်နေမယ်။

Voice - မြန်မာအစိုးရ ၂၀၁၃ မှာ စင်ကာပူသို့ အိမ်အကူပို့ခွင့် ပြုခဲ့တယ်။ ဟောင်ကောင်သို့လည်း ပို့ခွင့်ပြုခဲ့တယ်။ ၂၀၁၄ နှစ်ကုန်ပိုင်းမှာတော့ ပြန်ပိတ်လိုက်တယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း သွားနေကြတော့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်သင့်လဲ။

Dr. TTW - အစိုးရက ပိတ်ထားပေမယ့် လေဆိပ်သွားကြည့်ရင် မိန်းကလေးတွေ အထုပ်လေးတွေ ပိုက်ပြီးတော့ စင်ကာပူ၊ မလေးရှား သွားနေကြတာ နေ့တိုင်းတွေ့နေတာပဲ။ အုပ်စုလိုက် သွားနေကြတာပဲ။ ရွှေ့ပြောင်းသွားလာတာက တားလို့ရတဲ့ ကိစ္စမှ မဟုတ်တာ။ တောက်လျှောက်တားခဲ့တာပဲ။ တားသော်လည်း စင်ကာပူမှာ ပြီးခဲ့ ၂ နှစ်ကျော်က သုံးသောင်းလောက် ရှိတယ်လို့ ခန့်မှန်းကြတာပဲ။  အခုဆိုရင် လေးသောင်းကျော် ငါးသောင်းကျော်လောက်တောင် ရှိနေနိုင်မယ်။ တားရင်လည်း နည်းလမ်းရှာပြီး ထွက်နေကြမှာပဲ။ ဒါကိုစဉ်းစားသင့်တာက ဥပဒေပြုပြီး ဒီလိုထွက်နေတဲ့ သူတွေကို အကာအကွယ်ပေးမလား။ ဒါမှမဟုတ် မသိကျိုးကျွံ ပြုနေမလား။ တစ်ဖက်ကတော့ သိက္ခာဆည်တဲ့ အနေနဲ့ အိမ်အကူ ပိတ်ထားတယ်လို့ ပြောလိုက်တယ်။ တစ်ဖက်မှာလည်း ထွက်နေတ သူတွေကို ကြီးကြပ်ဆောင်ရွက်မှု ဘာမှမရှိဘူး။ ကာကွယ်ပေးတာလည်း မရှိရင် ခံရတာ မြန်မာအလုပ်သမားတွေပဲ ဖြစ်နေမယ်။ တားသော်လည်း ထွက်နေမှာပဲ။ ဥပဒေ ပြဋ္ဌာန်းပြီးတော့ ထွက်တာကို ဥပဒေနဲ့အညီ သေသေချာချာ ကြီးကြပ်ပြီးတော့ အစိုးရဌာနတွေ သေချာဖွဲ့စည်းပြီးတော့ ကာကွယ်မလား အစိုးရ စဉ်းစားရမှာပါ။

Voice - အလုပ်သမား ဝန်ကြီးဌာနက တစ်ဖက်က တရားဝင် လွှတ်ချင်တယ်။ တစ်ဖက်က ကန့်ကွက်တဲ့အတွက် ကြားမှာ ဗျာများနေတယ်လို့ပြောတယ်။ အစ်ကိုအနေနဲ့ဆိုရင် ဘာလုပ်သင့်တယ်လို့ ထင်လဲ။ ဒါမှမဟုတ် တရားမဝင် ထွက်တာကို တားနိုင်မယ် ထင်လား။

Dr. TTW - အစိုးရက ခေတ်အဆက်ဆက် တားဆီးဖို့ ကြိုးစားခဲ့တယ်။ မတားနိုင်ခဲ့ဘူး ဆိုတာက စင်ကာပူမှာ ရောက်နေတဲ့ အိမ်ကူ လေးသောင်းကျော် ငါးသောင်းလောက်က သက်သေပြနေတယ်။ ထွက်ချင်တဲ့သူတွေက ယိုပေါက်ရှာပြီး ထွက်ကြမှာပဲ။ ဘယ်လိုပဲတားဆီးထားထား။ အခုက တားဖို့လွယ်တဲ့ ခေတ်မဟုတ်ဘူး။ စင်ကာပူဆိုရင် လေယာဉ်လက်မှတ်ဝယ်ပြီး လေယာဉ်ပေါ်တက်ခွင့် ရနေပြီ။

တစ်ဖက်ကကြည့်တော့ အိမ်အကူ တရားဝင်လည်း သွားခွင့်ပေးတယ်။ သင်တန်းတွေလည်း စနစ်တကျပေးတယ်။ ဌာနကြီးတွေ ဖွင့်ပြီးတော့ လုပ်ဆောင်ပေးတယ်ဆိုရင် အိမ်အကူလုပ်ငန်းကို အစိုးရက ကြီးကြပ်ဆောင်ရွက်တယ် ဆိုပြီးတော့ နိုင်ငံရေးအရ တချို့က မကြိုက်ကြဘူး။ အိမ်အကူ စေလွှတ်တဲ့နိုင်ငံ အိမ်အကူ စေလွှတ်တဲ့အစိုးရ ဆိုပြီး နိုင်ငံရေးအရ မကြိုက်တာလည်း ရှိတယ်။ အစိုးရဖြစ်တဲ့အတွက် ကောင်းတာပဲပြောပြော၊ ဆိုးတာပဲပြောပြော အကျိုးအပြစ်ကို ကြည့်ရမယ်။ အိမ်အကူ လုပ်ငန်းကို ပိတ်ထားပါတယ် ဆိုပြီးတော့ ဘာမှမလုပ်ဘဲ၊ အကာအကွယ်လည်း မပေးဘဲနဲ့ ပစ်ထားတာထက် စာရင်တော့ ကျွန်တော့် အမြင်အရတော့ ဥပဒေပြုပြီးတော့၊ သေသေချာချာ ကြီးကြပ်ကွပ်ကဲပြီးတော့ ကာကွယ်ပေးသင့်တယ်။

Voice - မြန်မာနိုင်ငံကသွားမယ့် အိမ်အကူတွေအတွက် ဘယ်လိုအကြံပေးချင်လဲ။

Dr. TTW - အသက်ပြည့်မှသွားပါ။ အသက်ငယ်တဲ့ အချိန်မှာ ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် မသွားသင့်ဘူး။ မြန်မာနိုင်ငံနဲ့ မတူဘူး။ စင်ကာပူက ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်တဲ့အမျှ သူတို့ရဲ့ လိုအပ်ချက်တွေ၊ လိုလားချက်တွေ အလုပ်လုပ်ပုံကစပြီး မြန်မာနိုင်ငံနဲ့ အများကြီးကွာတယ်။ မြန်မြန်လုပ်တယ် များများပြီးအောင် လုပ်စေချင်တယ်။ အရမ်းသန့်ရှင်းမှုကို ကြိုက်တယ်။ သူတို့ရဲ့ လိုအပ်ချက် မျှော်လင့်ချက်တွေက မြင့်တယ်။ မြန်မာပြည်မှာက အဲလောက်အခြေအနေ မရှိဘူး။ ကိုယ်ထင်ထားတာထက် ပိုပြီးအလုပ်လုပ်ရဖို့ များတယ်။ အဲဒါတွေကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော အဆင်သင့်ဖြစ်ရဲ့လား အရင်ဆုံးဖြတ်ရမယ်။ ကြုံလာနိုင်တဲ့ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေ၊ အလုပ်ပင်ပန်းမှုဒဏ်တွေကို တကယ်တမ်း ခံနိုင်မလား ကိုယ့်ဘာသာ အသေအချာ အဖြေရှာရမယ်။ ကြံ့ကြံ့ခံနိုင်မှ သွားသင့်တယ်။ မထွက်ခင်မှာလည်း အင်္ဂလိပ်စာ ထမင်းစား ရေသောက် အနည်းဆုံး နားလည်အောင် သေချာလေ့လာသင့်တယ်။ ဟိုမှာ ကံအကြောင်း မလှလို့ ပြဿနာတစ်ခု ဖြစ်ရင်လည်း ဘယ်ကိုအကူအညီတောင်းရမယ်။ ဘယ်ကိုသွားရမယ် ဆိုတာကို သိအောင် လုပ်ထားသင့်တယ်။ 

အောင်မြင့်ထွန်း