News

POST TYPE

RELAX

သရုပ်ဆောင်ဇင်ဝိုင်းနှင့် တွေ့ဆုံခြင်း
သင်္ကြန်မိုးရုပ်ရှင်ကားသည် မြန်မာလူထုကြားတွင် ရေပန်းစားခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိခဲ့ပေပြီ။ သင်္ကြန်မိုးဇာတ်ကားကို ဖန်တီးခဲ့သူ အကယ်ဒမီမောင်တင်ဦးလည်း ၂၀၁၅ ခုနှစ်က ကွယ်လွန်သွားခဲ့ပေပြီ။ မြန်မာရုပ်ရှင်ကားများတွင် နှစ်ပေါင်း ၃၀ နီးပါး စွဲထင်ကျန်ခဲ့အောင် အောင်မြင်ခဲ့သော သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်သော နောက်ခံ အကြောင်းအရာများနှင့် သင်္ကြန်မိုးရုပ်ရှင်ကား ထုတ်လုပ်သူ၏ စေတနာကိုလည်း အကယ်ဒမီ ၂ ဆုရှင် ကိုဇင်ဝိုင်းက ပြန်လည်ပြောပြထားသည်။ သင်္ကြန်မိုးဇာတ်ကားနှင့်အတူ သင်္ကြန်မိုးဇာတ်ကားတွင် ပါဝင်ခဲ့သော သင်္ကြန်သီချင်းများကလည်း ဒီနေ့အချိန်အထိ လူအတော်များများ၏ နှလုံးသည်းပွတ်တွင် စွဲထင်နေပေသည်။ မြန်မာ ရုပ်ရှင်သမိုင်းတွင် ရုပ်ရှင်အနုပညာ အရရော၊ ရုပ်ရှင်ဇာတ်ဝင်သီချင်းပါ အောင်မြင်သော ရုပ်ရှင်ကားကို ပြပါဆိုလျှင် သင်္ကြန်မိုးဇာတ်ကားကို ပြရပေမည်။ သင်္ကြန်မိုးဇာတ်ကားကို မစခင်ကတည်းက ပါဝင်ခဲ့သူ အကယ်ဒမီဇင်ဝိုင်းနှင့် မေးမြန်းခဲ့သည်များကို ဖော်ပြထားခြင်း ဖြစ်ပါသည်။

Voice : ၁၉၉၀ ကျော် ကာလလောက်က အစ်ကိုက မဂ္ဂဇင်းတွေမှာ ဖော်ပြပါရှိတဲ့ ဝတ္ထုတိုတွေကို စွဲစွဲလမ်းလမ်း လေ့လာဖတ်ရှုခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ အဲဒီတုန်းက ရသမြောက်တဲ့ ဝတ္ထုတိုတွေကို ဖတ်ခဲ့ရပုံနဲ့ စလိုက်ရအောင်ဗျ။

ZW : ကျွန်တော် ပထမဆုံး စဖတ်ဖြစ်တာကတော့ ကလေးသူငယ် စာပေပေါ့။ ဝတ္ထုရယ်လို့ စဖတ်ဖြစ်တာက မှတ်မှတ်ရရ ကျွန်တော် (၄) တန်းနှစ်မှာဗျ။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ‘သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်’ ဝတ္ထုကြီးကို စဖတ်ဖြစ်တာဗျ။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ငါ့စာဖတ်၍မမြတ်တိုင်စေ စတဲ့ စာအုပ်ရှေ့က ဆောင်ပုဒ်လေးရော နောက်ဝတ္ထုမှာ ပါတဲ့ အကြောင်းအရာတွေကို အလွတ်ရတဲ့အထိကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့တယ်။ ဒါ ကျွန်တော့်အသက်အရွယ်နဲ့ ဖတ်တယ်ဆိုတော့ တော်တော်လေး ထူးဆန်းတယ်ပေါ့ဗျာ။ ဒါပေမဲ့ အဲဒီဝတ္ထုကို ကျွန်တော်ကြိုက်သွားတယ်။ အထပ်ထပ်အခါခါ စွဲလမ်းနေမိတယ်။ အရင်တုန်းက ကျွန်တော်က တောထဲတောင်ထဲ နေရတာ။ စာအုပ်နည်းတယ်။ နောက်ပိုင်း မြို့ပေါ်မှာနေတော့ မဂ္ဂဇင်းတွေ ဖတ်တတ်လာတယ်။ မဂ္ဂဇင်းတွေဖတ်တော့ ဝတ္ထုဆိုတာကို ထိတွေ့လာရတယ်။ 

ထိတွေ့ရင်းက နေပြီးတော့မှ (ကျွန်တော့်ဘဝရဲ့ အလှည့်အပြောင်းလို့ ပြောရမှာပေါ့ဗျာ) ရှုမဝကို အသက် ၁၆ နှစ်သားလောက်မှာ ရုပ်ရှင်သင်တန်းအနေနဲ့ ရောက်ခဲ့တယ်။ နောက်ကျတော့ ကျွန်တော်က ရုပ်ရှင်သင်တန်းမှူး အနေနဲ့ ရှုမဝမှာ နေရတဲ့အခါကျတော့ ဘဘဦးကျော်တော့ ဆုံးသွားပြီ။ ကျွန်တော် ဆရာမောင်ဆွေတင့်၊ ဆရာကိုမြင့်မြတ်တို့ အယ်ဒီတာအပြောင်းအလဲမှာ ကျွန်တော် ရှုမဝကို ရောက်သွားတယ်။ ကျွန်တော်က ရုပ်ရှင်နဲ့သက်ဆိုင်တာပဲ လုပ်နေပေမယ့်လည်း ရှုမဝဆိုတာ စာအုပ်ပုံကြီးပဲလေ (စာအုပ်ဘဏ်တိုက်ကြီးလို့ ပြောရင်လည်း မမှားဘူး) အဲဒီမှာ ကျွန်တော်စာမျိုးစုံကို ဖတ်ခဲ့ရတယ်။ ဒါ့အပြင် ရှုမဝရုပ်ရှင်၊ ရှုမဝစာပေတိုက်ရဲ့ အဝင်ဝက ခုံတန်းလေးတွေကလည်း သိပ်ပြီး လွမ်းစရာကောင်းတယ်။ ဝင်ဝင်ချင်းမှာ သစ်သားခုံတန်းလေးနှစ်ခု ရှိတယ်။ အဲဒီ ခုံတန်းလေးမှာ မြန်မာနိုင်ငံရဲ့ အကျော်ဒေးယျ ဆရာကြီးတွေ ထိုင်ပြီးတော့မှ တစ်နေ့တစ်နေ့ ပြောကြဆိုကြတာတွေကို ကျွန်တော်တို့က ကြားခဲ့နာခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ဝတ္ထုတိုလေးတွေ ဖတ်တယ်။ အဲဒီမှာ ဝတ္ထုတိုကို ဝတ္ထုရှည်ထက် ကျွန်တော် ပိုစွဲလမ်းသွားတယ်။ ဝတ္ထုတိုနဲ့ တိုတိုထိထိ မိမိလေးပြောတာက ရင်ထဲမှာ ထိတယ်။ ဝတ္ထုရှည်တွေက မပေးနိုင်တဲ့ Message တွေကို ဝတ္ထုတိုတွေက ပေးနိုင်တယ်။ ဝတ္ထုတိုတွေက တွေးစရာတွေလည်း ပိုရတယ်။ ဝတ္ထုရှည်က ဇာတ်လမ်းနဲ့ ဇာတ်ကွက်နဲ့ ဇာတ်ကောင်နဲ့။ လွမ်းရင်လည်း လွမ်းကျန်ခဲ့မယ်။ ဒီလိုရသတွေ ပေးပါတယ်။ 
ဝတ္ထုတိုအနေနဲ့ ကျတော့ (ကျွန်တော်က စာပေဝေဖန်ရေးသမား မဟုတ်ပါဘူး) ကျွန်တော်ခံစားရတာကို ပြောတာပါ။ ဝတ္ထုတိုတစ်ပုဒ်ရဲ့ ခံစားမှုက ရသတစ်ခု တင်မကဘူးဗျ။ အဲဒီဟာလေးက ခေါင်းထဲရောက်လာရင် တွေးတွေးမိတယ်။ အဲဒီအရသာလေးကို ကျွန်တော်ကြိုက်တယ်။ အဲဒီမှာ ဝတ္ထုတိုတွေကို ကျွန်တော် စွဲလမ်းမှုဖြစ်ခဲ့တယ်။

(၈) တန်း (၉)တန်းလောက်ကတည်းက ကျွန်တော်က စာအုပ်စုတာကို ဝါသနာပါတယ်။ ကျွန်တော်တို့ ခေတ်ကာလတုန်းက စာအုပ်အငှားဆိုင် ဆိုတာ ရပ်ကွက်တိုင်းလိုလိုမှာ နှစ်ဆိုင် သုံးဆိုင်လောက်အထိ ရှိတယ်။ စာပေလောက ဖွံ့ဖြိုးခဲ့တာကိုး။ မြေနီကုန်းစာအုပ်တန်းနဲ့ ပန်းဆိုးတန်းစာအုပ်တန်း တွေမှာ ကျွန်တော်စာအုပ်တွေ ဝယ်ခဲ့ဖူးတယ်။ တစ်လဝင်ငွေထဲက ၃၀ ရာခိုင်နှုန်းကို ကျွန်တော်စာအုပ်တွေ ဝယ်စုခဲ့တယ်။ သိန်းဖေဖတ်ဖို့ မောင်နုဆိုပြီး အောက်က ဆိုင်းထိုးထားတဲ့ စာအုပ်တွေ ဆိုရင် ကျွန်တော် သိပ်တန်ဖိုးထားတယ်။ နောက်ပိုင်း ကျွန်တော်စာအုပ်တွေကို မထိန်းသိမ်းနိုင်ခဲ့လို့ စာအုပ်ကို ထိန်းသိမ်းနိုင်တဲ့သူတွေဆီကို ပို့ခဲ့ရတယ်။ နောက် ဆရာမြသန်းတင့်ရဲ့ စကားနဲ့ပြောရရင် စာအုပ်တွေကို ထောင်မချပါနဲ့လို့ ပြောခဲ့တာကို အမှတ်ရပြီး ကိုယ်ဖတ်ပြီးတဲ့စာအုပ်ကို သူများလည်း ဖတ်ပါစေဆိုပြီး ပြန်လည်မျှဝေခဲ့တယ်။ အဓိကက ဝတ္ထုတိုတွေကို ကျွန်တော် ဘာ့ကြောင့် စွဲလမ်းခဲ့ရလဲပြောရရင် ခုနပြောတဲ့ ရသ တင်မကဘဲနဲ့ အတွေးစတစ်ခု ချန်ထားခဲ့တယ်။ ဝတ္ထုဖတ်ပြီးတော့ ကျွန်တော်တွေးလိုက်ချိန်မှာ အတွေးက အဖြူဖြစ်မယ်။ နောက်လေးငါးခြောက်လ နေတော့ အဲဒါလေး ကျွန်တော်စဉ်းစားပြီး တွေးလိုက်ရင် အမည်း ဆိုတဲ့ဟာကို သွားတွေ့တယ်။ အတွေးမျိုးစုံရတယ်လို့ ပြောရပါမယ်။ ဒီအပေါ်မှာလည်း ကျွန်တော် တော်တော်လေး အရသာရှိတယ် ပြောရမယ်။ 

စာအုပ်ဆိုင်တန်းတွေမှာ အရင်က ဆရာသိန်းဖေမြင့်တို့ ဆရာဇဝနတို့ရဲ့ ဝတ္ထုတိုပေါင်းချုပ်တွေကို ရှာဖတ်ခဲ့တယ်။ ဖတ်ပြီး သိမ်းဆည်းထားခဲ့တယ်။ ရှေးကဆရာကြီးတွေရဲ့ လက်ရာတွေကလည်း တော်တော်လေး ရသအစုံကို ပေးပါတယ်။ ဦးဖိုးကျားဝတ္ထုတိုနဲ့ သိပ္ပံမောင်ဝ ဝတ္ထုတို တွေကိုလည်း ရှာဖွေဖတ်ခဲ့ပါတယ်။ ဆရာကြီးသိပ္ပံမောင်ဝ ဆိုရင် ဝတ္ထုတို့တွေသာမက သူ့ရဲ့ အစမ်းစာတွေပါ လိုက်ရှာဖတ်ခဲ့တယ်။ နောက် ဆရာမန်းတင်ရဲ့ စာတွေ၊ ဆရာမောင်ထင်ရဲ့စာတွေပါ လိုက်ဖတ်ခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ လက်ကလည်းမတူ၊ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ စာအရေးအသားဟန် တွေကလည်း သူ့ဟန်နဲ့ သူရှိတာကိုပါ သတိထားမိလာတယ်။ ဝတ္ထုတိုတွေ စွဲလမ်းခဲ့ရာမှာလည်း ဆရာ သော်တာဆွေရဲ့ဝတ္ထုတိုတွေကလည်း တော်တော်လေး လွှမ်းမိုးခဲ့တယ်လို့ ပြောရပါမယ်။ အဲဒီအချိန်တွေထဲက ဝတ္ထုတိုတွေနဲ့ ကျွန်တော်ဟာ လင်မယားလို့ ပြောရမလားဘဲဗျ။

Voice : အစ်ကိုက သင်္ကြန်မိုးဇာတ်ကား နဲ့အတူ အနုပညာမှော် အောင်ခဲ့တယ်လို့ ပြောရပါမယ်။ လူတွေလည်း သင်္ကြန်မိုးနဲ့အတူ လူပိုသိလာတယ်။ အဲတော့ သင်္ကြန်မိုးဇာတ်ကားနဲ့ ပတ်သက်ပြီး အစ်ကို့ရင်မှာ စွဲထင်ကျန်နေတဲ့ အမှတ်တရတွေက ဘာတွေဖြစ်မလဲ။

ZW : သင်္ကြန်မိုးဇာတ်ကားက ကျွန်တော့်ကို လူဖြစ်စေခဲ့တဲ့ဇာတ်ကားပါ။ သင်္ကြန်မိုးနဲ့ ပတ်သက်လို့ကတော့ ကျွန်တော့်ဘဝမှာ အမှတ်တရပေါင်းများစွာ ရှိပါတယ်။ သင်္ကြန်မိုးကိုကကို လုံးဝ အမှတ်ရစရာကြီး လိုကို ဖြစ်နေတယ်။ သင်္ကြန်မိုးကို စတင်မဖန်တီးမီ ကျွန်တော်တို့ဇာတ်ကို စဉ်းစား တွေးခေါ်ကြစဉ်ကတည်းက ဆရာမောင်တင်ဦးက ကျွန်တော်ရယ်၊ ကိုဟန်တင်ရယ်ကို တိုင်ပင်ခဲ့ကြ တယ်။ တိုင်ပင်ခဲ့တော့ အဲဒီကတည်းက ရိုက်ကူးဖို့ ကြိုတင်သွားလေ့လာခဲ့ကြတယ်။ Location သွားကြည့်တာတွေ၊ ရိုက်ကူးဖို့ ပြင်ဆင်တာတွေကအစ ကျွန်တော် အကုန်ပါခဲ့ရတယ်။ သရုပ်ဆောင် တစ်ဦး အနေနဲ့ တင်မဟုတ်ဘူး။ ပိတ်ကားနောက်ကွယ်ကနေ ကျွန်တော်လုပ်ရတဲ့ အလုပ်တွေကလည်း အများကြီး လုပ်ခဲ့ရတယ်။ ဆရာဦးတင်ဦး အနားမှာ။ ဘယ်ဟာကို အမှတ်ရလဲလို့ မေးလာတော့ ကျွန်တော် အမှတ်ရစရာ တွေက အများကြီးပဲ။ အကုန်လုံးက အမှတ်ရစရာတွေ ချည်းပဲလေ။

Voice : သင်္ကြန်မိုးဇာတ်ကားကို ကိုယ်တိုင် ပြန်ကြည့်ဖြစ်တဲ့ အချိန်တွေမှာရော အစ်ကို့ရဲ့ ထူးခြားတဲ့ခံစားချက်က ဘာဖြစ်မလဲ။

ZW : ကျေနပ်တယ်။ အခုထက်ထိလည်း ခံစားရတာပါပဲ။ ဒါပေမဲ့ ဒီနေ့အချိန်မှာ ကိုယ့်အခန်းတွေကို ကိုယ်ပြန်ကြည့်တဲ့ အချိန်မှာတော့ ကိုယ့်လိုအပ်ချက်တွေကို ကြည့်ပြီး ရှက်စိတ်ဖြစ်မိတယ်။ ငယ်ငယ်တုန်းက လုပ်ခဲ့ကိုင်ခဲ့တာတွေကို ကြည့်ပြီးတော့ ရှက်စိတ်ဖြစ်မိတယ်။ ကျန်တာကတော့ သင်္ကြန်မိုးက ကျွန်တော် ကိုယ်တိုင်လည်း ပြတာနဲ့ကြုံရင် အစအဆုံး ထိုင်ကြည့် ဖြစ်တယ်။ သင်္ကြန်မိုးနဲ့ပတ်သက်တဲ့ တီးလုံး၊ ဒိုင်ယာလော့ခ်၊ အဖွင့်တီးလုံးကအစ ကျွန်တော် တော်တော်များများကို အလွတ်ရတယ်။ သင်္ကြန်မိုးဇာတ်ကား ရိုက်ပြီးတော့လည်း ကားဆက်တဲ့ အခါတွေမှာပါ ကျွန်တော် တောက်လျှောက်ပါခဲ့တယ်။ ပြီးတော့ အကြိမ်ပေါင်းလည်း များစွာကြည့်ဖြစ်တော့ သိနေတယ်။ ခံစားမှုကို ပြောမယ်ဆိုရင်တော့ ကျွန်တော်ပါဝင်ရတဲ့ အခန်းတွေမှာ ကျွန်တော့်လိုအပ်မှုတွေကို ကြည့်ပြီး ရှက်မိတယ်။ နောက် ဒီကားကို ကြည့်တိုင်း ကြည့်တိုင်းလည်း ဒီနေ့ အချိန်ထိ ပရိသတ်လက်ခံတဲ့ ဇာတ်ကားကြီးထဲမှာ ငါပါဝင်ခွင့် ရခဲ့တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုတစ်ခု ဖြစ်မိတယ်။ 
နောက်ခံစားချက်က သင်္ကြန်မိုးကားမှာ ပါဝင်ကြတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများ မရှိကြတော့ဘူး။ အခု ပြန်ကြည့်တော့ အဲဒီတုန်းက သူနဲ့ငါနဲ့ ဘယ်လိုပြောတာ။ အမေ ဒေါ်ခင်အုန်းမြင့်ကြီးကို ငါဘယ်နားမှာ တွဲတော့ ဘယ်လိုဖြစ်တာ။ နောက် ဘယ်လိုပြောကြတာ အဲလိုမျိုးကအစ ပြန်သတိရပါတယ်။

Voice : သင်္ကြန်မိုးက ရုပ်ရှင်အဖြစ်နဲ့လည်း အောင်မြင်တယ်။ ရုပ်ရှင်ဇာတ်ဝင်သီချင်း ၁၈ ပုဒ်တောင် ထည့်သုံးထားတာကလည်း သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်တယ်။ နောက် အနုပညာအရရော အောင်မြင်မှုတွေရခဲ့တယ်။ အကယ်ဒမီလည်း လေးခုတောင်ရခဲ့တယ်။ နှစ်ပေါင်း ၃၀ လောက်ကြာတဲ့အထိ ပရိသတ်ရင်ထဲမှာလည်း ဒီနေ့အထိ စွဲထင်ကျန်နေတယ်။ သင်္ကြန်မိုးဇာတ်ကားက ဒီနေ့အချိန်အထိ လူတွေရဲ့ နှလုံးသားထဲမှာ ဘာ့ကြောင့် ထင်ကျန်နေရတာလဲဗျ။ အဓိကက ဘာကြောင့်လဲ။

ZW : အဓိကအကြောင်းကတော့ သင်္ကြန်မိုးက အကြောင်းအချက် ပေါင်းများစွာ ပေါင်းစုံခြင်းလို့ မြင်ပါတယ်။ ကျွန်တော့်ကိုလည်း မေးတတ်ကြပါတယ်။ သင်္ကြန်မိုးရဲ့ အောင်မြင်မှုက ဘာ့ကြောင့်လဲဆိုတာ။ ဘာ့ကြောင့်ဆိုတဲ့ တစ်ခုတည်းကို ပြောဖို့ တော်တော်ခက်ပါတယ်။ ကျွန်တော် ဒီနေ့ အသက်အရွယ်ရလာတဲ့ အချိန်မှာ ပြန်သုံးသပ်တာကတော့ ခုန ကိုဝဏ္ဏပြောသွားသလို သင်္ကြန်မိုးက အနုပညာအရ အောင်မြင်တယ်။ အခုဆို နှစ်ပေါင်း (၃၀) လောက်ဖြစ်လာပြီ။ အနုပညာ ပစ္စည်းတစ်ခုက နှစ်ပရိစ္ဆေဒ တိုက်စားမှုကိုခံယူပြီးမှ ဂန္ထဝင်ဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာကို သတ်မှတ်တာ။ ကျွန်တော်တို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သင်္ကြန်မိုးကတော့ အတိုင်းအတာတစ်ခုအထိ ရပ်တည်သွားပြီ။ ဒီသင်္ကြန်မိုးဇာတ်ကားကို ပရိသတ်က ဘာဖြစ်လို့ နှစ်ခြိုက်ကြလဲလို့ ကျွန်တော် သုံးသပ်ကြည့်တဲ့အခါ ကျတော့ (၁) အချက်ကတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အသည်းနှလုံးထဲမှာ ရှိနေတဲ့ သင်္ကြန်ဆိုတဲ့ ခံစားမှုပါ။ သင်္ကြန်နဲ့ပတ်သက်လို့ ကျွန်တော်တို့ မြန်မာလူမျိုးတိုင်းက ချစ်စရာပဲဖြစ်ဖြစ်၊ လွမ်းစရာပဲဖြစ်ဖြစ်၊ ပျော်စရာပဲဖြစ်ဖြစ် သင်္ကြန်နဲ့ပတ်သက်ပြီး အဖြစ် အပျက်ပေါင်းစုံရှိကြတယ်။ လူတိုင်းက သင်္ကြန်ကို ချစ်ကြတယ်။ ဒါကြောင့်မို့လို့ ဒီ သင်္ကြန်မိုးဇာတ်ကားသည် သင်္ကြန်ဆိုတဲ့ နောက်ခံကားကြီးကို ခံလိုက်တဲ့အတွက် ဒီဇာတ်ကား အောင်မြင်တယ်လို့ ပြောရပါမယ်။ 

(၂)အချက်ကတော့ ဖန်တီးတဲ့ဆရာဦးတင်ဦးပါ။ သင်္ကြန်မိုးကို ဖန်တီးစဉ်အခါက ဆရာဦးတင်ဦးဟာ ပညာရည်လည်း အပြည့်အဝဆုံးအချိန် ဖြစ်နေတယ်။ အသက်အရွယ် အရလည်း လုပ်နိုင်ကိုင်နိုင်တဲ့ အတက်ကြွဆုံး အချိန်ဖြစ်နေတယ်။ ဆရာဦးတင်ဦးကြောင့် ဒီသင်္ကြန်မိုးဇာတ်ကား အောင်မြင်တယ်လို့ ပြောကို ပြောရမှာပါ။ 

(၃) အချက်အနေနဲ့ ဘာသွားတွေ့လည်း ဆိုတော့ သင်္ကြန်မိုးဆိုတာက အနုပညာဖန်တီးမှု တစ်ခုတည်းနဲ့ မရပါဘူး။ အနုပညာကိုဖန်တီးဖို့ ငွေဆိုတာ လိုပါတယ်။ ဇာတ်ကားတစ်ကား ကောင်းအောင် ငွေကြေးလည်း ပံ့ပိုးကူညီမှုရှိရပါတယ်။ အချိန်ယူရပါတယ်။ အချိန်က ငွေပါပဲ။ အဲတော့ သင်္ကြန်မိုးဇာတ်ကားမှာ စိတ်တိုင်းကျ ဖန်တီးခွင့်ပေးခဲ့တဲ့ ကိုဇော်မြင့် (ရီမြင့်ရုပ်ရှင်)။ အဲဒီတုန်းက သူက အသက် ၂၀ အရွယ်လောက်ပဲ ရှိပါသေးတယ်။ ကျွန်တော့်ထက် ငယ်ပါတယ်။ သူ အနုပညာပေါ်မှာ ထားတဲ့စေတနာ။ သူ့ရဲ့ မန္တလေးမြို့ဂုဏ်ကြီးကို မြှင့်တင်စေချင်တဲ့ စေတနာ။ အဲဒီ စေတနာတွေကလည်း သင်္ကြန်မိုးအောင်မြင်မှုမှာ ကြီးမားတဲ့ အထောက်အကူပြုမှုပဲလို့ မြင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ လူပေါင်းများစွာ ဇာတ်ကားမရိုက်ခင် ကတည်းက တစ်လခွဲလောက် သွားပြီးတော့ ကမယ့်အဖွဲ့တွေနဲ့ ကျွန်တော်တို့ မဆင့်တို့နဲ့ ကမယ့်အဖွဲ့တွေ၊ ဒေါ်ခင်သန်းနု တို့နဲ့ ကမယ့်အဖွဲ့တွေက အကတွေတိုက်ကြ၊ သီချင်းတွေ တိုက်ကြ။ ဝတ်စုံတွေချုပ်ကြ။ ကားတွေငှားကြ။ ကားတွေပြင်ဆင်ရ။ ကားဆို ငန်းနှစ်ကောင်၊ နောက်မြို့မမောင်ကား။ နောက် ထီလာမောင်ကား။ ပြီးတော့ ဂျစ်ကားက ဆယ့်ငါးစီး။ တူညီဝတ်စုံနဲ့ လင့်ရိုဗာကား ၁၀ စီးပေါ်မှာ ၁၉၅၇ ခုနှစ် ရေပက်ခံမယ့်လူတွေ စသဖြင့် အဲဒီလောက်ကြီးကျယ်အောင်ကို အကုန်အကျခံ ရိုက်ခဲ့ပါတယ်။ ဒါကလည်း သင်္ကြန်မိုးဇာတ်ကား ထုတ်လုပ်သူ ကိုဇော်မြင့်ရဲ့ စေတနာတွေပေါ့။ ကျွန်တော် သိခဲ့သလောက်ကတော့ ဒါလုပ်မယ်လို့ ဦးတင်ဦးကပြောရင် ခင်ဗျား ဒီလောက်တောင် လုပ်မှာလားလို့ ပြန်မမေးဘူးဗျ။ ဒါပဲလားလို့ သူက ပြန်မေးတာ။ ဒီအချက်ကလည်း သင်္ကြန်မိုးကို အဓိကထောက်ပံ့တယ်လို့ ထင်ပါတယ်။ 

(၄) အချက်ကတော့ သင်္ကြန်မိုးက သင်္ကြန်ကို အခြေခံ လိုက်တဲ့အတွက် ဂီတဆိုတာ ပါလာပါတယ်။ ဂီတဆိုတာ ပါလာတဲ့အခါကျတော့ သင်္ကြန်နဲ့ပတ်သက်တဲ့ သီချင်းတွေ၊ မန္တလေးမြို့မက ဂန္ထဝင်ဖြစ်ခဲ့တဲ့ ဆရာကြီးတွေ၊ ဆရာကြီး မြို့မငြိမ်းတို့လို၊ ဦးဘသိန်းတို့လို နောက် ဒီလူကြီးတွေ ရေးခဲ့ကြတဲ့ သီချင်းတွေရော၊ နောက် သင်္ကြန်နဲ့ပတ်သက်တဲ့ သီချင်းတွေကို ထပ်ပြီးရေးကြတဲ့ လေးလေး မြို့မကိုပေါတို့လို၊ ကိုအဉ္စလီမောင်မောင် တို့လို၊ ကိုနိုင်မင်းတို့လို ရေးကြတဲ့သီချင်းတွေရဲ့ စွမ်းအားဟာလည်း သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကား အောင်မြင်ရေးမှာ အတော့်ကို အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ကနေ ပါတယ်လို့ ကျွန်တော်မြင်ပါတယ်။ သီချင်းတွေရဲ့ ဆွဲဆောင်မှုပေါ့။ သီချင်းပေါင်း ၁၈ ပုဒ်လောက်ပါတာ။ တချို့ ရုပ်ရှင်သမားတွေက အဲဒီခေတ်က ပြောခဲ့ကြတယ်။ ဒီသီချင်း ၁၈ ပုဒ်ကို ဒီရုပ်ရှင်တစ်ကားထဲကို ဘယ်လို ထည့်ရိုက်မှာတုန်း ဆိုတဲ့ဟာမျိုး။ ဦးတင်ဦးရဲ့ ဖန်တီးမှုကြောင့်၊ စွမ်းအားကြောင့် သီချင်းတွေထဲမှာပဲ ဇာတ်တွေက ဖြစ်နေတာ။ ဇာတ်ထဲမှာ သီချင်းတွေပါနေတယ်။ အဲလိုမျိုးရိုက်သွားတာ။ ဦးတင်ဦးလည်း အလွန်တော်ပါတယ်။ နောက် သီချင်းတွေနဲ့ ပူးတွဲပြီးတော့ နောက်ခံ တေးဂီတတွေ။ အလွန်လည်း မှတ်သားစရာကောင်းပါတယ်။ သင်္ကြန်မိုးကို စတင်ပြီးတော့မှ စာတန်းထိုး တဲ့အခါမှာ ဂီတမှူးကို စထိုးတာ။ နောက် ဂီတမှူးကလည်း သုံးဦးတောင်ပါ။ ဒါကလည်း မြန်မာ့ရုပ်ရှင်မှာ မရှိပါဘူး။ မြို့မလေးလေးပေါ (ဦးပေါ)၊ အဉ္စလီမောင်မောင်၊ ဂီတမှူးကိုဇော်မျိုးထွဋ်။ သုံးဦးနဲ့ကို လုပ်ခဲ့တာ။ ဂီတအပေါ်မှာ ဘယ်လောက်အထိ အားပြုထားလဲဆိုတာ သိသာစေပါတယ်။ သင်္ကြန်မိုးဇာတ်ကား ကို ဂီတကလည်း ပံ့ပိုးမှုပေးသွားပါ တယ်။ နောက် 
(၅) အချက်မှာ ဘာကိုတွေ့လဲဆိုတော့ ဦးတင်ဦးနဲ့ တွဲဖော်တွဲဖက်ဖြစ်တဲ့ (သင်္ကြန်မိုးမှာ ဦးတင်ဦး ဘယ်လောက်ပင် ပြချင်ပြချင် ဦးတင်ဦးပြချင်တဲ့ အရုပ်တွေကို ထင်အောင်ရိုက်ပေးမယ့် အကယ်ဒမီ ဦးချစ်မင်းလူ ရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ ဦးချစ်မင်းလူနဲ့ ဦးတင်ဦးက လင်မယားလိုပါပဲ။ ဦးတင်ဦး ဘာကြိုက်လဲ ဆိုတာကို ဦးချစ်မင်းလူ ကောင်းကောင်းသိပါတယ်။ ဦးတင်ဦးကလည်း မန္တလေးဆိုတာ သူပိုင်တဲ့ဒေသ။ ဘယ်နေရာမှာ ဘယ် Location က ဘယ် Lighting နဲ့ဆိုတာကို သူသိတယ်။ ညနေ ဘယ်အချိန်မှာဆို နေဘယ်လောက်စောင်းနေပြီ။ ခြင်္သေ့ကြီးနှစ်ကောင်ကို ဘယ်နေရာက ရိုက်လို့ရှိရင် နေလုံးကို ဘယ်လိုမိတယ် ဆိုတာကို အလွတ်ရတဲ့သူ။ ရွှေကျောင်းကြီးဆို ဘယ်အချိန်၊ ရွှေကြက်ယက်ဆို ဘယ်အချိန် အဲဒီလိုမျိုးတွေကိုပါ သိတဲ့သူ ဖြစ်တဲ့အတွက် ကိုအေးသိန်း (ခ) ချစ်မင်းလူနဲ့ ပူးပေါင်းပြီး ရိုက်တဲ့အခါမှာ ကိုအေးသိန်းရဲ့ ကင်မရာရိုက်ချက်တွေကို ပရိသတ်က ရုံထဲမှာတင် ဩချခဲ့ကြရတဲ့အထိ အောင်မြင်ခဲ့တယ်။ ဓာတ်ပုံပညာ စွမ်းအားဟာလည်း သင်္ကြန်မိုး အောင်မြင်ခြင်းရဲ့ အချက်တစ်ခုအနေနဲ့ ပါဝင်ခဲ့ပါတယ်။

နောက်တစ်ခါ သရုပ်ဆောင်များ (အဲဒီမှာ ဒေါ်ခင်သန်းနုကို ဖယ်လိုက်ပါ။ သူက ဝါရင့်မို့လို့ပါ)။ ဦးနေအောင်က အစ၊ ကျွန်တော် အလယ်၊ မဆင့်၊ ကိုဟန်တင်အဆုံး အားလုံးက ဦးတင်ဦး လက်ထွက်တွေပါ။ ဦးတင်ဦးရဲ့ လက်ထွက်တွေဖြစ်တဲ့ အတွက် (အဲဒီခေတ်က ဦးတင်ဦးက နာမည်ကျော်ကြားတဲ့ မင်းသား/မင်းသမီး တွေကို မငှားဘဲ ကျွန်တော်တို့ မျက်နှာသစ်တွေနဲ့ ရိုက်ခဲ့တယ်။ အဲတော့ ဒီလူတွေ အပေါ်မှာ သူ (ဦးတင်ဦး) ပိုင်ပိုင်နိုင်နိုင် ကိုင်နိုင်တယ်။ သူချိုးတဲ့အတိုင်း ကျွန်တော်တို့ကို လုပ်လို့ရတယ်။ ကျွန်တော်တို့ တော်လို့ မဟုတ်ပါဘူး။ ရွှံ့ရုပ်လေးတွေကို အရုပ်ထုဖို့ လုပ်လိုက်တဲ့အခါမှာ သူ့နေရာနဲ့ ရုပ်လုံး ပေါ်သွားပါတယ်။ ဆရာ့အမိန့်ကို နာခံတတ်တဲ့ အလေ့အထကလည်း ဒီဇာတ်ကား အောင်မြင်မှုလို့လည်း ပြောရပါမယ်။

နောက်တစ်ချက်ကတော့ အဲဒီတုန်းက ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်၊ အတတ်ပညာရှင် အသီးသီးရဲ့ စိတ်ရော၊ ကိုယ်ရော ပါဝင်ပေးဆပ်ခဲ့မှုကလည်း ဒီ သင်္ကြန်မိုးဇာတ်ကား အောင်မြင်ခြင်းရဲ့ ပြယုဂ်ပဲလို့ ပြောရပါမယ်။ နောက်ဆုံး အရေးအကြီးဆုံးအချက် ကတော့ မန္တလေးမြို့က မြို့လူထုရဲ့ ဝိုင်းဝန်းပံ့ပိုး အားပေးမှုဟာ သင်္ကြန်မိုးဇာတ်ကား အောင်မြင်မှုအတွက် အရမ်း အရေးကြီးတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ မဆင့်တို့ ဒေါ်ခင်သန်းနုတို့နဲ့ လာပြီး ကကြတဲ့သူတွေဟာ မန္တလေးမြို့က တကယ့် လူကုံထံသားသမီးတွေပါ။ တချို့ ရွှေဆိုင်တန်းကတို့ ဘာတို့ပါ။ သူတို့မြို့အတွက် လာပြီး ကူညီပေးခဲ့ကြပါတယ်။ တစ်လခွဲလောက်ကို စိတ်ရှည်ကူညီပေးခဲ့ကြတာ ကလည်း သင်္ကြန်မိုးရဲ့ အောင်မြင်မှုပါ။ မိုးလင်းပေါက် ကားရိုက်တဲ့အတွက် စင်ပေါ်မှာ လဲသွားတဲ့သူတွေတောင် ရှိခဲ့တယ်။ လူတွေ ဘေးကနေ ထောင်ချီကြည့်နေတဲ့ ကြားကကို မိန်းကလေးတွေ အိပ်ပျော်သွားကြတယ်။ ပင်ပန်းပြီးတော့ စင်ပေါ်မှာတင် အိပ်ပျော်သွားကြတယ်။ သင်္ကြန်မိုး ရိုက်ဖို့ဆိုရင် ဘယ်အိမ်ကဖြစ်ဖြစ် သူတို့ အကုန်လုပ်ပေးတယ်။ နောက် ကျွန်တော်နေတဲ့ တဲကို ရိုက်ဖို့ဖျက်တယ်။ ဖျက်တဲ့အချိန်မှာ တဲပိုင်ရှင်က တခြားသွားနေရတယ်။ နောက်တဲကို ပြန်ဆောက်ပေးရတယ်။ ဒါတွေက တကယ့်ကို အမှတ်ရစရာတွေပါ။ ဒီအကြောင်းတွေ အားလုံးပေါင်းစပ်လိုက်တဲ့အခါမှာ သင်္ကြန်မိုး အောင်မြင်ခြင်းဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

အွန်လိုင်းဝဏ္ဏ