News

POST TYPE

RELAX

ခင်ဝင့်ဝါနဲ့ တွေ့ဆုံခြင်း
19-May-2017 tagged as သရုပ်ဆောင်

သရုပ်ဆောင် ခင်ဝင့်ဝါနဲ့ တွေ့ဆုံပြီး၊ ချိုမြိန်သော လက်စားချေခြင်း ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများနဲ့ လက်ရှိ အချစ်ရေး အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ချိုမြိန်သော လက်စားချေခြင်း ရုပ်ရှင်ကို လက်ခံရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းကနေ စပြီး ပြောပြပေးပါဦး။

KWW : ဒီကားကိုရိုက်တဲ့ ရွှေစည်တော် ထုတ်လုပ်ရေးရဲ့ ပရိုဂျူဆာ မခိုင်မာက ညီမနဲ့လည်း ခင်တယ်။ ညီအစ်မတွေလိုလည်း ဖြစ်နေတယ်။ သူ ရုပ်ရှင်တစ်ကား တည်ထားတာ ရှိတယ်တဲ့။ မင်းသမီးနှစ်ယောက် အပြိုင်သရုပ်ဆောင်ရမယ့် ဇာတ်လို့ပြောတော့ ညီမလည်း လက်ခံရိုက်ကူးဖြစ်ခဲ့တာပါ။ ဆရာမ လွန်းထားထားရဲ့ ဝတ္ထုဇာတ်လမ်းလေးကလည်း အရမ်းကောင်းတယ်။ ညီမတို့ ရိုက်တဲ့အခါမှာတော့ ဇာတ်ညွှန်းကို ဝတ္ထုနဲ့ မတူအောင် နည်းနည်းလေး ပြောင်းထားတယ်လို့တော့ ပြောပါတယ်။ ဒါရိုက်တာကလည်း ဦးမီးပွား ဖြစ်တယ်။ ကိုယ့်ရဲ့ စီနီယာဖြစ်တဲ့ ကိုစိုင်းနဲ့လည်း အတူသရုပ်ဆောင်ရမှာ ဆိုတော့ ညီမ လက်ခံပြီး ရိုက်ကူးခဲ့တာပါ။

Voice : တချို့မင်းသမီးတွေကျတော့ ဝတ္ထုအတိုင်း ဇာတ်ညွှန်းမခွဲဘူးဆိုရင် မရိုက်ကြတာ ရှိတယ်နော်။ 

KWW : ညီမကတော့ ကိုယ့်အတွက် ကာရိုက်တာ တစ်ခုလည်း ရမယ်၊ လုပ်ကွက်လည်းရှိမယ် ဆိုရင် ရိုက်ပါတယ်။ နောက်ပြီးတော့ ညီမက အဲ့ဒီအချိန်တုန်းက အသစ်တစ်ယောက်ပဲ ရှိသေးတယ်။ ဝတ္ထုအတိုင်း ဇာတ်ညွှန်းခွဲတာ ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကို ညီမလည်း သိပ်နားမလည်သေးဘူး။ အဲ့ဒီတုန်းကတော့ အသစ်တစ်ယောက် ဘဝပဲ ရှိသေးတဲ့အတွက် ရိုက်ဖြစ်ခဲ့ပါတယ်။ အခုဆိုရင်တော့ ဇာတ်ညွှန်းကို သေချာစိစစ်ပြီးတော့မှ ရိုက်သွားမှာပါ။

Voice : ရုပ်ရှင်ကားကြီးတွေမှာ မင်းသမီး အပြောင်းအလဲ ဖြစ်သွားတယ်လို့ကြားရင် ခင်ဝင့်ဝါ ဖြစ်နေတာကို တွေ့ရတယ်။ တချို့မင်းသမီးတွေ ငြင်းခဲ့တဲ့ ဇာတ်တွေကို ကိုယ်က ဘယ်လိုစိတ်နဲ့ ကူညီရိုက်ကူးပေးဖြစ်တာလဲ။

KWW : အဲ့ဒါကတော့ ညီမက ကိုယ့်အနုပညာ အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး လုပ်နေတယ်။ ကိုယ်က ကြိုးစားနေတဲ့ လူတစ်ယောက် ဖြစ်တဲ့အတွက် ကိုယ့်ကို ကမ်းလှမ်းလာတဲ့အခါမှာ ကိုယ်လုပ်နိုင်တဲ့အပိုင်း ရှိရင်တော့ ကူညီပြီးတော့ လုပ်ပေးပါတယ်။ ကိုယ်က အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုရအောင်၊ နေရာတစ်နေရာ ရအောင် ကြိုးစားနေရတုန်းပဲ ရှိပါသေးတယ်။ အဲ့ဒါကြောင့် ကိုယ့်အနုပညာကို ချပြခွင့်ရမယ့် အခွင့်အရေးမျိုးတွေ ပေးလာရင် ညီမ ကြိုးစားကြည့်ချင်တဲ့စိတ်နဲ့ လက်ခံရိုက်ကူးခဲ့တာပါ။

Voice : ဒီဇာတ်ကားမှာ လှပပြီး၊ ဆွဲဆောင်မှုရှိတဲ့ ဆူပါမော်ဒယ်လ် Candy ဆိုတဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်ရတာဆိုတော့ ကိုယ့်အတွက် အခက်အခဲ သိပ်မရှိနိုင်ဘူး ထင်တယ်နော်။ ခင်ဝင့်ဝါလည်း မော်ဒယ်လ်ဘဝက လာတာဆိုတော့လေ။

KWW : ဒီဇာတ်ကားမှာတော့ ညီမက ဒါရိုက်တာ ဦးမီးပွား သင်ပြပေးတဲ့အတိုင်း အကောင်းဆုံး ကြိုးစားထားပါတယ်။ မော်ဒယ်လ်ကာရိုက်တာ ဆိုတော့ ညီမရဲ့ အပြင်က ပုံစံနဲ့လည်း သိပ်မကွာခြားဘူးပေါ့နော်။ အဲ့ဒီအတွက်ကြောင့် ပရိသတ်တွေ ကြည့်ရတာ အဆင်ပြေမယ်လို့တော့ ထင်ပါတယ်။ ဦးပွားကလည်း ရှုတင်မှာ ညီမကို သေချာသင်ပြပေးခဲ့တယ်။ အဲ့ဒီတုန်းက ကိုယ်က အသစ်တစ်ယောက်ပဲ ရှိသေးတဲ့အတွက် အများကြီးတော့ ကြိုးစားခဲ့ရပါတယ်။

Voice : ဒီဇာတ်ကားရိုက်ကွင်းကို လာတုန်းက စိုင်းစိုင်းကို ချွဲချွဲနွဲ့နွဲ့ ပြောရတဲ့အခန်းမှာ သူလိုချင်တဲ့ Mood ကိုရဖို့ ခင်ဝင့်ဝါကို ဦးမီးပွားက သေချာသင်ပေးနေတာလည်း တွေ့တယ်။ Candy  ဇာတ်ရုပ်က ခင်ဝင့်ဝါအတွက် ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲ။

KWW : ညီမက အပြင်မှာ မချွဲတတ်ဘူး။ ညီမရဲ့ ပုံစံကလည်း သူငယ်ချင်းတွေ၊ အနုပညာလောကက လူတွေတောင် အစပိုင်းမှာ ယောက်ျားလျာလားလို့ မေးယူရတဲ့ အဆင့်ဆိုတော့ ပရိသတ်တွေလည်း စဉ်းစားကြည့်တော့ပေါ့။ ညီမက အပြင်မှာ လုံးဝမချွဲတတ်ဘူး။ မနွဲ့နှောင်းဘူးပေါ့နော်။ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးပဲ နေတယ်။ မိန်းမဆန်ဆန်၊ ပျော့ပျောင်းတဲ့ ကာရိုက်တာက ညီမအတွက် ခက်ခဲတယ်။ အဲ့ဒီအခန်း ရိုက်တုန်းကဆိုလည်း ဦးပွားကိုယ်တိုင်က သရုပ်ဆောင်ပြတယ်။ ရယ်စရာပြောရရင် အဲ့ဒီအခန်း ရိုက်ပြီးတော့ ဦးပွားက နင်တော့ မသိဘူး။ ငါတော့ တော်တော်နွဲ့နေပြီလို့ စသေးတယ်။

Voice : ဒီဇာတ်ကားထဲက Candy လိုရော ကိုယ့်ရဲ့ ချစ်သူကောင်လေးကို နားလည်ပေးနိုင်ပါ့မလား။ ရွှေမှုံရဲ့ နောက်ဆုံးအချိန်မှာ ကိုယ့်ချစ်သူစိုင်းစိုင်းက သွားရောက်နှစ်သိမ့်ပေးတာကို ကိုယ်တိုင်လည်း သိနေတော့လေ။ 

KWW : အဲ့ဒါကတော မိန်းကလေးတစ်ယောက် အနေနဲ့ကတော့ နားလည်မပေးနိုင်လောက်ဘူး ထင်တာပဲ။ ညီမလည်း မိန်းကလေးထဲက မိန်းကလေး ဆိုတော့လေ။ ညီမကတော့ ကိုယ့်ဆီမှာ မနေချင်လို့ ထွက်သွားချင်တဲ့ သူတစ်ယောက်ကို အတင်းတော့ မဆွဲထားတတ်ဘူး။ ဇာတ်ကားထဲက Candy လိုတော့ မဆွဲထားတတ်ဘူး။ 

Voice : အပြင်မှာလည်း အချစ်ခံရတဲ့ အချစ်ရေးမျိုး ပိုင်ဆိုင်ထားတယ်လို့ ကြားနေရတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို ထူးထူးခြားခြား ပြောပြစရာ မရှိဘူးလား။

KWW : ညီမရဲ့ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ အလုပ်ကို တစိုက်မတ်မတ် လုပ်နေလို့လားတော့ မသိပါဘူး။ ကိုယ်အချစ်ခံရလား၊ အချစ်မခံရလား ဆိုတာကို မသိပါဘူး။ ဒီအချိန်မှာ မိဘတွေက ကိုယ့်ကိုချစ်တဲ့ အေးမြတဲ့ ၅၂၈ အချစ်မျိုးနဲ့ပဲ လုံလောက်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လို့ တခြားထူးထူးခြားခြား ပြောပြစရာတော့ မရှိပါဘူး။

Voice : ရိုက်ကူးဖို့ လက်ခံထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရှိရင်လည်း ပြောပြပေးပါဦး။

KWW : ဒီလထဲမှာတော့ ဒါရိုက်တာ ကိုပြည်ဟိန်းသီဟနဲ့ ကျေးလက်ဟာသရုပ်ရှင်တစ်ကား ရိုက်ဖို့ လက်ခံထားပါတယ်။ အဲ့ဒီကားမှာ ညီမထက် စီနီယာကျတဲ့ မင်းသမီးတွေလည်း အများကြီးပါတယ်။ အနုပညာသက်တမ်းအရဆို ညီမက ဝါအနုဆုံးပါပဲ။ ဇာတ်ကားနာမည်ကိုတော့ ဆူပါမော်ဒယ်လ်လို့ ပေးထားပါတယ်။ ဒီကားမှာ မင်းသားလုံးဝမပါဘူး။ မင်းသမီးတွေ အများကြီးနဲ့ ရိုက်မှာဆိုတော့ ပရိသတ် အတွက်လည်း ထူးခြားမယ်လို့ ထင်ပါတယ်။ 

သန့်ဇင်ဦး