News

POST TYPE

RELAX

ကိုယ်အလေးချိန် ဘယ်လိုချမလဲ၊ မြန်ဆန်လွယ်ကူတဲ့ နည်းလမ်းများ (အပိုင်း - ၁)
16-May-2017 tagged as

ကိုယ်အလေးချိန် ဘယ်လိုချမလဲ၊ ၀ိတ်ကျအောင် ဘယ်လိုလုပ်မလဲဆိုရင် ကယ်လိုရီနည်းအောင် စားရမယ်၊ ကယ်လိုရီပိုလောင်ကျွမ်းအောင် လုပ်ရမယ်လို့တော့ အကြမ်းဖျင်း နားလည်ထားကြပါတယ်။ ဒါပေမဲ့ ဝိတ်ကျတဲ့ အစားအသောက် အစီအမံတွေ၊ အမြန်ဝိတ်ကျနည်းတွေဟာ ပြောသလို အလုပ်ဖြစ်ချင်မှ ဖြစ်မှန်းလည်း သိကြပါတယ်။ ကိုယ်အလေးအချိန် ပေါင်နည်းနည်းလောက် ကျဖို့ ကြိုးစားနေတယ် ဆိုရင်တော့ အခုကျွမ်းကျင်သူရဲ့ နည်းလမ်းတွေက လွယ်ကူအောင် ကူညီပေးပါလိမ့်မယ်။

READER'S DIGEST EDITORS များက STEALTH HEALTH စာအုပ်မှ ကောက်နုတ်ဖော်ပြမှုထဲကမှ မြန်မာနိုင်ငံမှာကျင့်သုံးလို့ ဆီလျော်တဲ့အချက်တွေကို ရွေးနုတ်ဖော်ပြထားတာ ဖြစ်ပါတယ်။ ကယ်လိုရီတွက်တာတို့၊ အွန်လိုင်းက ဝိတ်ချတဲ့အစီအစဉ် အကူအညီ ယူတာတို့လို ဒီနိုင်ငံမှာ လုပ်ဖို့မလွယ်တဲ့၊ အဆင်မပြေတဲ့ အချက်အချို့ကို ချန်လှပ်ပြီး အသုံးဝင်နိုင်တဲ့ အချက်တွေကိုပဲ ဆီလျော်အောင် ပြန်ဆိုပေးထားတာ ဖြစ်ပါတယ်။

ဝဝလင်လင်တောင် မစားရသူတွေ အများကြီးရှိတာ ဝိတ်ချတဲ့အကြောင်း လာရေးနေရလားလို့တော့ အပြစ်တင် မစောပါနဲ့။ ဆီဦးထောပတ်စားပြီး အဝလွန်နေတဲ့ လူတွေအတွက်တင် မဟုတ်ပါဘူး။ ဘာမှလည်း ကောင်းကောင်းကန်းကန်း မစားရဘဲ ဝလာလို့ စိတ်ညစ်လာတဲ့ အထိုင်များတဲ့ ရုံးလုပ်ငန်းပိုင်းလုပ်သူတွေ၊ ကိုယ်လက် လှုပ်ရှားနည်းသူတွေအတွက် ရည်ရွယ်ပါတယ်။

၁။ ကိုယ်ဘာတွေ စားသလဲဆိုတာ တစ်ပတ်လောက် ချရေးထားပါ၊ ဝိတ်ကျလာပါလိမ့်မယ်။

(ဟုတ်ပါ့မလားလို့ သံသယ ဖြစ်စရာပါ။ ဒါပေမဲ့ ချရေးကြည့်ရင် ကိုယ်ဘယ်လောက် ဝါးတီးဖွင့်နေသလဲဆိုတာ သိလာပါလိမ့်မယ်။ စာအုပ်မှာ တစ်နေ့ချင်းအလိုက် မနက်စာ၊ နေ့လယ်စာ၊ ညစာ၊ အစာပြေ၊ အဖျော်ယမကာ ဆိုပြီး ကဏ္ဍငါးခုလောက်ပဲ ခွဲပြီး မှတ်ရင် လွယ်ပါတယ်)

ကိုယ်ဘာစားသလဲဆိုတဲ့ အစားအသောက် ဒိုင်ယာရီ မှတ်တမ်းလုပ်တဲ့ သူတွေဟာ မလုပ်တဲ့သူတွေထက် အစား ၁၅ ရာခိုင်နှုန်းလောက် လျှော့စားတယ်လို့ လေ့လာမှုတွေမှာ ဖော်ပြပါတယ်။ စနေ၊ တနင်္ဂနွေကို သတိထားပါ။ မြောက်ကာရိုလိုင်းနား တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ လူတွေဟာ ပိတ်ရက်တွေမှာ အပို ၁၁၅ ကယ်လိုရီလောက် ပိုစားသောက်လေ့ရှိပြီး အဓိကကတော့ အရက်နဲ့ အဆီက ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပေါင်မုန့်၊ ထောပတ်သုတ်လို အဆီ အစိမ့်တွေ၊ အချိုပွဲတွေ၊ အချိုရည်တွေ၊ သွားရည်စာတွေကို လျှော့ပေါ့။ ဒါတွေဟာ ကိုယ်အလေးချိန် အတိုးအလျော့မှာ အရမ်း အရေးပါပါတယ်။

၂။ ဝိတ်လျှော့ ဂါထာရွတ်ပါ

ကိုယ့်ဘာသာကိုယ် ငါဘာဖြစ်ရမယ်ဆိုပြီး အိပ်ရာ မဝင်မီ ရွတ်တာမျိုး တက်ကျမ်းတွေမှာ တွေ့ဖူးကြမှာပါ။ နည်းနည်း ကြောင်ပေမဲ့ မှန်တဲ့ကိစ္စပါ။ အသင့်စား အစားအသောက်တွေ မစာဘဲ စားတာ၊ လမ်းထွက်လျှောက်ဖို့ ကိုပျင်းတာလိုမျိုး ကိစ္စတွေမှာ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စေတဲ့ အတွေးနဲ့ တွန်းအားပေးဖို့ လိုပါတယ်။ “ငါဝိတ်ကျရမယ်”၊ “ဒီနေ့ လမ်းထွက်လျှောက်ဖြစ်အောင် လျှောက်မယ်”၊ “ညစာ စားပြီးရင် အချိုမုန့်တွေ ထပ်မစားတော့ဘူး” စတဲ့ ဂါထာတွေကို ထပ်တလဲလဲ ရွတ်ပြီး ကိုယ့်ကိုယ်ကိုယ် အားတင်းပါ။

၃။ မနက်စာ စားပြီးရင် ရေပဲ သောက်ပါ

မနက်စာစားပြီးရင် လိမ္မော်ရည်လေး သောက်လိုက်တယ်ပေါ့။ (ဒီမှာတော့ လက်ဖက်ရည်၊ ကော်ဖီအသောက် များပါတယ်) ဒီလိုမျိုး သောက်နေကျဆိုရင်လည်း တစ်နေကုန်မှာတော့ အအေးတွေ၊ ဆိုဒါတွေ သောက်မဲ့အစား ရေပဲသောက်ပဲ။ ဒီလို အချိုရည်တွေက အဝလွန်မှုကို အထောက်အပံ့ပြုမှုက ကြောက်စရာပါ။ ပျမ်းမျှခြင်းအားဖြင့် အမေရိကန် နိုင်ငံသားတစ်ဦးဟာ တစ်နေ့ကို အချိုရည်ကနေ ၂၄၅ ကယ်လိုရီလောက် ပိုစားသုံးတယ်လို့ ဆိုပါတယ်။ ဒါဟာ တစ်နှစ်ကို ကယ်လိုရီ ၉၀၀၀၀၊ ၂၅ ပေါင် ရှိပါတယ်။ ပိုဆိုးတဲ့တစ်ချက်က သကြားဓာတ်ပါတဲ့ အချိုရည်တွေဟာ အစားအသောက်လို မဟုတ်ဘဲ ဗိုက်ပြည့်တယ်လို့ မခံစားမိတာပါပဲ။

၎။ (ထမင်း)လုပ် နည်းနည်း လျှော့စားပါ။

(ပေါင်မုန့်၊ ကိတ်မုန့်) ကိုက်ဝါးတဲ့အချက် ရေနည်းနည်း လျှော့ခိုင်းတာဆိုတော့ ဒီမှာဆိုရင်တော့ ထမင်းလုပ်ပေါ့။ မဝခင်တော်၊ နည်းနည်း လျှော့စားပေါ့။ ဒါမှမဟုတ် အအေးတစ်ခွက်၊ မုန့်တစ်ခု လျှော့စားပေါ့။ ဒီလိုလုပ်တာဟာ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောက် သက်သာသွားစေပြီး လူအများစု တစ်နှစ် တစ်နှစ်ကို မသိမသာ တိုးလာတဲ့ ကိုယ်အလေးချိန် နှစ်ပေါင်လောက်ကို တိုးမလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

၅။ တီဗွီ တစ်နာရီလောက် လျှော့ကြည့်ပါ

လေ့လာမှုတစ်ခုအရ တီဗွီကြည့်လေလေ ပိုစားဖြစ်လေလေ ဆိုတာ တွေ့ရပါတယ်။ အစီအစဉ် တစ်ခုလောက် (သိပ်ကြိုက်လှတာ မဟုတ်ဘဲ ပြင်းလို့ တီဗွီရှေ့ ထိုင်ကြည့်မိတဲ့ ဇာတ်လမ်းတွဲ၊ အစီအစဉ် ဘာညာပေါ့) လျှော့လိုက်ပါ၊ အဲဒီအစား လမ်းလေး ဘာလေး ထွက်လျှောက်ပါ။

၆။ တစ်ပတ်တစ်ခါလောက် တစ်ခုခု သန့်ရှင်းရေးလုပ်ပါ။

ကြမ်းတိုက်တယ်၊ ပြတင်းပေါက်မှန်တွေ ဆေးတယ်၊ အိမ်သာ ရေချိုးခန်း ဆေးတယ်၊ ကားရေဆေးတယ်ဆိုရင် ပေါင် ၁၅၀ ရှိတဲ့ လူတစ်ယောက်အတွက် တစ်မိနစ်နစ်တိုင်းမှာ လေးကယ်လိုရီလောက် လောင်ကျွမ်းစေပါတယ်။ နာရီဝက်လောက် လုပ်လိုက်ရင် ကယ်လိုရီ ၁၂၀ လောက် လောင်ကျွမ်းစေပြီး ဗနီလာ ဒိန်ချဉ် ရေခဲမုန့် ခွက်ဝက်စာနဲ့ ညီမျှပါတယ်။ (ဆိုလိုတာက အိမ်သန့်ရှင်းရေး လုပ်ရတာ ပင်ပန်းတယ်ဆိုပြီး အချိုရည်၊ အချိုမုန့်တွေ ပယ်ပယ်နယ်နယ် တွယ်ရင်တော့ အဟောသိကံ ပြန်ဖြစ်နိုင်ပါတယ်)

၇။ အစားအသောက်ကို လက်မလှမ်းခင် ဗိုက်တစ်ကယ် စာလာချိန်ကို စောင့်ပါ။

ပျင်းလို့၊ စိတ်လှုပ်ရှားလို့၊ စိတ်ရှုပ်လို့၊ ဒါမှမဟုတ် ဝါသနာအရကို တွေ့ကရာ ကောက်ကောက်စားမိတတ်ပါတယ်။ တစ်ကယ် ဆာတယ်ဆိုတာ ဘယ်လိုမျိုးဆိုတာ မေ့နေပြီးတော့ပေါ့။ တစ်ခုခု စားချင်တယ် စိတ်ထဲဖြစ်ရင် ဒါဟာ စားချင်မှုသက်သက်ပါ၊ ဆာလောင်တာ မဟုတ်ပါဘူး။ လက်လှမ်းမီရာ ဘာဖြစ်ဖြစ် တစ်ခုခုစားမှပဲ ဆိုမှ တစ်ကယ်စားတာပါ။ အပျင်းပြေဖို့ အစားထက် တစ်ခြား နည်းလမ်းရှာပါ။

၈။ အနံ့နဲ့တင် အာသာဖြေလိုက်ပါ။

အနံ့ပဲစားရအောင် နတ်မှ မဟုတ်တာလို့ ပြောစရာ ရှိပါတယ်။ ပိုဆာလာမှာပေါ့လို့လည်း စောဒက တက်စရာပါ။ ကြောင်တယ် ထင်ရပေမယ့် တစ်ကယ် အလုပ်ဖြစ်ပါတယ်။ သုတေသနတစ်ခုအရ လူတွေဟာ ဒီလို မကြာခဏ အနံ့နဲ့ အာသာဖြေရင် ဗိုက်ဆာတာ ပိုလျော့ပြီး ၀ိတ်ပိုကျတယ်လို့ ဆိုပါတယ်။ သီအိုရီတစ်ခုကတော့ ဒီလို အစားအသောက် အနံ့လေး ရှူလိုက်တဲ့အခါ ဦးနှောက်က တစ်ကယ်စားတယ်လို့ တွေးမိစေတယ်လို့ ဆိုပါတယ်။

၉။ အပြာရောင်ကို ကြည့်ပေးပါ။

စားသောက်ဆိုင် အများစုမှာ အပြာရောင်နဲ့ အလှဆင်ထားတာမျိုး သိပ်မတွေ့ရတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ဒီအရောင်က စားချင်စိတ်ကို လျော့စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စားတာ လျှော့ချင်တယ်ဆိုရင် (ဖိုင်ဘာ၊ မယ်လမင်းဆိုရင် ) ပန်းကန်ပြားအပြာ သုံးပါ၊ ထမင်းစားပွဲကို အပြာရောင် အဝတ်ခင်းပါ။ ဒါပေမဲ့ စားတဲ့သောက်တဲ့ နေရာတွေမှာ အနီ၊ အ၀ါ၊ လိမ္မော်ရောင်တွေ မထားပါနဲ့၊ ဒီအရောင်တွေကတော့ စားချင်စိတ်ကို ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။

၁၀။ မှန်ရှေ့မှာ စားပါ။

လေ့လာမှုတစ်ခု အရတော့ မှန်ရှေ့မှာ စားတဲ့အခါ လူတွေရဲ့ စားသောက်မှု ပမာဏ သုံးပုံတစ်ပုံလောက် ကျသွားတယ်လို့ ဆိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ကြည့်လိုက်တဲ့အခါ “ငါ့ပုံကြီး ဘယ်လိုဖြစ်နေပြီလဲ၊ ငါဝိတ်လျှော့ရမှာပါလား” ဆိုတာ အသိတရား ရစေနိုင်တယ်လေ။

၁၁။ တစ်နေ့ ၁၀ မိနစ်လောက် လှေကား အတက်အဆင်း လုပ်ပါ

အမေရိကန် Centers for Disease Control ကတော့ တစ်နေ့ ဒီလောက် အတက်အဆင်း လုပ်ပေးထားတာဟာ တစ်နှစ်ကို ၁၀ ပေါင်လောက် ကျစေတယ်လို့ ဆိုပါတယ်။ (မောလို့ဆိုပြီး ပိုမစားရင်ပေါ့)

၁၂။ နှစ်နာရီကြား တစ်ခါ ငါးမိနစ်လောက် လမ်းထလျှောက်ပေးပါ

စားပွဲမှာပဲ တစ်နေကုန် ထိုင်နေတာလား။ နှစ်နာရီကြားတစ်ခါ ငါးမိနစ်လောက် လမ်းလျှောက်ပေးတာဟာ အလုပ်ချိန် ရှစ်နာရီအတွက်ဆိုရင် မိနစ် ၂၀ လမ်းလျှောက်ပြီးသား ဖြစ်စေပါတယ်။ ဒီလို နားနားပေးတာဟာ သွားရည်စာတွေ တွေ့ရာဆွဲ ဆွဲစားနိုင်ခြေကိုပါ လျော့သွားစေပါတယ်။

၁၃။ တစ်နေ့ ၄၅ မိနစ် လမ်းလျှောက်ရင် ဝိတ်ကျမယ်

ပုံမှန်ဆိုရင် နာရီဝက် လမ်းလျှောက်ပါလို့ အကြံပေးလေ့ ရှိပေမယ့် ဒါဟာ အထိုင်များတဲ့သူတွေ ဝိတ်မတက်အောင်ပဲ ကူညီပေးရာ ရောက်တယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြပါတယ်။ ဝိတ်ကျချင်ရင်တော့ နောက်ထပ် ၁၅ မိနစ် အပိုဆောင်းလိုက်ပါ။ မိနစ် ၃၀ နောက်ပိုင်း လေ့ကျင့်ခန်းဟာ အလေးချိန်နဲ့ အဆီကို ကျစေပါတယ်။ သုံးမိုင်လောက် လျှောက်လိုက်ရင် (၄၅ မိနစ်ဆို ရောက်ပါတယ်) တစ်နေ့ကို ကယ်လိုရီ ၃၀၀ ပိုလောင်စေပြီး အစားအသောက် ပုံစံ သိပ်မပြောင်းဘဲနဲ့ကို တစ်နှစ်ကို ပေါင် ၃၀ လောက်ကျစေနိုင်ပါတယ်။

  • TAGS