News

POST TYPE

RELAX

ရွှေမှုံရတီနဲ့ တွေ့ဆုံခြင်း
16-May-2017 tagged as

နာမည်ကျော် သရုပ်ဆောင် ရွှေမှုံရတီနဲ့တွေ့ဆုံပြီး မေလ ၁၉ ရက်နေ့မှာ စတင် ရုံတင်ပြသတော့မယ့် “ချိုမြိန်သော လက်စားချေခြင်း” ရုပ်ရှင်မှာ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ၁၉ နှစ်ပြည့် မွေးနေ့အတွက် အလှူအတန်းတွေ ပြုလုပ်မယ့်အကြောင်းနဲ့ အချစ်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ချိုမြိန်သော လက်စားချေခြင်း ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်းကနေ စပြီးပြောပြပေးပါဦး။
SMYT : ဒီကားမှာ ညီမရဲ့ ကာရိုက်တာကတော့ နည်းနည်း ကြမ်းတဲ့ဘက်တော့ ရောက်တာပေါ့နော်။ သူများ ချစ်ခြင်းကို လိုက်ခွဲတဲ့ မိန်းကလေးတစ်ယောက် နေရာက သရုပ်ဆောင်ရတာပါ။ ဒီကားရဲ့ ဒါရိုက်တာက ဦးမီးပွားဆိုတော့ သရုပ်ဆောင်ရတာ ဘယ်လောက်အထိ ခက်ခဲပင်ပန်း၊ ကြမ်းတမ်းမလဲဆိုတာ သဲတို့ ရုပ်ရှင်လောကသားတွေ အကုန်လုံး သိပြီးသားပဲပေါ့နော်။ အဲ့ဒီလို ခက်ခဲတဲ့အပေါ်မှာပဲ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစား သရုပ်ဆောင်ခဲ့ပါတယ်။

Voice : အံ့ထားမေဆိုတဲ့ ထက်မြက်ပြီး အငြိုးကြီးတဲ့ မိန်းမတစ်ယောက်အဖြစ် ပီပြင်အောင် ဘယ်လို ကြိုးစားခဲ့ရလဲ။
SMYT : ဒီကားမှာ ညီမရဲ့ဇာတ်ရုပ်က ဗီလိန်သဘောမျိုးတော့ ဖြစ်သွားတာပေါ့နော်။ ဒီအပေါ်မှာ ပရိသတ် မုန်းသွားမှာတို့၊ ဘာတို့ကို ကြောက်တာထက်စာရင် ကိုယ့်ဇာတ်ရုပ် ပီပြင်အောင်ပဲ ဘာကိုမှ မငဲ့ဘဲ လုပ်ခဲ့ပါတယ်။ အဓိကကတော့ ဇာတ်လမ်း လာပေးကတည်းက ဒီဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ ကိုယ့်ကို လာငှားတယ်။ ညီမကိုယ်တိုင်လည်း သဘောကျတဲ့အတွက် လက်ခံခဲ့တယ်။ ကိုယ်လက်ခံပြီးသား အလုပ်တစ်ခုကို တာဝန်ကျေအောင် လုပ်မယ်ဆိုတဲ့ စိတ်ပဲရှိပါတယ်။ ကျန်တာတော့ ဘာမှ မတွေးပါဘူး။

Voice : ကိုယ်တိုင်ရော အံ့ထားမေလို အချစ်ကြီး တတ်၊ အငြိုးကြီးတတ်တဲ့သူမျိုးထဲမှာ ပါလား။
SMYT : ညီမကတော့ အချစ်နဲ့ ပတ်သက်ရင် ပုံမှန်ပါပဲ။ သဘာဝထက် လွန်ကဲတဲ့ ခံစားမှုမျိုး မရှိပါဘူး။ အချစ်ဆိုတဲ့ အရာအပေါ် ရိုးရိုးလေးပဲ နားလည်ပြီး ရိုးရှင်းစွာပဲ ခံစားပါတယ်။ ဒီဇာတ်ကားလေးက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးလည်း ဖြစ်တယ်။ ဦးပွား ရိုက်ပြထားတာလည်း လူငယ်ဆန်ပြီး ကြည့်လို့ ကောင်းတယ်။ ညီမကိုယ်တိုင်လည်း ကြိုက်တယ်။ လာကြည့်တဲ့ ပရိသတ်တွေလည်း သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Voice : ဒီနှစ်မှာ ကျရောက်မယ့် ရွှေမှုံရဲ့ မွေးနေ့ကိုရော ဘယ်လို ပုံစံမျိုး ဖြတ်သန်းသွားဖို့ ရှိမလဲ။
SMYT : ဒီနှစ်မွေးနေ့ကတော့ ဘာမှ ထူးထူးခြားခြား မလုပ်ဖြစ်ပါဘူး။ မွေးနေ့ မတိုင်ခင်မှာတော့ မန္တလေး မှာ ညီမရဲ့ We Love Group က ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ မွေးနေ့ဖြစ်တဲ့ မေလ ၁၆ ရက်နေ့မှာတော့ မနက်ပိုင်း ၅ နာရီကနေ စပြီး ညနေပိုင်းလောက်အထိ တောက်လျှောက် မွေးနေ့ အလှူလေးတွေ လုပ်သွားဖို့ ရှိပါတယ်။ ညနေပိုင်းမှာတော့ ညီမ မိသားစုနဲ့ ချစ်ရသော သူများနဲ့ မွေးနေ့ကို ဖြတ်သန်းဖို့ ရှိပါတယ်။

Voice : အသက်တစ်နှစ် ပိုကြီးလာတိုင်း ဘဝနဲ့ပတ်သက်ပြီး ဘယ်လို အသိအမြင်တွေ ပြောင်းလဲလာလဲ။ ဒီနှစ်မှာ ရွှေမှုံ အလိုချင်ဆုံး မွေးနေ့လက်ဆောင်က ဘယ်သူ့ဆီက ဖြစ်မလဲ။
SMYT : အသက် တစ်နှစ်ကြီးလာတိုင်း အလုပ် အတွေ့အကြုံတွေရော၊ ပတ်ဝန်းကျင်ရော၊ နေထိုင်မှု စရိုက်ရော၊ ဖက်ရှင်ရော၊ လူမှုရေးနဲ့ ပတ်သက်တာတွေရော၊ စီးပွာရေးပိုင်းမှာရော အတွေ့အကြုံတွေပို များလာပါတယ်။ ပိုပြီးတော့လည်း ရင့်ကျက်လာပါတယ်။ မွေးနေ့မှာ အလိုချင်ဆုံး လက်ဆောင်ရယ်လို့တော့ မရှိပါဘူး။ ညီမရဲ့ ချစ်ရသော သူတွေ၊ မိသားစုတွေ၊ ပရိသတ်တွေ၊ ညီမရဲ့ ချစ်ရသော တစ်ယောက်တည်းသော သူဆီကနေပြီး ညီမကို အရင်ကထက် ပိုပြီးတော့ ချစ်တဲ့အချစ်တွေ၊ ဂရုစိုက်မှုတွေ၊ တန်ဖိုးထားမှုတွေကလွဲရင် ကျန်တာ ဘာမှ မလိုချင်ပါဘူး။

Voice : အခုနောက်ပိုင်းမှာ ရွှေမှုံ့ကို အမြဲတမ်း သွက်သွက်လက်လက်၊ လန်းလန်းဆန်းဆန်း ပုံစံမျိုးနဲ့ မြင်နေရတာက အချစ်ရေးမှာ ကံကောင်းနေတာကြောင့်ရော ဖြစ်နိုင်လား။
SMYT : ညီမ ကြားဖူးတာကတော့ အချစ်ကြောင့် လူတွေက နုပျိုလန်းဆန်းတတ်တယ်တဲ့။ ညီမလည်း အသက် ၁၉ နှစ်ကနေ ၁၄ နှစ်လောက် ပြန်ဖြစ်သွားသလိုပဲ။ ညီမချစ်သူက ညီမထက်ကြီးတဲ့အတွက် အများကြီးလည်း သွန်သင် ဆုံးမပေးပါတယ်။ မိသားစုနဲ့ ပရိသတ်တွေပြီးရင် ညီမကို တတိယမြောက် သွန်သင်ဆုံးမ ပေးတဲ့သူပေါ့။ သူ့ဆီကနေပြီး အတတ်ပညာတွေ၊ အသိပညာတွေလည်း အများကြီး ရပါတယ်။ အမှားတွေ ရှိလာရင်လည်း အမှန်တွေ ပြင်နိုင်အောင် ညီမကို လမ်းပြပေးမယ့်သူတွေ ဘေးမှာ အများကြီး ရှိတဲ့အတွက် ညီမ ကံကောင်းပါတယ်။

Voice : မင်းသမီးကို ချစ်သူတော်ထားရတဲ့ တချို့ ယောက်ျားလေးတွေက သဝန်တိုတတ်ကြတာမျိုးရှိတယ်။ ရွှေမှုံ့ရဲ့ ချစ်သူကကျတော့ရော ဘယ်လောက်အထိ နားလည်မှုပေးလဲ။
SMYT : ညီမအပေါ်တော့ သူက သဝန်တိုတာမျိုး သိပ်မရှိပါဘူး။ ညီမတို့ နှစ်ယောက်ရဲ့အချစ်က နားလည်မှုနဲ့ တည်ဆောက်လာတာ အချိန်လည်း ကြာပြီဆိုတော့လေ။ အဓိကကတော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိဖို့ပဲ လိုတာပါ။ ယောက်ျားလေးတွေ သဝန် မတိုတတ်ဘူးလို့ မပြောပါဘူး။ သဝန်တိုတတ်ပါတယ်။ ညီမရဲ့ချစ်သူက အလုပ်ကို အလုပ်လိုပဲ သဘောထားပေးပါတယ်။ ညီမရဲ့ စိတ်ဓာတ်ကိုသိတဲ့ ယောက်ျားကောင်းတစ်ယောက်က ဘယ်တော့မှ ကိုယ်ချစ်ရတဲ့သူရဲ့အလုပ်ကို အနှောင့်အယှက် မပေးပါဘူး။ သူက သဝန်တိုတတ်၊ ချုပ်ချယ်တတ်တဲ့ လူမျိုးဆိုရင်လည်း ညီမနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး။

Voice : ချစ်သူနဲ့ နှစ်ယောက်အတူ လက်တွဲဖို့ကျတော့ရော ဘယ်အချိန်လောက်မှာ ဖြစ်နိုင်မလဲ။
SMYT : ညီမရဲ့အသက်က အခုမှ ၁၉ နှစ်ပဲရှိပါသေးတယ်။ ညီမရဲ့ချစ်သူနဲ့ လက်တွဲဖြစ်၊ လက်မတွဲဖြစ် ဆိုတာတော့ ဒီအချိန်မှာ မပြောချင်ပါဘူး။ ဒီလိုပြောလို့ ဘယ်သူတွေ ဘယ်လိုပဲ စိတ်ဆိုးဆိုး ညီမ ဂရုမစိုက်ပါဘူး။ ညီမက လက်ရှိအချိန်မှာ ရှေ့ကို အရမ်းကြီး မတွေးပါဘူး။ ညီမရဲ့ အနုပညာ အလုပ်နဲ့ ပတ်သက်ရင်ပဲ ရှေ့ကို ကြိုတွေးတာပါ။ ကျန်တဲ့မိသားစုကိစ္စတို့ ဘာတို့ဆို ဘာမှ ကြိုမတွေးဘူး။ လက်ရှိအချိန်မှာ ဖြစ်သလို ပျော်အောင်နေတယ်။ အဆင်ပြေအောင် နေထိုင်တယ်။ ဖြစ်လာမှပဲ ဖြစ်သလို ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။

သန့်ဇင်ဦး

  • TAGS