POST TYPE

RELAX

စာရေးဆရာကြီး မင်းလူရဲ့ ဝတ္ထုတွေကိုပေါင်းပြီး ရုပ်ရှင်အဖြစ် အသက်သွင်းမယ့် ဒါရိုက်တာ ကျော်ဇောလင်း
16-May-2017 tagged as

ရန်ကုန်၊ မေ ၁၄

ဇွန်လမှာ စာရေးဆရာကြီး မင်းလူရဲ့ ဝတ္ထုတွေကို “ကျော်ကွန့်၊ လှထုံနှင့် သီအိုရီ”ဆိုတဲ့ ရုပ်ရှင်ကားအဖြစ် ပုံဖော်တော့မှာဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ ကိုယ်တိုင် ရေးသားမှာဖြစ်သလို သတိထားရိုက်ရ မယ်လို့ ဒါရိုက်တာကျော်ဇောလင်းက The Voice  ကို ပြောပါတယ်။ 

“ဆရာဦးမင်းလူက လူကသာ မရှိတော့တာပါ၊ သူရဲ့အနုပညာတွေက ရှင်သန်နေတုန်းပါပဲ။ အဲဒါကြောင့် သူရေးခဲ့တဲ့ ဝတ္ထုတိုလေး၊ ငါးပုဒ်ကို ပေါင်းပြီးတော့ ရုပ်ရှင်တစ်ကားအဖြစ် ရိုက်ကူးရမှာဆိုတော့ မူရင်းလည်း မပျက်ရအောင်၊ လက်ရှိရုပ်ရှင်ရဲ့ ရသနဲ့လည်း ထိထိမိမိဖြစ်အောင်၊ ပရိသတ်တွေနဲ့လည်း အနီးစပ်ဆုံး ဖြစ်အောင် ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးပြီး ရိုက်မှာပါ”လို့ ၎င်းက ထပ်လောင်း ပြောပါတယ်။

မကြာခင် ရုံတင်ပြသတော့မယ့် “ဖက်ရှင်” ရုပ်ရှင်ဇာတ်ကားမှာလည်း ပရိသတ်ကို ထူးထူးခြားခြားလေး ကြည့်စေချင်တဲ့အတွက် ဇေရဲထက်၊ ခင်ဝင့်ဝါတို့အပြင် မြန်မာပြည် သိန်းတန်တို့ ဇနီးမောင်နှံနဲ့ ရိုက်ပေးထားကြောင်း၊ မြန်မာပြည် သိန်းတန်တို့ ဇနီးမောင်နှံကို သဘောကျတဲ့ ပရိသတ်တွေရော ထူးခြားတဲ့ သရုပ်ဆောင် အတွဲအစပ်ကို မကြည့်ဖူးသေးတဲ့ ပရိသတ်တွေကိုပါ ကျေနပ်အားရစေမယ့် ကားတစ်ကားဖြစ်ကြောင်း ဒါရိုက်တာ ကျော်ဇောလင်းက ပြောထားပါတယ်။

“ဒီကားက မိဘနဲ့ သားသမီးကြားက မေတ္တာ၊ လက်ရှိခေတ် လူငယ်နဲ့ လူကြီးကြားမှာ နားလည်မှု ကွဲလွဲနေတာလေးတွေကို Massage ပေးပြီးတော့ ရိုက်ထားတာပါ။ လူငယ်ကလည်း လူကြီးတွေကို ဘယ်လိုမျိုး အလေးထားရမယ်၊ လူကြီးကလည်း လူငယ်တွေကို ဘယ်လိုမျိုး နားလည်မှု ပေးသင့်တယ်ဆိုတာကို ပုံစံတစ်မျိုးနဲ့ တင်ပြထားတယ်”လို့ ၎င်းက ဆိုပါတယ်။

“ကျော်ကွန့်၊ လှထုံနှင့် သီအိုရီ” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကျော်ဇောလင်းက ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်တွေ အနေနဲ့ ပြေတီဦးနဲ့ အိချောပိုတို့က အဓိက ပါဝင်မှာဖြစ်သလို ရပ်ကွက်ထဲက ဓလေ့စရိုက်တွေနဲ့အတူ ကျော်ကွန့်နဲ့ လှထုံဇာတ်ကောင်တွေနဲ့ တင်ပြသွားမှာ ဖြစ်ပါတယ်။

  • TAGS