News

POST TYPE

RELAX

ထွန်းထွန်းနဲ့ တွေ့ဆုံခြင်း
09-Apr-2017
သရုပ်ဆောင်သက်တမ်း ၁၄ နှစ်အကြာမှာ အကယ်ဒမီဆု ဆွတ်ခူးနိုင်ခဲ့တဲ့ သရုပ်ဆောင် ထွန်းထွန်းရဲ့ အကယ်ဒမီဆုအပေါ် ခံစားချက်၊ ဆုပေးပွဲ အမှတ်တရ စကားနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် အမြင်၊ သရုပ်ဆောင်မှုပိုင်းနဲ့ ပတ်သက်ပြီး ကျေနပ်မှု အတိုင်းအတာ၊ ဇာတ်ကား ရွေးချယ်မှုတွေနဲ့ နောက်ထပ် လုပ်သွားမယ့် အနုပညာ လှုပ်ရှားမှုတွေကို The Voice က သရုပ်ဆောင် ထွန်းထွန်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

Voice : ဒီနှစ်အကယ်ဒမီမှာ ပရိသတ်တွေရဲ့ ထင်ကြေးပေးမှုနဲ့ ဆုရရှိမှု ထပ်တူ ကျခဲ့တဲ့နှစ်တစ်နှစ်ဆိုတော့ အဲဒီအပေါ် ခံစားချက်ကနေ စပြောပေးပါ။
TT : ဟုတ်တယ်ဗျာ။ ကျွန်တော့်ကို ချစ်တဲ့ပရိသတ်တွေက ကျွန်တော် အကယ်ဒမီရတာကို ကျွန်တော့်ထက် ပိုပျော်နေတဲ့သူတွေပေါ့။ ကျွန်တော့်အဖေ၊ အမေနဲ့  သူတို့က ကျွန်တော့်ထက် ပိုပျော်တဲ့သူတွေ  ဖြစ်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်တော့်အတွက် ရင်တွေခုန်ခဲ့ ကြတယ်။ Like တွေ ပေးခဲ့ကြတယ်။ အပြင်မှာလည်း ကျွန်တော့်ကားတွေဆိုရင် လိုက်ကြည့်တယ်။ ဝေဖန်တယ်၊ သုံးသပ်တယ်။ အခုချိန်မှာ သူတို့က ကျွန်တော်ထက်စာရင် အပျော်ဆုံးလူတွေ ဖြစ်နေမှာ သေချာတယ်။

Voice : ပရိသတ်တွေ မှန်းတာက ခိုးဆိုးလုနှိုက်ကား၊ တကယ် အကယ်ဒမီရသွားတာက အုတ်ကြားမြက်ပေါက်ဆိုတော့ ကိုယ်တိုင်က ဘယ်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ရတာ ပိုကြိုက်လဲ။
TT : ကျွန်တော့်ကာရိုက်တာ နှစ်ခုစလုံးကို ကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကာရိုက်တာတိုင်းမှာ ကျွန်တော် တာဝန်ကျေခဲ့တယ်လို့ ခံစားရတယ်။ ဒါပေမဲ့ တချို့ ကာရိုက်တာတွေကတော့ ကိုယ်လုပ်ချင်ပေမယ့် အဆင်မပြေတဲ့ သရုပ်ဆောင်မှုတွေလည်း ရှိပါတယ်။  အခုချိန်ထိလည်း ကျွန်တော် လုပ်ချင်နေတဲ့ ကာရိုက်တွေ ပီပြင်ဖို့အတွက် ကြိုးစားနေရတုန်းပါ။ 

Voice : ခိုးဆိုးလုနှိုက် ဇာတ်ကားနဲ့ နာမည်ကြီးခဲ့ပေမယ့် ဆန်ခါတင် စာရင်းမှာ မပါဘူးဆိုတော့ အဲဒီအပေါ် ဘာများပြောချင်တာရှိလဲ။
TT : အဲဒါကို ကျွန်တော် မပြောတတ်ဘူး။ ကျွန်တော့်ကိုလည်း တော်တော်များများ မေးကြတယ်။ ဒါပေမဲ့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် မဖြေတတ်ဘူး။

Voice : ကိုယ်နဲ့အပြိုင် အကယ်ဒမီ နာမည်စာရင်း ကြိုထွက်တဲ့သူတွေက ဝါရင့်သရုပ်ဆောင်တွေဆိုတော့ ဆုမရခင် အချိန်ထိ ဘယ်လောက်ထိ ရင်ခုန်နေလဲ။
TT : ရင်ခုန်နေတာတော့ ပြောမနေနဲ့။ တော်တော်လေးကို ခုန်နေပါတယ်။ ဘာမှမဖြစ်သလို ငြိမ်ငြိမ်လေး နေနေရတယ်။ ရတော့လည်း ပျော်ရတာပေါ့။ ပြီးတော့ အကယ်ဒမီ နာမည်စာရင်းထွက် နေတဲ့သူတွေကလည်း ကိုယ့်ထက်တော်တဲ့ သူတွေကြီးပဲလေ။ 

Voice : အကယ်ဒမီပေးပွဲညက နှင်းဆီ ရင်ထိုးလေး ပျောက်သွားတာ ပြန်လျော်ပေးရသေးလား။
TT : အောင်သမာဓိက စပွန်ဆာပေးတဲ့ ရွှေနှင်းဆီ ပန်းရင်ထိုးက အောက်က ကြယ်လေးပဲ ပြန်တွေ့တယ်။ အပေါ်က ရှာမတွေ့ဘူး။ အဲဒါကတော့ ပြန်မလျော်ပေးရဘူး။ သူတို့က ကျွန်တော့်ကို လက်ဆောင် ပေးလိုက်ပါတယ်။

Voice : အကယ်ဒမီပေးပွဲမှာ အမှတ်တရ စကားပြောတုန်းက ကျေးဇူးတင်စကား ပြောတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေတော့ အဲဒီအပေါ် ဘာများ ပြောချင်လဲ။
TT : အမှန်တကယ်က ကျွန်တော် ဆိုလိုချင်တာ အဲဒီလိုမဟုတ်ပါဘူး။ Rap သီချင်းဆိုတဲ့သူတွေ အားလုံးရဲ့ကိုယ်စား ကျွန်တော်က ဂုဏ်ယူပြီးပြောတာပါ။ ကျွန်တော် ဒီနေ့ ဒီအချိန်ထိ ဘယ်သူ့ ဘယ်သူကိုမှ မတိုက်ခိုက်ဖူးဘူး။ ကျွန်တော့်ကို တိုက်ခိုက်ပြီး ပြောတဲ့သူတွေရှိရင်တောင် ကျွန်တော်က ဘာမှ ပြန်မပြောဘူး။  အဲဒီလိုမျိုး နေတတ်တဲ့သူပါ။ စင်ပေါ်မှာ ပြောတဲ့စကားက အဲဒီအချိန်တုန်းက ကျွန်တော် ပြောနေတဲ့အချိန်မှာ ဖြစ်နေတဲ့ ဖီလင်အတိုင်း ပြောလိုက်တာ။ ဘယ်သူ့ကိုမှ တိုက်ခိုက်ရည်ရွယ်ပြီး ပြောခဲ့တာလည်း မဟုတ်ဘူး။ ကိုယ်ဖြစ်ချင်တဲ့ အလုပ်၊ ကိုယ်လုပ်ချင်တဲ့အရာတွေကို တစ်စိုက်မတ်မတ် ကြိုးစားရင် ဖြစ်နိုင်တယ်လို့ ပြောချင်တာပါ။ တွေးတဲ့သူတွေက Positive အတွေးနဲ့ Negative အတွေးတွေလည်း ရှိတော့ ဒါကတော့ သူတို့ လွတ်လပ်ပိုင်ခွင့် ပါ။ ကြိုက်သလို တွေးနိုင်ပါတယ်။ ကျွန်တော်ကတော့ ဘယ်သူ့ ဘယ်သူကိုမှ ရည်ရွယ်ထိခိုက်ပြီး ပြောဆိုခဲ့တာ မဟုတ်ဘူးဆိုတာ သေချာတယ်။

Voice : တချို့က အကယ်ဒမီရသွားရင် အနုပညာကြေး များသွားတာမျိုး ရှိတတ်တော့ အကယ်ဒမီ ထွန်းထွန်း ဖြစ်သွားပြီးနောက် အနုပညာကြေးက အရင်အတိုင်းပဲလား။ 
TT : ကျွန်တော်လျှောက်ခဲ့တဲ့ အနုပညာလမ်း တစ်လျှောက်မှာ အနုပညာကြေး ဆိုတာ ဘယ်တုန်းကမှ ကျွန်တော့်ဘက်က သတ်မှတ်ခဲ့တာမျိုး ဒီနေ့ ဒီအချိန်အထိ မရှိခဲ့ဘူး။ ကျွန်တော့်ကို သတ်မှတ်တာက ကျွန်တော့်ကို လာကမ်းလှမ်းတဲ့ ပရိုဂျူဆာတွေပါ။ သူတို့ သတ်မှတ်တာကိုပဲ ကျွန်တော် ယူခဲ့တယ်။ အဲဒီအပေါ်မှာ ဘယ်တုန်းကမှ စောဒက မတက်ခဲ့ဖူးဘူး။ ဘယ်လောက်ရမှ ကျွန်တော် ရိုက်နိုင်မယ်ဆိုတာမျိုး မတောင်းဆိုခဲ့ဖူးဘူး။ 

Voice : ထွန်းထွန်းရဲ့ နာမည်ရှေ့မှာ အကယ်ဒမီဆိုတာ ပါသွားတဲ့နောက် ကိုယ့်မှာ ဘယ်လိုမျိုး တာဝန်တွေ ပိုကြီးသွားလဲ။
TT : ကြိုးစားအားထုတ်မှုက အကယ်ဒမီရလို့ဆိုပြီး အရမ်းကြီး Attention ထားနေမှာ မဟုတ်ပါဘူး။ လုပ်စရာ ရှိတဲ့အလုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် ဆက်လုပ်သွားမှာပါ။ တာဝန်ကတော့ အကယ်ဒမီ ရလာမှ မဟုတ်ပါဘူး။ အလုပ်က နေ့တိုင်း လုပ်နေသရွေ့ တာဝန်ယူမှုတွေက ရှိနေတာဆိုတော့ အကယ်ဒမီရလာလို့ ပြောင်းလဲသွားတာမျိုးလည်း မရှိပါဘူး။ 

Voice : အနုပညာလောကကို တစ်ကျော့ ပြန်ဝင်လာချိန်မှာ ဇာတ်ကားတွေ အရင်ကထက် ပိုရိုက်လာရပြီး အကယ်ဒမီဆုကိုပါ ရခဲ့တာဆိုတော့ ရွေးချယ်မှု မှန်တယ်လို့ ပြောရမလား။
TT : ကျွန်တော် ကံကောင်းတာပေါ့။ ကံကောင်းတယ်ဆိုတာ ဆရာကောင်း သမားကောင်း၊ ပတ်ဝန်းကျင်ကောင်းတွေနဲ့ တွေ့တဲ့အတွက် အခုလိုမျိုး ခံစားရပါတယ်။ ကျွန်တော်ရတဲ့ဆုက ကျွန်တော့် တစ်ယောက်တည်းကို ကိုယ်စား မပြုပါဘူး။ ကျွန်တော့် ပတ်ဝန်းကျင်မှာရှိတဲ့ ကျွန်တော့်ကို ပံ့ပိုးပေးနေတဲ့ ပရိသတ်တွေ၊ အတတ်ပညာရှင်တွေ အကုန်လုံးကြောင့် ကျွန်တော် ရခဲ့တဲ့ဆုပါ။ 

Voice : ဂီတနဲ့ပတ်သက်ပြီး ဘာတွေ လုပ်သွားဖို့ရှိလဲ။
TT : ဂီတဘက်ကိုတော့ ကျွန်တော် ခုလောလောဆယ် မလုပ်နိုင်သေးဘူး ဖြစ်နေတယ်။ ကျွန်တော် ဒီနှစ်မှာလည်း ရုပ်ရှင်ရိုက်ကူးရေးတွေနဲ့ပဲ အချိန်ကုန်နေဦးမှာပါ။ 

Voice : ဂီတဘက်ကနေ ဘယ်လိုကြောင့် သရုပ်ဆောင်ဘက်ကို ရောက်လာတာလဲ။ 
TT : ကျွန်တော် ဦးကျော်ဟိန်းဆီကို ၂၀ဝ၂ ခုနှစ်က စရောက်တယ်။ ၂၀ဝ၃ မှာ သူငယ်ချင်းအခန်းတွေ စရိုက်ရတယ်။ အဲဒီအတွက်ကြောင့်လည်း ကျွန်တော်က  တော်တော်လေး ခက်ခဲရုန်းကန်ခဲ့ရတယ်။ ဦးကျော်ဟိန်းကလည်း ကျွန်တော့်ကို ဆူဖူးတယ်။ မင်း ဒီလောက် ကြိုးစားတာလောက်နဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ မင်း သီချင်းသာ ပြန်ဆိုတော့။ ကျွန်တော်က မဟုတ်ဘူး၊ ကျွန်တော် သရုပ်ဆောင် ဖြစ်ချင်တာလို့ ပြောတော့ မင်းသရုပ်ဆောင်ဖြစ်ချင်ရင် ဒီလောက် လေ့လာတာနဲ့ မရဘူးဆိုပြီး ပြောခဲ့တယ်။ ကျွန်တော် အများကြီး လေ့လာခဲ့တယ်။ အခုထိ လေ့လာနေတုန်းပဲ။ ပြီးတော့ အကယ်ဒမီ အမှတ်တရ စကားပြောတုန်းက ကျွန်တော် စင်ပေါ်မှာ အပျော်လွန်ပြီး ဦးကျော်ဟိန်းကို ကျေးဇူးတင်ကြောင်း ပြောဖို့ မေ့သွားခဲ့တယ်။ နောက် စင်အောက် ရောက်တော့မှ  သတိရတာနဲ့ အင်တာဗျူး တစ်ခုမှာတော့ ပြန်ဖြေလိုက်ပါတယ်။ ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ်ခ်မှာလည်း တောင်းပန်စကား ရေးထားပါတယ်။ နောက်တစ်ယောက်က ကျွန်တော့်အစ်ကိုဝမ်းကွဲ ကိုကျော်ဇင်ထွဋ်က ဦးကျော်ဟိန်းဆီကို ကျွန်တော့်ကို ခေါ်သွားပေးခဲ့တာပါ။ အဲဒီနှစ်ယောက်လုံးကို ကျေးဇူးတင်ကြောင်း ပြောဖို့ အဓိက မေ့သွားတယ်။ 

Voice : နောက်ပိုင်းမှာ ဇာတ်ကား ရွေးချယ်မှုပုံစံတွေ အပြောင်းအလဲရှိမလား။
TT : ကျွန်တော့်မှာ တစ်ခုရှိတာက ဒီဇာတ်မျိုးတော့ ရိုက်မယ်၊ ဟိုဇာတ်မျိုးတော့ မရိုက်ချင်ဘူးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ကျွန်တော့်ဆီကို လာတဲ့ဇာတ်တွေ အကုန်လုံးက ကျွန်တော့်လက်ရှိ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ဇာတ်တွေ များတယ်။ အဲဒီမှာမှ ကျွန်တော် အကောင်းဆုံး လုပ်တယ်၊ ကျွန်တော်နဲ့ လိုက်ဖက်မှု  အကောင်းဆုံးရှိတဲ့ဟာတွေကို ဦးစားပေး ရွေးချယ်တယ်။ ဒရမ်မာမှ၊ ဟာသမှဆိုတဲ့ ဟာမျိုး ကျွန်တော့်မှာ မရှိခဲ့ပါဘူး။ 

Voice : နောက်ထပ် အနုပညာလှုပ် ရှားမှု ပြောပြပါဦး။ 
TT : ဒီလထဲမှာ မြင့်မြတ်တို့နဲ့ ဇာတ်ကားတစ်ကား ရိုက်ဖို့ရှိတယ်။ နောက်ပိုင်းလည်း ဇာတ်ကားတွေ ဆက်တိုက် ရိုက်ဖို့ ရှိနေပါတယ်။

Voice : နှင်းဆီအဖွဲ့နဲ့ ဖျော်ဖြေပွဲတွေ လုပ်ဖို့ရှိလား။ 
TT : နှင်းဆီအဖွဲ့နဲ့က ကျွန်တော်တို့ ရန်ကုန်မှာ ခုနစ်လပိုင်း တစ်ပွဲရှိမယ်။ ရန်ကုန် တစ်ပွဲက ပြီးတာနဲ့ ကိုးလပိုင်းမှာ အမေရိကား သွားဖို့ရှိတယ်။

Voice : ပရိသတ်ကို ဘာများ ဖြည့်စွက်ပြောချင်လဲ။
TT : ပရိသတ်တွေ နောက်ထပ် လက်မတွေ ထပ်ထောင်နိုင်ဖို့အတွက် ကျွန်တော် ကြိုးစားနေပါတယ်။ 

ဆုအိန္ဒြေဦး


  • VIA