News

POST TYPE

RELAX

ကရင်ပြည်နယ် မြောက်ပိုင်းတွင် ကမ္ဘာ့ရှားပါးမျိုးစိတ် ၁၇ မျိုးတွေ့ရှိ
ရန်ကုန်၊ မတ် ၁၀

မြန်မာနိုင်ငံအတွင်း လုံခြုံရေးနှင့် နိုင်ငံရေး အခြေအနေများကြောင့် စာရင်း သေချာ ကောက်ယူရရှိခြင်း မရှိသေးသည့် ကရင်ပြည်နယ် မြောက်ပိုင်းကို လေ့လာရာတွင် ကမ္ဘာ့ရှားပါးမျိုးစိတ် ၁၇ မျိုး တွေ့ရှိရကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) က ထုတ်ပြန်ထားသည်။

အဆိုပါ နယ်မြေတွင် ကင်မရာ ထောင်ချောက် ခြောက်ကြိမ် တပ်ဆင်ပြီး စာရင်း ကောက်ယူခဲ့ရာ ကျား၊ ကျားသစ်နှင့် အာရှဆင်များ အပါအဝင် နို့တိုက်သတ္တဝါ အမျိုးအစားပေါင်း ၃၁ မျိုးတွေ့ရှိပြီး ကမ္ဘာ့ရှားပါးမျိုးစိတ် ၁၇ မျိုး ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

“ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ ဒီလောက် သားငှက်တိရစ္ဆာန် ပေါကြွယ်ဝတာမျိုး တွေ့ဖို့ ခဲယဉ်းပါတယ်။ ဒီဒေသက ကရင်လူမျိုးတွေရဲ့ ကြိုးပမ်း ထိန်းသိမ်းခဲ့မှုက ဒီဒေသအကြီး အတွင်းက နောက်ဆုံး ကျားတွေ၊ အာရှဆင်တွေနဲ့ တခြားမျိုးစိတ်ပေါင်း များစွာအတွက် ခိုလှုံရာဖြစ်တယ်”ဟု ဩစတြေးလျ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Wildlife Asia မှ ညွှန်ကြားရေးမှူး ကလဲကမ့်ဘဲက ဆိုသည်။

“ကရင်လူမျိုးတွေမှာ သူတို့ရဲ့ သစ်တောနဲ့ သားငှက်တွေနဲ့ပတ်သက်ပြီး ရှုပ်ထွေးလှတဲ့ အသိပညာ ဗဟုသုတ ရှိနေတာက ဒီဒေသမှာ သားငှက်တိရစ္ဆာန် ပေါကြွယ်ဝလှတဲ့ တိုက်ရိုက် အကြောင်းအရင်းခံပဲ ဖြစ်ပါတယ်။ ဒီနောက်ဆုံး လက်ကျန် သဘာဝနယ်မြေကြီးကို ကာကွယ်ဖို့ဆိုရင်တော့ အခုပဲ လုပ်ဆောင်မှဖြစ်ပါလိမ့်မယ်”ဟု ကရင် သားငှက်ထိန်းသိမ်းရေး အဖွဲ့ (KWCI)မှ စစ်တမ်းဦးဆောင်ပြုစုသူ စောရှာဘွဲ့မှူးက ဆိုသည်။

တရားမဝင် သားငှက်တိရစ္ဆာန် ကုန်သွယ်မှု များလာခြင်းကြောင့် ဒေသအတွင်း တရားမဝင် အမဲလိုက်သတ်ဖြတ်မှုများ တိုးပွားလာနေပြီး အဆိုပါ စစ်တမ်း ကောက်ယူနေချိန်တွင် တရားမဝင် အမဲလိုက်သူများကိုလည်း ကင်မရာ ထောင်ချောက်မှတစ်ဆင့် တွေ့ရှိရကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) ၏ ထုတ်ပြန်ချက်အရ သိရသည်။