POST TYPE

RELAX

သဘာဝ ဘေးမဲ့တော တည်ထောင်ခွင့် တောင်းခံမှု တိုင်းအစိုးရအဖွဲ့ စိစစ်
တောင်ငူ၊ ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ် အုတ်တွင်း-ပေါက်ခေါင်းလမ်း မိုင်၂၀ ကျေးရွာအနီးတွင် အကောင်အထည်ဖော်မည့် သဘာဝ ဘေးမဲ့တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်း စောင့်ရှောက်ရေးစခန်း တည်ထောင်ခွင့် တောင်းခံမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စိစစ်နေကြောင်း ပဲခူး တိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဦးကျော်မင်းစံက ပြောကြားသည်။

အဆိုပါ ဆင်ကြည့်စခန်းကို Save Elephant ဖောင်ဒေးရှင်းနှင့် Thiri Multi Purpose Co.,Ltd တို့ ပူးပေါင်းကာ လုပ်ဆောင်မည်ဖြစ်ပြီး၊ ယင်းကုမ္ပဏီက ဆင်ကြည့်စခန်း တည်ထောင်ခွင့်အတွက် ၂၀၁၆ ခုနှစ်က လျှောက်ထားခဲ့ပြီး တိုင်းဒေသကြီး အစိုးရက စိစစ်နေဆဲသာဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

သဘာဝ ဘေးမဲ့တော တည်ထောင် လုပ်ကိုင်ရန်အတွက် လွန်ခဲ့သော ၁၀ လ ခန့်က ကွင်းဆင်း တိုင်းတာမှုများ လုပ်ဆောင်ထားကြောင်း၊ ဦးဆောင်နေသူမှာ ယခင် မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးအုန်းမြင့် ဖြစ်နေသည့်အပြင် ယခင်ပြည်ထောင်စု အစိုးရအဖွဲ့မှ ခွင့်ပြုချက် ရရှိပြီးသားဖြစ်သည့်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုချက်ပေးရမည်ဖြစ်ကြောင်း Save Elephant Foundation မှ တောင်ငူ ခရိုင်တာဝန်ခံ ဦးခင်မောင်ဝင်းက ပြောကြားသည်။

“သဘာဝ ပတ်ဝန်းကျင်အတွက် သစ်တောတွေကို ထိန်းသိမ်းရာလည်း ရောက်သလို တောရိုင်း တိရစ္ဆာန်တွေကိုလည်း သဘာဝအတိုင်း နေထိုင်ကျက်စား ခွင့်ရမယ့် စီမံကိန်းပါ၊ အဓိက လုပ်ဆောင်သွားမှာက သဘာဝ အခြေခံ ခရီးသွား လေ့လာရေး လုပ်ငန်းဖြစ်တာကြောင့်  တိရစ္ဆာန်တွေ လွတ်လပ်စွာ သွားလာလှုပ်ရှား ရှာဖွေစားသောက်နိုင်ဖို့ အတွက်ပါ”ဟု ၎င်းက ရှင်းပြသည်။

သဘာဝ ဘေးမဲ့တောရိုင်း တိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းကို ပဲခူး တိုင်းဒေသကြီး အုတ်တွင်းမြို့နယ် အုတ်တွင်း- ပေါက်ခေါင်းလမ်း မိုင် ၂၀ ကျေးရွာအနီး ပဲခူးရိုးမ တောတွင်းတစ်နေရာတွင် ဧက ၁၆၀ဝ၀ ခန့် အကျယ်တွင် လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ယင်းနေရာ အနီးတစ်ဝိုက်တွင် Save Elephant Foundation မှ ဆင်ဆေးရုံ ဆောက်လုပ်ရန် ပြင်ဆင်ထားသည့် နေရာတစ်ခုရှိကြောင်း အဆိုပါ ဖောင်ဒေးရှင်းထံမှ သိရှိရသည်။

“မိုင်၂၀ အလွန် ပဲခူးရိုးမ ပြောင်ချောင်းအနီးမှာ လက်ရှိ လေ့လာထားတဲ့ အနေအထားအရ တောဆင်ရိုင်းကောင်ရေ ၂၀ နီးပါး ရှိနိုင်သလို ကျားတွေအထိ ရှိနေနိုင်တယ်လို့ သိရှိထားပါတယ်”ဟု အဆိုပါ ဆင်စခန်းတစ်ခု တည်ဆောက်ရန် ကနဦး ကွင်းဆင်းတိုင်းတာ စစ်ဆေးစဉ်က လိုက်ပါခဲ့သူ အသက် ၅၀ ခန့်အရွယ် အမျိုးသားကြီးတစ်ဦးက ဆိုသည်။                                                    

R-15