POST TYPE

RELAX

ပုညခင်နဲ့ တွေ့ဆုံခြင်း
11-Jan-2017 tagged as

နာမည်ကျော် စာရေးဆရာမ ပုညခင်နဲ့ တွေ့ဆုံပြီး အရှေ့တံခါး အဝင် ဝတ္ထုကို ရွှေကြာအမည်နဲ့ ရုပ်ရှင် ဇာတ်ကားအဖြစ် ရိုက်ကူးပုံဖော်မယ့်အပေါ် သူ့ခံစားမှု၊ ဇန်နဝါရီလအတွင်း ထွက်ရှိမယ့် ချင်းပြည်နယ်နောက်ခံ တောင်တန်းတွေရဲ့အလွန် ဝတ္ထုသစ်အကြောင်းနဲ့ ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးသွားမယ့် ဝတ္ထုများအကြောင်းကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။ 

Voice : အရှေ့တံခါးအဝင် ဝတ္ထုကို ဒါရိုက်တာ ဝိုင်းက ရွှေကြာအမည်နဲ့ ရုပ်ရှင် ရိုက်တော့မယ်လို့ သိရပါတယ်။ ဝတ္ထုကနေ ရုပ်ရှင်အဖြစ် ပြောင်း ရိုက်ဖို့အတွက် ဒါရိုက်တာနဲ့ ဘယ်လို ညှိနှိုင်း သတောတူညီမှု ယူထားလဲ။
PNK : အဲ့ဒါကတော့ အစ်မနဲ့ ကိုဝိုင်းနဲ့ ညှိထားပါတယ်။ သူကလည်း ရုပ်ရှင်အနေနဲ့ ရိုက်ရင် ပြောင်းချင်တဲ့ဟာလေးတွေ ရှိတယ်ပေါ့နော်။ ဥပမာ- အရှေ့တံခါးအဝင်ဆိုတဲ့ ဝတ္ထုနာမည်ကို ရွှေကြာလို့ ပြောင်းချင်တယ်တဲ့။  အစ်မကကျတော့ အရှေ့တံခါးအဝင်ဆိုတဲ့ ခေါင်းစဉ်လေးအတိုင်းပဲ ထားချင်တယ်ပေါ့။ ဒါပေမဲ့ သူကကျတော့ ရုပ်ရှင်အနေနဲ့ သူ ပြောင်းချင်လေးတွေ ပြောပြတော့ အစ်မလည်း ပြောင်းခွင့်ပြုထားပါတယ်။ အစ်မတို့ နှစ်ယောက် တိုင်ပင်ညှိနှိုင်းပြီးတော့ သူပြောင်းချင်တဲ့ ဟာလေးတွေကို ပြောင်းခွင့်ပြုထားပါတယ်။

Voice : နာမည်ကြီး ဝတ္ထုတွေကို ရုပ်ရှင် ပြန်ရိုက်ရင် စာအုပ်ဖတ်တုန်းက ခံစားမှုမျိုး မရဘဲ ပေါ့သွားတယ်လို့ တချို့ စာဖတ်ပရိသတ်တွေက ထင်ကြတယ်လေ။ အဲ့ဒီလို ပရိသတ်တွေကိုရော စာရေးသူ တစ်ယောက် အနေနဲ့ ဘာများ ကြိုပြောထားချင်လဲ။
PNK : အဲ့ဒါကျတော့ ဝတ္ထုက တစ်အားပေါက်ထားတဲ့အတွက် လူတွေက ဝတ္ထုကိုအရမ်း စွဲနေကြတာပေါ့နော်။ တစ်ခါတလေကျတော့ ရုပ်ရှင်ပြန်ရိုက်ရင် ဝတ္ထုအတိုင်း မဖြစ်ဘူး ထင်ပြီး တချို့က မကြိုက်တာမျိုးတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ ဒါရိုက်တာ အနေနဲ့ကျတော့ အရမ်းပေါက်တဲ့ ဝတ္ထုတစ်အုပ်ကို ရုပ်ရှင် ရိုက်ရတာက သူတို့အတွက် တာဝန်ကြီးတယ်လေ။ အစ်မကတော့ အရှေ့တံခါးအဝင်ကို ဝတ္ထုအနေနဲ့ အောင်မြင်ပြီးသွားပြီပေါ့နော်။ ရုပ်ရှင်မှာ အောင်မြင်ဖို့ကျတော့ ဒါရိုက်တာ အပေါ်မှာပဲ တာဝန်ကျရောက်သွားတာပေါ့။ ဒါရိုက်တာ အနေနဲ့ကလည်း စာအုပ်လောက် မကောင်းဘူးလို့ အပြော မခံရအောင်၊ ရုပ်ရှင်အနေနဲ့ အကောင်းဆုံး ဖြစ်အောင် ရိုက်လိမ့်မယ်လို့ အစ်မ ထင်ပါတယ်။

Voice : အရှေ့တံခါးအဝင် ဝတ္ထုနဲ့ ပတ်သက်ပြီး စာဖတ် ပရိသတ်တွေ ဆီကရော ဘယ်လို တုံ့ပြန်အားပေးမှုတွေရခဲ့လဲ။
PNK : စာဖတ် ပရိသတ်တွေဆီက ပြန်ကြားရတာတွေကတော့ အရမ်း ကောင်းပါတယ်။ ဒီဝတ္ထုလေးက လူလူချင်း စာနာစိတ်ကို ဖြစ်စေတယ်ပေါ့နော်။ ဘယ်လို ဘဝတွေမှာပဲ ရှိနေနေ လူဆိုတာကတော့ လူသား တစ်ယောက်ပဲပေါ့နော်။ လူသား တစ်ယောက် ခံစားထိုက်တဲ့ အခွင့်အရေးတွေကိုလည်း ခံစားသင့်တယ်ပေါ့။ အဲ့ဒီလို အသိမျိုးတွေကို စာဖတ် ပရိသတ်ကို ပေးနိုင်ခဲ့တယ်။ အခုခေတ်မှာဆို စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတဲ့ မိန်းကလေးတွေ ရှိခဲ့ရင်လည်း ဒီလိုဘဝမျိုးက ဘယ်လောက်တောင် ကြောက်စရာ ကောင်းတယ်ဆိုတာကို သိသွားတယ်ပေါ့။ ဒီလိုဘဝမျိုးကို ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဝင်မလာဖြစ်တော့ဘူးပေါ့။ မိဘတွေ အနေနဲ့ကလည်း ကိုယ့်သမီး မိန်းကလေးတွေကို ဒီလိုဘဝမျိုးတွေ မရောက်အောင် ဘယ်လို ထိန်းသိမ်း စောင့်ရှောက်ရမလဲ ဆိုတဲ့ အသိမျိုးတွေ ဝင်သွားစေခဲ့ပါတယ်။

Voice : ရေးလက်စ ချင်းပြည်နယ်နောက်ခံ တောင်တန်းတွေရဲ့ အလွန် ဝတ္ထုကရော ပြီးသွားပြီလား။
PNK : အဲ့ဒီဝတ္ထုကိုတော့ ဇန်နဝါရီလကုန်ပိုင်းလောက် ထွက်နိုင်အောင် အစ်မ စီစဉ်နေပါတယ်။ ဒီဟာကို Limited Edition လည်း ထုတ်ဖြစ်ပါမယ်။ လူတွေက တစ်ခါတလေကျရင် Limited Edition လို့ ပြောလိုက်ရင် နားလည်မှု လွဲသွားတာမျိုး ရှိတာပေါ့နော်။ ဒီလိုဖြန့်ချိမှု ပုံစံမျိုးက အစ်မတို့နိုင်ငံနဲ့ သိပ်မရင်းနှီးသေးတော့ စာအုပ်မှာ အစ်မက စလုပ်မယ့် သဘောပေါ့နော်။ Limited Edition လို့ပြောလိုက်ရင် စာအုပ်ထွက်ချိန်မှာ စာဖတ်သူတွေက မရလိုက်မှာ အရမ်းစိုးတာ။ အစ်မကကျတော့ ပုံမှန်ထုတ်တဲ့ အရည်အသွေးမျိုးနဲ့ စာအုပ်တွေကိုလည်း ပရိသတ်တွေ လိုသလောက် ရိုက်ပြီး ထုတ်ပေးမှာပါ။ Limited Edition ဆိုတာကတော့ အထူးထုတ် သဘောမျိုးပေါ့နော်။ ဒါလေးကို အစ်မက အလှကတ်ထူ ဘူးလေးနဲ့ အိတ်ကလေးနဲ့ ထည့်ပေးမယ်။ ကတ်တလောက်လေးလည်း ထည့်ပေးမယ်။ အဲ့ဒါကတော့ ကန့်သတ်စောင်ရေ ရာဂဏန်းလောက်ပဲ ထုတ်ပေးမှာပေါ့။ ပုံမှန်စောင်ရေကတော့ သောင်းဂဏန်းလောက် ဖြစ်ချင်လည်း ဖြစ်မယ်။ ဒီနှစ်မျိုးက ဈေးနှုန်းတော့ ကွာမှာပေါ့နော်။ အမှတ်တရ သိမ်းချင်တဲ့သူတွေကတော့ Limited Edition ကို ဝယ်လို့ရမှာပေါ့။

Voice : တောင်တန်းတွေရဲ့ အလွန် ဝတ္ထုထွက်ရင်ရော စာဖတ်ပရိသတ်တွေနဲ့ တွေ့ဆုံပွဲရော လုပ်ဦးမလား။
PNK : ပထမတော့ အစ်မက စာအုပ် ထွက်ပြီးရင် ပွဲတွေ မလုပ်တော့ဘူးလို့ စဉ်းစားထားတာပါ။ အစ်မအတွက်က စာအုပ် တစ်အုပ်ရေးပြီးရင် အရမ်း ပင်ပန်းတယ်။ ပွဲတစ်ခါ ထပ်လုပ်ရင် တစ်ခါ ပင်ပန်းတတ်တယ်။ စာအုပ် တစ်အုပ် ရေးပြီးတဲ့အချိန်မှာ အေးအေးချမ်းချမ်းလေး နားပြီး နောက် တစ်အုပ် ရေးဖို့အတွက် အားမွေးချင်တာပေါ့နော်။ ဒါပေမဲ့ ပရိသတ်ကကျတော့ အစ်မကို တွေ့ချင်တယ်လို့ တောင်းဆိုတဲ့အတွက် ပွဲလုပ်ပေးမယ်။ ရန်ကုန်မှာရော၊ မန္တလေးမှာပါ ပွဲလုပ်ပေးမယ်။ ဒီလိုပရိသတ်တွေနဲ့ တွေ့ဆုံပွဲအပြင် နောက်ထပ် ထူးထူးခြားခြားပွဲလေး တစ်ခုလည်း အစ်မ လုပ်ဖြစ်မယ်။ အဲ့ဒီဟာကတော့ သီးသန့် ပွဲလေး လုပ်ပါမယ်။

Voice : တောင်တန်းတွေရဲ့ အလွန်ကျတော့ ဘယ်လိုဇာတ်လမ်း၊ ဇာတ်ကွက်မျိုးကို အခြေခံပြီး ရေးထားတာလဲ။
PNK : အဲ့ဒါကကျတော့ ၂၀၁၆၊ နှစ်ဆန်းပိုင်းလောက်တုန်းက စာဖတ်ရှိန် မြှင့်တင်ရေး ခရီးစဉ်အနေနဲ့ ချင်းပြည်နယ်ကို သွားခဲ့တယ်။ အဲ့ဒီလို သွားဖို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးတွေက စီစဉ်ပြီးတော့ ဖိတ်ခေါ်ပေးတာပါ။ အဲ့ဒီခရီးစဉ်မှာ ဖလမ်းကိုသွားပြီး လူငယ်တွေနဲ့ စကားပြောဖြစ်တယ်။ စာဖတ်ရှိန် မြင့်တက်လာအောင်၊ စာဖတ်တာကို ပိုပြီးတော့ စိတ်ဝင်စားလာအောင် အစ်မ တတ်နိုင်သလောက် လှုံ့ဆော် ပေးခဲ့တယ်။ သူတို့တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်မှာ လေသာတောင်တန်းတစ်လျှောက် ရှုခင်းတွေ၊ အလှအပတွေ၊ သူတို့ရဲ့ ဓလေ့ထုံးစံတွေကို အစ်မ လေ့လာခဲ့တယ်။ ချင်းတိုင်းရင်းသားတွေ တော်တော်များများနဲ့လည်း စကားပြောဖြစ်တဲ့ အချိန်မှာ ဒီဝတ္ထုရဲ့ ဇာတ်လမ်းကို စပြီး စဉ်းစားဖြစ်တယ်။ အထူးသဖြင့် လေထန်ကုန်းကို ရောက်တဲ့အခါမှာ အစ်မရဲ့ ခေါင်းထဲမှာ ပေါ်လာတယ်။ အဲ့ဒီခရီးစဉ်မှာပဲ ဒီဝတ္ထုကို ရေးမယ်လို့ အစ်မ ဆုံးဖြတ်လိုက်တယ်။ ရေးမယ်လို့ ဆုံးဖြတ်ပြီးတဲ့ အချိန်မှာလည်း ချင်းပြည်နယ်မှာရှိတဲ့ လူတွေနဲ့ အမြဲတမ်း ဖုန်းအခါခါ ဆက်ပြီး ပြောရတယ်။ သတင်း အချက်အလက်တွေ မေးရတယ်။ ချင်းတိုင်းရင်းသား လူငယ်တွေနဲ့ တွေ့ရတယ်။ ချင်းသုတေသီနဲ့ တွေ့ရတယ်။ ချင်းမီဒီယာက လူတွေ၊ ချင်းတိုင်းရင်းသား ဟိုတယ်နဲ့ ခရီး သွားလာရေး လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ရတယ်။ လုပ်ငန်း အသီးသီးမှာ ကျင်လည်နေတဲ့ ချင်းတိုင်းရင်းသားတွေနဲ့လည်း အင်တာဗျူးတွေ လုပ်ရတယ်။

Voice : အစ်မ ရေးပြီးသား ဝတ္ထုတွေထဲက ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးဖို့ သဘောတူထားတာတွေ ရှိရင်လည်း ပြောပြပေးပါဦး။
PNK : ဒီနှစ်ထဲမှာတော့ အနောက်တောင် အရပ်မှလာခဲ့သူ၊ အထက်တန်းစားရေနဲ့ မင်္ဂလာပါဆရာမ ဝတ္ထုသုံးအုပ်ကိုလည်း ရုပ်ရှင် ရိုက်ဖြစ်ပါမယ်။ သရုပ်ဆောင်တွေကတော့ အစ်မတို့ ရွေးချယ်နေတုန်းပဲ ရှိပါသေးတယ်။ အထက်တန်းစားရေကတော့ ကိုဝိုင်း ရိုက်မှာပါ။ ကျန်တဲ့ အကြောင်းအရာတွေကတော့ အစ်မတို့ ထပ်ပြီးတော့ ထုတ်ပြန်ပေးပါမယ်။ ဒီနှစ်ထဲမှာ အစ်မက စိတ်ကူး အသစ်တွေနဲ့ အနုပညာ ဖန်တီးမှု အသစ်တွေ လုပ်သွားဖို့လည်း ရှိပါသေးတယ်။ ၂၀၁၆ ခုနှစ်ထဲမှာ ပရိသတ်တွေကို ချပြခဲ့တဲ့ အနုပညာတွေနဲ့ အသွင်ကွဲတဲ့ အနုပညာ ဖန်တီးမှုတွေကိုလည်း ဒီနှစ်ထဲမှာလုပ်ဖို့ စဉ်းစားထားတာ ရှိပါတယ်။ ပရိသတ်တွေ တောင်းဆိုတဲ့ အစ်မရဲ့ စာအုပ်တွေကိုလည်း ဒုတိယအကြိမ် ထပ်ထုတ်ပေးသွားပါမယ်။ 

သန့်ဇင်ဦး

  • TAGS