News

POST TYPE

RELAX

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ တည်ထောင်ရေး ဦးဆောင် ကော်မတီဝင် ဦးမျိုးဆွေနှင့် တွေ့ဆုံခြင်း
11-Jan-2017 tagged as

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ တည်ထောင်ရန်  ဇန်နဝါရီ ၈ ရက်၌ ဦးဆောင် ကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။ ယခု တည်ထောင်ရန် စီစဉ်နေသည့် ALD ပါတီသည် ယခင်ကလည်း ယင်းအမည်ဖြင့် ပါတီ တည်ထောင်ခဲ့ဖူးပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(RNDP)နှင့် ပေါင်းစည်းကာ ရခိုင်အမျိုးသားပါတီ (ALD)အဖြစ် မှတ်ပုံတင်ခဲ့သည့် ပါတီဖြစ်သည်။ ယခုအသစ် တစ်ဖန် ပြန်လည် ဖွဲ့စည်းတည်ထောင်ရန် စီစဉ်နေသည့် ALD ပါတီတွင် ယခင် ALD ပါတီမှ ခေါင်းဆောင်ဟောင်းများ ပြန်လည် ပါဝင်လာမည်ဖြစ်ပြီး ယင်းပါတီ၏ လမ်းစဉ်များ၊ မူဝါဒများ၊ သဘောထားများနှင့် ပတ်သက်ပြီး ပါတီ တည်ထောင်ရေး ဦးဆောင် ကော်မတီဝင် ဦးမျိုးဆွေနှင့် The Voice က တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

Voice : ပါတီကို ဘယ်တော့လောက် မှတ်ပုံတင်သွားမလဲ။ 
UMS : ဖေဖော်ဝါရီလမှာ တင်သွားမှာပါ။ အဖွဲ့ကိုယ်စား ဦးမျိုးကျော်က စီစဉ်နေပါတယ်။ အခု လောလောဆယ် သူ ကိုယ်ရေးအချက်အလက်တွေ လိုအပ်တာတွေ စီစဉ်နေပါတယ်။

Voice : ပါတီခေါင်းဆောင်၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စတဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် ရာထူးတွေကို လျာထားတာမျိုး ရှိပြီလား။
UMS : အခုက ထူထောင်ဖို့ အဆင့်ပဲ ရှိသေးတယ်။ CEC တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ကို လမ်း ဖွင့်ပေးဦးမယ်။ ရခိုင်အရေးမှာ ပါဝင်ချင်သူတွေအတွက် ရခိုင်ပြည်နယ်ထဲက ၁၇ မြို့နယ်ထဲမှာ ဦးဆောင် ကော်မတီထဲက မြို့နယ်လူတွေထဲက CEC အဖွဲ့က တင်မြှောက်သွားမှာပါ။ မြို့နယ်ထဲမှာ ညီလာခံတွေ လုပ်ပြီးတော့ ရွေးချယ်သွားမှာပါ။ ထိပ်ပိုင်းမှာ တာဝန်ယူနိုင်သူတွေကို ဖိတ်ခေါ်သွားဦးမှာပါ။

Voice : ပါတီမှာ ပါချင်သူတွေကို မြို့နယ် ၁၇ မြို့နယ် မှာ ဘယ်လိုပုံစံနဲ့ ဖိတ်ခေါ်ရွေးချယ်သွားမလဲ။
UMS : မြို့နယ် အသီးသီးမှာရှိတဲ့ ဦးဆောင် ကော်မတီဝင်တွေကို ပြောထားတယ်။ မြို့နယ်ထဲမှာ တော်တဲ့သူတွေ၊ ပါဝင်ချင်တဲ့သူတွေကို လမ်းဖွင့်ပေးဖို့ ကြိုးစားမှာပါ။

Voice : ပါတီမှာ ဦးအေးသာအောင်ပါမယ်လို့ ကြားနေရတယ်။ အဲဒီ့အပေါ်မှာရော။
UMS : ကျွန်တော်တို့ပါတီမှာ ဦးအေးသာအောင် ပါမယ်ဆိုတာကို သေချာပေါက် ပြောလို့တော့ မရသေးဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေ ရှိတယ်။ သူ့ဆန္ဒက အဓိကပါ။ ကာယံကရှင်က လက်ခံရင် ပါလာမယ်။ ရွေးချယ်တာ ကိုတော့  ကျွန်တော်တို့ လုပ်ထားတယ်။ သူလုပ်မယ် ဆိုရင်တော့ အားလုံးက ဆန္ဒရှိတယ်။ 

Voice : ဦးအေးသာအောင်သာ ပါတီမှာ ပါလာမယ်ဆို ဘယ်နေရာအတွက် လျာထားပါသလဲ။
UMS : ဥက္ကဋ္ဌ လုပ်ဖို့တော့ အားလုံးက ဆန္ဒရှိတယ်။ ဘုတ်လုပ်တာကို ကျွန်တော်တို့ အားလုံးက လုပ်မှာပဲ။ သူ ဦးဆောင်ပေးနိုင်၊ မပေးနိုင်ဆိုတဲ့အပေါ်မှာ မူတည်ပြီး ကျန်တဲ့သူတွေက ဆုံးဖြတ်ချက် ချမှတ်သွားမယ်။ ဥက္ကဋ္ဌ လုပ်ဖို့ကိုတော့ မျှော်လင့်တယ်။ ပါတီအတွက် ဘယ်လောက် ပေးဆပ်နိုင်လဲ ဘယ်အတိုင်းတာထိ ဦးဆောင်ပေးနိုင်မလဲ။ နာယက အနေနဲ့လည်း အဖွဲ့က လက်ခံမယ်။ သူ လုပ်နိုင်လို့ ဆုံးဖြတ်ရင် ကျန်တဲ့သူတွေက ထောက်ခံဖို့ အသင့်ပဲ။ သူက လက်ရှိ တာဝန်တွေအရ မဖြစ်နိုင်ဘူး။ နာယက အနေနဲ့ပဲ ဦးဆောင်မယ်ဆိုရင်လည်း သူ့နောက်က လိုက်ဖို့အသင့်ပါပဲ။ သူ့ အပေါ်မှာ မူတည်ပါတယ်။ သူ့ကို ကမ်းလှမ်းဖို့ လုပ်နေပါတယ်။

Voice : ပါတီ တည်ထောင်ရခြင်း အဓိက ရည်ရွယ်ချက်ကို ပြောပြပေးပါဦး။
UMS : ကျွန်တော်တို့ ပါတီကို ဖွဲ့စည်းတဲ့အခါမှာ လူငယ်၊ အမျိုးသမီး ပါသင့်ပါထိုက်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်စေချင်တဲ့ တစ်ချက်။ အခြေခံထားရမယ့် စိတ်ဓာတ်ပေါ့။ ပါတီဖွဲ့ရခြင်း ရည်ရွယ်ချက်က ရခိုင် အမျိုးသား ပုံရိပ်က ကျနေတယ်။ ရခိုင်ဆိုရင် အခြား တိုင်းရင်းသားတွေက အစွန်းရောက်နေတဲ့သူလို့ ထင်နေတယ်။ ကျန်တဲ့လူမျိုးရေး မုန်းတီးရေးတွေကို ဖယ်ပြီးတော့ တိုင်းရင်းသား အားလုံးနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ ပြည်နယ် ကောင်းကျိုးကို လုပ်သွားချင်တယ်။

Voice : ပါတီရဲ့ မူဝါဒပိုင်းက ဘာလဲ။
UMS : ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ မူဝါဒက ၈၈ တည်းက ထူထောင်ချိန်ကပါလာတဲ့ ဖက်ဒရယ်နိုင်ငံ ထူထောင်ရေး၊ တိုင်းရင်းသား အားလုံး တန်းတူညီမျှရေးကို အခြေခံထားတယ်။ ရခိုင်ဒေသမှာ ဖြစ်နေတဲ့ ပဋိပက္ခကိုလည်း ငြိမ်းချမ်းစွာ တရားဥပဒေ စိုးမိုးချင်တယ်။ လုပ်ငန်းစဉ်ထဲမှာ ပါသွားမယ်။

Voice : ပါတီ တည်ထောင်တာနဲ့ ပတ်သက်ပြီး တောင်ကုတ် ဒေသခံတွေ ဆန္ဒပြကြတဲ့အပေါ် ဘာများ ပြောချင်ပါသလဲ။
UMS : ဆန္ဒပြရခြင်း အကြောင်းက ရခိုင်မှာ ပါတီ မကွဲစေချင်ဘူး ဆိုတာကို ပြတာလို့ နားလည်တယ်။ ဒါကတော့ နှိုက်နှိုက်ချွတ်ချွတ် မသိလို့ပြတာ ဒီမိုကရေစီ နိုင်ငံမှာ လွတ်လွတ်လပ်လပ် ပြလို့ရတယ်။ ပါတီထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေ၊ အခြေအနေတွေ နားလည်ရင်တော့ ပြမှာမဟုတ်ဘူး။ နားမလည်လို့ ပြတယ်လို့ပဲ  ပြောချင်ပါတယ်။

Voice : ပါတီရုံးကို ဘယ်နေရာတွေမှာ ဖွင့်လှစ်သွားမယ်လို့ စီစဉ်ထားသလဲ။ 
UMS : ဗဟိုရုံးချုပ်ကို ရခိုင်ပြည်နယ် ကျောက်တော်မှာ စီစဉ်ထားတယ်။ ရုံးခွဲကို ရန်ကုန်မှာ ဘယ်နေရာမှာ လုပ်မယ်တော့ မသိသေးဘူး။

Voice : ဘာများ ဖြည့်စွက် ပြောချင်ပါသလဲ။
UMS : ကျွန်တော်တို့ အမြင်အရ ရခိုင်ပြည်နယ် အမျိုးသားတွေအတွက် နိုင်ငံရေးအရ ဦးဆောင်မယ့် ပါတီ တစ်ခု လိုအပ်လို့ ထူထောင်တာ။ ကျန်တဲ့သူတွေ ကျယ်ကျယ်ပြန့်ပြန့် ပါလာအောင် လုပ်သွားမယ်။ နဂိုရှိသူတွေအနေနဲ့ ကာထားမှာ မဟုတ်ဘူး။ တကယ့်ကို လုပ်နိုင်တဲ့သူတွေ လက်ထဲ ထည့်ချင်တာပါ။ ရခိုင်ကို လူမှန်တွေ လက်ထဲ ထည့်ချင်တာပါ။

(ယခင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီဟောင်းတွင် ဥက္ကဋ္ဌ တာဝန်ကို ဦးအေးသာအောင်၊ ဒုဥက္ကဋ္ဌ (၁) ဦးကျော်မြင့်၊ ဒုဥက္ကဋ္ဌ (၂) ဦးအေးကျော်၊ အတွင်းရေးမှူး ဦးမျိုးကျော်၊ အထွေထွေ အတွင်းရေးမှူး ဦးဘကျော်၊ ဘဏ္ဍာရေးမှူး  ဦးမျိုးဆွေ၊ အလုပ် အမှုဆောင်အဖွဲ့တွင် ဒေါ်တင်မေအောင်၊ ဦးလှမြင့်တို့ ပါဝင်ခဲ့သည်။)

ခင်မြတ်မြတ်ဝေ

  • TAGS