News

POST TYPE

RELAX

ဆာ ရစ်ချတ် ဘရန်ဆန်
10-Jan-2017 tagged as


“စိတ်ထားကောင်းဖို့ လိုတယ်။ ဟာသအမြင် ကောင်းလည်း ရှိဖို့လိုတယ်”

ဆာ ရစ်ချတ် ဘရန်ဆန် (Sir Richard Branson) သည် သူ၏ ပထမဆုံး လုပ်ငန်းအဖြစ် Student ဆိုသည့် မဂ္ဂဇင်း တစ်စောင်ကို ထုတ်ဝေခဲ့သည်။ ထိုအချိန်က သူ့အသက်မှာ ၁၆ နှစ်ခန့်သာ ရှိသေးသည်။ နောက်ပိုင်း ဂီတဘက် စိတ်ရောက်ပြီး လန်ဒန်၊ အောက်စ်ဖို့ဒ်လမ်းတွင် Virgin ဆိုသည့် ဓာတ်ပြားဆိုင်လေး တစ်ဆိုင်ဖွင့်သည်။ Virgin ဆိုသည့် အမည်ဖြင့်ပင် ဓာတ်ပြားသွင်းသည့် လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ထိုလုပ်ငန်းကို ၁၉၉၂ ခုနှစ်တွင် စတာလင်ပေါင် ၁ ဘီလီယံဖြင့် EMI ကုမ္ပဏီကို ရောင်းချခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် Virgin Atlantic Airway ဆိုသည့် လေကြောင်းလိုင်းကို ထူထောင်သည်။ ၁၉၉၉ တွင် Virgin Mobile ကုမ္ပဏီကို ထူထောင်ပြီး ၂၀၀၄ ခုနှစ်တွင် Virgin Galactic ကို ထူထောင်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အတွင်း Virgin လုပ်ငန်းစုသည် ဒေါ်လာဘီလီယံချီ တန်ကြေးရှိသည့် ကုမ္ပဏီ သုံးခုကို ထူထောင်နိုင်ခဲ့သည်။ Virgin Blue ဆိုသည့် သြစတြေးလျ လေကြောင်းလိုင်း၊ ဗြိတိန်တွင် Virgin Mobile နှင့် အမေရိကန် ပြည်ထောင်စုတွင် Virgin Mobile တို့ဖြစ်သည်။ Virgin ဆိုသည့် အမှတ်တံဆိပ်အောက်တွင် သူ ထူထောင်နိုင်ခဲ့သော လုပ်ငန်းခွဲပေါင်းမှာ ၃၆၀ ခန့် ရှိသည်။ 

Virgin အုပ်စုသည် ယခုအခါ ဒေါ်လာဘီလီယံ ၂၀ ခန့် ရင်းနှီးမြှုပ်နှံ ထားနိုင်ခဲ့ပြီး ဝန်ထမ်းပေါင်း ၃၅၀၀၀ ခန့်နှင့် လည်ပတ်နေသော အင်အားစုကြီး တစ်ခုဖြစ်နေပြီ။ သူလုပ်ကိုင်သည့် အထဲတွင် Virgin Cola ဆိုသည့် လုပ်ငန်းသာ မအောင်မြင်ခဲ့ပေ။ အခြားသော လုပ်ငန်းများမှာ ဘရန်ဆန်၏ ကောင်းမွန်သော ဆက်ဆံရေး၊ ကြော့ရှင်းသည့်ဟန်ပန်နှင့် လူကြားထဲတွင် စတန့် အမျိုးမျိုး ထုတ်ပြတတ်မှုများကြောင့် အောင်မြင်မှု အကြီးအကျယ် ရခဲ့သည်ဟု ဆိုရမည်။ သူသည် နက်တိုင်ဝတ်ပြီး လူကြီးလူကောင်းလို နေတတ်သူ တစ်ဦး မဟုတ်သော်လည်း အမြဲတမ်း ပြုံးရွှင်ပြီး နေတတ်သော စရိုက်ကြောင့် လူချစ်လူခင် များလှသည်။

“အောင်မြင်တဲ့ စွန့်ဦးတီထွင် ကုမ္ပဏီကြီး တစ်ခု ထူထောင်နိုင်ဖို့ လမ်းညွှန်ချက် တစ်ခု ပေးပါဆိုရင် မပေးနိုင်ဘူး။  လုပ်ငန်းငယ်လေးပဲ စသည်ဖြစ်စေ၊ ကမ္ဘာကျော် ကုမ္ပဏီကြီး တစ်ခုကို ဖွင့်သည်ဖြစ်စေ Theme ကတော့ ရိုးရိုးလေးပဲ”ဟု သူက ဆိုသည်။

သူပြောသည့် Theme ဆိုသည်မှာ “လူ၊ အမှတ်တံဆိပ်၊ ဖြန်ချိရေး၊ အမှားကို သင်ခန်းစာယူရေး၊ တီထွင် ဖန်တီးမှုနှင့် ခေါင်းဆောင်မှုများ ဖြစ်သည်။ ထိုသဘောတရားများကို သူက အလေးထား လုပ်ဆောင်ခဲ့သဖြင့် အောင်မြင်နေခြင်း ဖြစ်သည်။

ဘရန်ဆန်က သူသည် မည်သည့်လုပ်ငန်းကိုမဆို သေးသေးလေးက စတင် ဆောင်ရွက်တတ်သည်။ လုပ်ငန်း သေးသေးလေးကို စတင် လုပ်ဆောင်သည့်အတွက် ကိုယ်တိုင် စီမံအုပ်ချုပ်နိုင်သည်။ သူလုပ်ချင် ကိုင်ချင်သည်များကိုလည်း လက်လှမ်းမီစွာ ထိန်းချုပ်နိုင်သည်ဟု ဆိုသည်။ 

“သေးတော့ ကောင်းကောင်းစီမံ၊ ကောင်းကောင်း လည်ပတ်လို့ရတယ်။ ကုမ္ပဏီ သေးသေးလေးတွေဆိုတော့ လူတွေကလည်း ဆက်သွယ် လုပ်ကိုင်ဖို့ ပိုပြီးတော့ စိတ်ဝင်စားတယ်” သူ့အမြင်ဖြစ်ပါသည်။

သူနှင့် Virgin အောင်မြင်လာရခြင်းမှာ အဖွဲ့အစည်းအတွင်း လူတော်လူကောင်းတွေ မွေးထုတ်ထားနိုင်ခြင်းကြောင့်ဟုဆိုသည်။ 

“အမြဲတမ်း လုပ်ငန်းအပေါ် ဆန်းစစ်နေတာ ပညာတွေ တတ်ထားတာထက် ပိုကောင်းတယ်”ဟုလည်း သူက ပြောခဲ့သည်။ 

“အဖွဲ့အစည်းနဲ့လုပ်ရင် ဘယ်တော့မှ မဆုံးရှုံးဘူး။ အဖွဲ့အစည်းလိုက် လှုပ်ရှားတယ်ဆိုတာ ဇာတ်ပွဲတစ်ခု ကနေရသလိုပဲ။ ပြဇာတ်တစ်ခုမှာ ဇာတ်လမ်း တစ်ခုကိုပဲ အပ်ကြောင်း ထပ်နေအောင် ကပြလာရတဲ့သူဟာ ကြာတော့ ရိုးလာတယ်။ စီးပွားရေး လုပ်ငန်းတွေမှာ ဒီလိုလုပ်လို့ မရဘူး။ နည်းနည်းလေးတော့ လှုပ်ခတ်သွားအောင် လုပ်ပြသင့်ရင် လုပ်ပြရတယ်”

သူက လူတွေကို စိတ်ဓာတ်တက်ကြွစေပြီး လုပ်ချင်ကိုင်ချင်စိတ် ရှိစေရန်အတွက် ငွေသည် အဓိက မဟုတ်ကြောင်း အမြဲ ပြောသည်။ လုပ်ငန်းတွင် အထီးကျန် ဆန်လာခြင်း၊ ဘေးဖယ်ခံထားရခြင်း သို့မဟုတ် လျစ်လျူရှုခံရခြင်းများက အရေးကြီးကြောင်း ပြောသည်။

“လူက ချောင်ထိုးခံရ၊ အစဉ်အလာတွေနဲ့ ဖုံးလွှမ်း၊ စည်းကမ်းတွေနဲ့ တုပ်နှောင်၊ ရလဒ်က ဇီးရိုးဖြစ်နေတဲ့ လောကမှာ ပြဿနာတွေက ပြည်တည်သလို ဖြစ်နေမှာပဲ။ ပြဿနာဆိုတာ ခေါ်ရှင်းမှရမှာ။ ပြည်တည်ရင် ဖောက်ထုတ်လိုက်မှ သက်သာမှာ။ စိတ်ထဲမှာ တစ်ခုခုဖြစ်နေရင် ဘယ်သူမှ ပိုပြီးတော့ လုပ်ဆောင်ပေးချင်တော့မှာ မဟုတ်ဘူး”

ဘရန်ဆန်က ခေါင်းဆောင်နှင့် ပတ်သက်၍လည်း -

“ကျွန်တော့် အမြင်ကတော့ ခေါင်းဆောင်ဆိုတာ သူ့လူတွေ အားလုံးနဲ့ ပူးပေါင်း လုပ်ဆောင်လိုသူ ဖြစ်နေရမယ်။ သူ့နောက်လိုက်တွေ တစ်ဦးချင်း အပေါ်မှာ ဂရုစိုက်ပေးနေသူ ဖြစ်ဖို့လည်း လိုတယ်။ ဒါမှ ခေါင်းဆောင်ကောင်း ဖြစ်လာလိမ့်မယ်”

“တစ်ခုခု အမှား လုပ်လိုက်တာ သိုသိပ်ထားလိုက်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကျောက်တုံးနဲ့ အပေါက်ခံပြီး တရားစီရင်သလို ဖြစ်နေတယ်။ ခင်ဗျား အမှား လုပ်ပေးလိုက်တဲ့ ဖောက်သည်ကို ပြန်တွေ့ချင်မှလည်း တွေ့ရလိမ့်မယ်။ ဒါပေမဲ့ သူတို့က အမှားဆိုတာ သိသွားရင် လိုက်ဖွတော့မယ်။ အဲဒါ ကိုယ့်လုပ်ငန်း တစ်ခုလုံးကိုပါ ဖျက်ဆီးလိုက်ရာ ရောက်တယ်”

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့ က Virgin Trains လုပ်ငန်းမှ ရထား လမ်းချော်မှု တစ်ခုဖြစ်ပွားခဲ့သည်။ အမျိုးသမီး တစ်ဦး သေဆုံးပြီး ငါးဦး ပြင်းထန်စွာ ဒဏ်ရာရသည်။ ထိုအထဲတွင် မောင်းသူလည်း ပါဝင်သည်။ ထိုအချိန်က ဘရန်ဆန်သည် အားလပ်ရက် အနားယူနေချိန် ဖြစ်သည်။ သူက သတင်းကြားကြားချင်း အခင်းဖြစ်ရာသို့ အရောက် သွားသည်။ ဒဏ်ရာရသူများနှင့် တွေ့ဆုံအားပေးသည်။ တီဗီနှင့် မီဒီယာများကိုလည်း ဖြေရှင်း ပြောကြားပေးသည်။ ကိစ္စ တစ်ခုခုဖြစ်လျှင် အုပ်ချုပ်သူတွေက ခေါင်းရှောင်တတ်သည်။ ဘရန်ဆန်ကတော့ ထိုသို့မဟုတ်။ ရှေ့တန်းထွက်ပြီး ရဲရဲဝံ့ဝံ့ ဖြေရှင်းခဲ့သည်မှာ သူ့စရိုက် ဖြစ်သည်။ 

“စွန့်ဦးတီထွင် သမားဆိုတာ ဖောက်သည်တွေအပေါ် လွှမ်းမိုးဖို့ မဟုတ်ဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့လည်း မဟုတ်ဘူး။ ငွေချည်းသက်သက် ရှာနေဖို့လည်း မဟုတ်ဘူး”ဟုလည်း ဆိုခဲ့သည်။

“လုပ်ငန်းတစ်ခုကို လုပ်ဆောင်ရာမှာ ဆုံးဖြတ်ချက်နဲ့ ခေါင်းဆောင်မှုအပေါ် လာဘ်မြင်ဖို့၊ စည်းကမ်းရှိဖို့နဲ့ တီထွင် ဖန်တီးနိုင်စွမ်းလည်း ရှိရမယ်။ စိတ်ထား ကောင်းဖို့လိုတယ်။ ဟာသ အမြင်ကောင်းလည်း ရှိဖို့လိုတယ်။ အဲဒါ ကျွန်တော် ပြောချင်တဲ့ ကံကောင်းခြင်းပါပဲ”

  • TAGS