News

POST TYPE

RELAX

မြန်မာ-တရုတ် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ အချက် လေးချက် တောင်းဆိုနိုင်ဟု ကုမ္ပဏီဆို
06-Jan-2017 tagged as သဘာဝ ဓာတ်ငွေ့

မန္တလေး၊ ဇန်န၀ါရီ ၆

မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ အချက် လေးချက် တောင်းဆိုနိုင်သည်ဟု မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ယင်းစီမံကိန်း ပြုလုပ်နေသည့် South-East Asia Gas Pipeline (SEAGP) ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Mr. Li Zilin က ပြောကြားသည်။

သဘာဝဓာတ်ငွေ့ အသုံးပြု၍ ဓာတ်အား ထုတ်လွှတ်မှုအတွက် ကူညီရန်၊ CNG ယာဉ်များ Gas လိုအပ်လျှင် ဖြည့်ပေးရန်၊ ဓာတ်အားလိုင်းများ ပြုပြင်ပေးရန်နှင့် ရေနံဓာတုလုပ်ငန်း ဖွံ့ဖြိုးစေရန် စသည့် အချက် လေးချက်ကို မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ် တင်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မန္တလေးတိုင်းတွင် ဓာတ်အား လိုအပ်ချက်များပြားသဖြင့် အဆိုပါပိုက်လိုင်းမှ ဓာတ်အားများ အကျိုးရှိစွာ အသုံးပြုခွင့် ရနိုင်ရေးကိုလည်း ၀န်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မြန်မာ-တရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စတင် လည်ပတ်၍ ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်ကာ ကျောက်ဖြူ၊ ရေနံချောင်း၊ တောင်သာနှင့် မန္တလေးစသည့်မြို့ လေးမြို့တွင် သဘာဝဓာတ်ငွေ့ကို အောင်မြင်စွာ ခွဲတမ်း ထုတ်ယူနိုင်ပြီးဖြစ်ကြောင်း ကုမ္ပဏီထံမှ ထပ်မံသိရှိရသည်။