News

POST TYPE

RELAX

အသက် ၉၅ နှစ်အရွယ် ဘိုးဘိုးရဲ့ အိမ်သာဖုံး ပန်းချီပြခန်း
06-Jan-2017
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့မှာ အလွန်ထူးခြားတဲ့ ပန်းချီပြခန်းတစ်ခု ရှိပါတယ်။ အဲဒါက အိမ်သာထိုင်ခုံ အဖုံးတွေမှာ ပန်းချီရေးဆွဲ ပြသထားတဲ့ အိမ်သာဖုံး ပန်းချီပြခန်း ဖြစ်ပြီး ပြခန်းပိုင်ရှင်လည်းဖြစ် ပန်းချီဆရာလည်း ဖြစ်သူက အသက် ၉၅ နှစ်ရှိပြီ ဖြစ်တဲ့ ဘာနီစမစ်ပါ။

ဒီပြခန်းမှာ အနုစိတ် ပန်းချီလက်ရာတွေနဲ့ ဘိုထိုင်အိမ်သာထိုင်ခုံ အဖုံး ၁၂၀၀ ကျော်ကို ပြသထားပြီး ၁၉၉၂ မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဘိုးဘိုးဘာနီစမစ်ဟာ ငယ်ရွယ်စဉ်ကတည်းက ပန်းချီပညာရှင်တစ်ဦး ဖြစ်သလို အသက်မွေးဝမ်းကျောင်း အနေနဲ့ ပိုက်ပြင်တဲ့ အလုပ်ကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။

ပြခန်းမှာပြသထားတဲ့ ပန်းချီလက်ရာ အများစုဟာ ပေါ့ပ်ဂီတယဉ်ကျေးမှု ၊ နာမည်ကျော် ဂီတပညာရှင်တွေနဲ့ အထိမ်းအမှတ် အဖြစ်အပျက်တွေကို ဖော်ကျူးရေးဆွဲထားတာ ဖြစ်ပြီး သိပ်အနုစိတ် လက်ဝင်လွန်းတဲ့ လက်ရာတွေဆိုရင် နာရီပေါင်း ၁၀၀ အထိ အချိန်ကုန်ခံ ရေးဆွဲခဲ့တာ ဖြစ်တယ်လို့ ဘာနီက ပြောပြပါတယ်။

ဒါကြောင့်ပဲ ပန်းချီပြခန်းကို လာရောက်ကြည့်ရှုသူတွေဟာ နာရီအတော်ကြာတဲ့အထိ ဒီပန်းချီလက်ရာတွေကြားမှာ မျောပါသွားလေ့ ရှိပါတယ်။

ဘာနီဟာ သူနေထိုင်ရာ မြို့ထဲက ရေချိုးခန်းသုံးပစ္စည်း အရောင်းဆိုင်တစ်ဆိုင်ကို ရောက်ရှိရာကနေ ဒီပြခန်းကိုဖွင့်ဖို့ စိတ်ကူးရခဲ့တယ်လို့ ပြောပြပါတယ်။

အဲဒီဆိုင်မှာ ပိုနေလို့ လွှင့်ပစ်တော့မယ် အိမ်သာထိုင်ခုံ အဖုံး ၅၀ ရှိတဲ့အကြောင်း သူကြားသိရခဲ့ရတဲ့အတွက် ပန်းချီရေးဆွဲမယ့် အကြောင်း ဆိုင်ကိုပြောပြပြီး တောင်းယူလာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပြခန်းဟာ နေ့စဉ် ပုံမှန်ဖွင့်လှစ်တာ မဟုတ်ဘဲ ကြည့်ရှုလိုသူတွေဟာ ဘာနီကို ကြိုတင်အကြောင်းကြားရတာပါ။ တကယ်လို့ အိမ်သာဖုံးတွေ လှူဒါန်းမယ် ဆိုရင်လည်း ဘာနီက သူ့ရဲ့ပန်းချီလက်ရာနဲ့ ခြယ်မှုန်းပြီး ပြခန်းမှာ ပြသထားမှာ ဖြစ်ပါတယ်။

Ref : goodhousekeeping.com