News

POST TYPE

RELAX

နှစ်သစ်အတွက် လွယ်ကူတဲ့ အလေ့အကျင့် ကောင်းလေးတွေ
05-Jan-2017

နှစ်သစ်ကူးမှာ အပြတ်ကဲခဲ့ကြပြီးတဲ့နောက် နှစ်ဦးကို ဘယ်လို ဖြတ်သန်းကြမယ်ဆိုတဲ့ စိတ်ကူးတွေ ကိုယ်စီနဲ့ အခုချိန်မှာ အားလုံး တက်ကြွနေမှာပါ။ နှစ်သစ်အတွက် အစီအစဉ်တွေ ဆွဲကြတဲ့အခါ ပျော်စရာ ကောင်းမယ့်အပြင် တစ်ကိုယ်ရေ တိုးတက်မှုအတွက်ပါ အထောက်အကူပြုဖို့ လိုပါသေးတယ်။ ဒီအတွက် အစီအစဉ် အကြီးကြီးတွေ မချခင် အလွယ်တကူ လုပ်နိုင်တာလေးတွေနဲ့ စကြည့်ကြပါစို့။

(၁) ဖုန်းသုံးတာ လျှော့မယ်
နှစ်ဟောင်းမှာလို ဖုန်းနဲ့မျက်နှာနဲ့ မခွာတမ်းမနေတော့ဘဲ ဖုန်းကိုဘေးမှာချပြီး အပြင်လောကက အလှအပတွေအတွက် မိသားစုတွေ သူငယ်ချင်းတွေ အချိန်ပေးကြရအောင်။

(၂) အပြုအမူကို ဂရုစိုက်မယ်
တစ်ယောက်နဲ့ တစ်ယောက် စကားပြောတဲ့အခါ သူ့မျက်နှာကိုကြည့်ပြီး ဂရုစိုက်နားထောင်ကြမယ်။

(၃) တစ်ပတ်ကို ဟင်းအသစ် တစ်မျိုးချက်မယ်
ချက်နည်းပြုတ်နည်း စာအုပ်တွေ ဝက်ဘ်ဆိုက်တွေကိုကြည့်ပြီး တစ်ပတ်ကို တစ်ခါ ဟင်းအသစ် တစ်မျိုး စမ်းချက်ကြည့်မယ်ဆိုရင် ပျော်စရာလည်းကောင်း အာဟာရလည်း ကြွယ်ဝမှာပါ။

(၄) ရုပ်ဝတ္တုပစ္စည်းတွေ ဝယ်တာလျှော့မယ်
အဝတ်အစားတွေ အသုံးအဆောင် ပစ္စည်းတွေကို မလိုအပ်ဘဲ အများကြီး ဝယ်ချင်တဲ့စိတ်ကို ခြောက်လလောက် ချိုးနှိမ်ပြီး ကြိုးစားပမ်းစားနေကြည့်ကြရအောင်။

(၅) လမ်းလျှောက်မယ်
ရုံးကိုကားစီးပြီးသွားတဲ့အခါ မရောက်ခင် တစ်မှတ်တိုင်လောက်စောဆင်းပြီး လမ်းလျှောက်တဲ့အခါ ခေါင်းကြည်စေတဲ့အပြင် ဝိတ်ကျဖို့လည်း အထောက်အကူပြုသေးတယ်။

(၆) စာဖတ်မယ်
အားလပ်ချိန်မှာ ရသစာပေကောင်းကောင်းလေးတွေ ဂန္ထဝင် ဝတ္ထုကောင်းကောင်းလေးတွေ ဖတ်ကြမယ်။

(၇) ပိုက်ဆံစုမယ်
အနည်းဆုံး တစ်ပတ်ကို သုံးလေးထောင်လောက် စုဖြစ်တယ် ဆိုရင်တောင် မှန်မှန်လေး စုသွားမယ်ဆိုရင် နောက် တစ်နှစ် ဒီလိုအချိန်မှာ ထူးခြားမှုကို တွေ့ရမှာပါ။

(၈) ပြုံးမယ်
အပြုံးဟာ မြင်သူကို ချစ်ခင်စေတဲ့အပြင် ကိုယ်တိုင် စိတ်ရွှင်လန်းစေတာမို့ မနှစ်ကထက်ပိုပြီး ပြုံးရွှင်ရယ်မောကြရအောင်။

Ref : Mirror


  • VIA