News

POST TYPE

RELAX

ရေခဲပြင်ပေါ်တွင် ပိတ်မိနေသည့် သမင်ကြီးကို ကနေဒါ မီးသတ်သမားများ သက်စွန့်ဆံဖျား ကယ်ဆယ်
13-Dec-2016
ကနေဒါနိုင်ငံ ရှီဒိုင်ယက်မြစ်ပြင်ပေါ်က ရေခဲပြင်ကြီးပေါ်မှာ ညပ်နေတဲ့ ဦးချိုပြား သမင်ကြီး တစ်ကောင်ကို ကနေဒါ မီးသတ်သမားတွေက သက်စွန့်ဆံဖျား ကယ်ဆယ်ခဲ့တဲ့ သတင်းဓာတ်ပုံတွေကို AP သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။

သမင်ကြီး တစ်ကောင် မြစ်ပြင်အလယ်မှာ ဒုက္ခ ရောက်နေတယ်လို့ နေအိမ် တစ်လုံးက ဖုန်းဆက်ခေါ်ဆိုတာမို့ မီးသတ်သမားတွေ အပြေးအလွှား သွားခဲ့ရတာ ဖြစ်ပါသတဲ့။

သမင်ဟာ အမဖြစ်ပြီးတော့ ပေါင်ငါးရာခန့် လေးပါတယ်။ ရေခဲတွေ ကွဲကြေပြီးတော့ မြစ်ရေထဲ ကျသွားမယ်ဆိုရင်တော့ အသက်အန္တရာယ် ရှိပါသတဲ့။
 
“ဒေသမီးသတ်စခန်းမှာရှိတဲ့ မီးသတ်သမားတွေ အားလုံး ဝိုင်းဝန်းပြီးတော့ အဲဒီသမင်ကို ကယ်ထုတ်ကြတာ ဖြစ်ပါတယ်”လို့  မီးသတ်သမား ဂျို့စ်လီဘလန့်စ်က ပြောကြားပါတယ်။

မီးသတ်သမားတွေ ဝိုင်းလာတုန်းက သမင်ကြီးက ရုန်းကန်ခဲ့ပေမယ့် နောက်ပိုင်း ငြိမ်ငြိမ်နေပြီး လာကယ်တဲ့သူတွေကို ကြည့်နေတယ်လို့ သူတို့က ပြန်လည် ပြောပြပါတယ်။

မီးသတ်သမား သုံးဦးကိုယ်တိုင် ရေခဲပြင်ပေါ်ကို ပုဆိန်များ ကိုင်ပြီး ဆင်းသွားကြတာ ဖြစ်ပါတယ်။ ကျန်သုံးဦးကတော့ ကမ်းပေါ်က ကြိုးတွေနဲ့ သူတို့ကို ဆိုင်းပေး ထားပါသတဲ့။

ကယ်ဆယ်ရေးက တစ်နာရီခွဲတောင် ကြာမြင့်ခဲ့ပြီး သမင်ကြီးလည်း ရေခဲပြင်ပေါ် ကြာမြင့်စွာ ပိတ်မိနေခဲ့လို့ ရရှိခဲ့တဲ့ အအေးဒဏ်ကနေ သက်သာပြီလား ဆိုတာတော့ မသိရသေးပါဘူး။

Ref : UPI
F-02


  • VIA