News

POST TYPE

RELAX

Amour (ရုပ်ရှင်ခံစားမှု)
13-Dec-2016


အဘိုးကြီး ဂျော့စ်နှင့် အဘွားကြီး အန်နီတို့ လင်မယားသည် ဂီတသင်တန်း ဆရာများဖြစ်ကြပြီး ယခုအချိန်မှာတော့ အသက်အရွယ် အိုမင်းလာပြီဖြစ်သဖြင့် အငြိမ်းစား ယူကာ ပါရီရှိတိုက်ခန်း တစ်ခုတွင် နေထိုင်ကြသည်။ သူတို့၏ သားသမီး နှစ်ယောက်က အဝေး တစ်နေရာတွင် နေထိုင်၍ အလုပ် လုပ်ကြသည်။ သူတို့ နေထိုင်ရာဆီ တစ်ခါတစ်လေတော့ ရောက်လာ၏။

ပါရီက အတန်သင့် ကျယ်ဝန်းသော တိုက်ခန်း ကလေးထဲတွင် အဘိုးကြီးတို့ စုံတွဲသည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီကာ နေထိုင်ကြသည်။ အဘိုးကြီး ဂျော့စ်က အိုဇာတာ ကောင်းသူဟု ဆိုရမည်။ အနည်းငယ် အင်အားနည်း တုံချိနေသည်မှအပ အခြား ဘာရောဂါမှ မရှိပေ။ ဇနီးသည် အန်နီ၏ ကျန်းမာရေး အခြေအနေကမူ တစ်နေ့တစ်ခြား ဆိုးလာသည်။လင်မယား နှစ်ယောက် ညစာ စားနေတုန်း အဘွားကြီးက ကျောက်ရုပ် တစ်ခုလို အသက်မဲ့သွားသေးသည်။ လေဖြတ် ဝေဒနာကို စတင် ခံစားလာရခြင်း ဖြစ်သည်။

အရင်က ဂီတ သဘင်ပွဲတွေဆီကို လင်မယား နှစ်ယောက် သွားနိုင်ကြသေးသည်။ အခုတော့ အန်နီက အောက်ပိုင်း လေဖြတ်ပြီးကတည်းက မသွားနိုင်တော့။ စားစရာ သောက်စရာ ဗာဟီရကိစ္စ အချို့ ကို အောက်ထပ်က လင်မယား နှစ်ယောက်ကို အခပေး၍ ခိုင်းစေထားရ၏။

အန်နီကို ဘီးတပ်ကုလားထိုင်ပေါ် တင်ရသည်။ ညာဘက် လက်ကလေးကလည်း လေဖြတ် ဝေဒနာကြောင့် သစ်မြစ်ဆွေး တစ်ခုလို တွန့်လိမ်နေသည်။ စကားတော့ ပြောနိုင်သေး၏။ ဂျော့စ်က အဘွားကြီး လဲလျောင်းနေချိန်ဆိုရင် ငယ်စဉ်က အဖြစ်အပျက် ကလေးတွေကို ဟာသနှောပြီး ပြောပြပေးနေရသည်။ အစာစားနေချိန် အဘွားကြီးနှုတ်ခမ်းတွေပေါ် ပေကျံသွားလျှင် အဘိုးကြီးဂျော့စ်က လက်သုတ် ပုဝါကလေးဖြင့် တယုတယ သုတ်ပေးတတ်၏။ ထိုအခါ အဘွားကြီး မျက်နှာသည် အနည်းငယ် နုပျိုသွားပြီး အရေးအကြောင်း ထနေသော မျက်နှာကလေးပေါ် အပြုံးရိပ်တွေ ဖြတ်ပြေးသွားသည်။ပြီးလျှင် “ရှင်က တစ်ခါတစ်လေကျ အရမ်းဆိုးတဲ့ လူ တစ်ခါတစ်လေကျ အရမ်းချစ်ဖို့ ကောင်းတဲ့သူ”လို့ ပြောတတ်သည်။အန်နီသည် ငယ်စဉ်ကာလက အနုပညာသမားပီပီ မာနကြီးသူ မည်သူအပေါ်မှ မှီခိုလိုခြင်း မရှိလိုသူ ဖြစ်သည်။အခုအခါတွင်မတော့ ယောက်ျားဖြစ်သူကို မှီခိုနေရပြီ။ အဘိုးကြီး ဂျော့စ်ခမျာလည်း တစ်နေ့တစ်ခြား ယိုယွင်း ပျက်စီးလာသော ဇနီးသည်ကို အချိန်မလပ် ဂရုစိုက်ပေးနေရသည်။

အန်နီသည် အတူတူ စားသောက်နေတုန်းမှာပင် ဂျော့စ်ကို ဓါတ်ပုံ အယ်လ်ဘမ်တွေကို သွား၍ အယူခိုင်းသဖြင့် ယူပေးရသည်။ အန်နီ ဓါတ်ပုံတွေကို တစ်ပုံချင်း သေချာစိုက်ကြည့်သည်။ အဲဒီထဲက ဓါတ်ပုံကလေးတွေသည် သူမ ငယ်ရွယ်စဉ်က မည်မျှ လှပခဲ့ကြောင်းကို သက်သေပြလျက်ရှိ၏။ အန်နီ မျက်နှာကလေးသည် အတိတ်ကို လွမ်းဆွတ်မိသွား၍လားမသိ။ သိသိသာသာ အိုမင်းသွားသည်။ ပြီးတော့ ပြောသည်။ ကျွန်မတို့ အိုသွားပြီပဲ တဲ့။

သားသမီးတွေက ရောက်တော့လာသည်။ ခေတ်မီ စီးပွားရေး အကျပ်အတည်းတွေ ပြောပြီးပြန်သွားသည်။တပည့် တစ်ယောက်သာ ရောက်လာပြီး ပီယာနို တီးပြဖော်ရသေးသည်။

အဘွားကြီး လဲကျပြီး လေထပ်ဖြတ်သွားသည်။ ပါးစပ် တစ်ခြမ်းပါ ရွဲ့သွား၏။ စကားပင် လေးလုံးကွဲအောင် မပြောနိုင်တော့။သားသမီးတွေက ဆေးရုံဖြစ်ဖြစ် စောင့်ရှောက်ရေး ဂေဟာမှာပဲဖြစ်ဖြစ် ထားဖို့ပြောသည်။ ဂျော့စ်က လက်မခံပေ။သူနာပြု ငှားမည်။ သူလည်း ပြုစုမည်။

အရင် အဘွားကြီး စကားပြောနိုင်စဉ်က သူတို့ တိုက်ခန်းကလေးသည် အနည်းငယ် စိုပြေသယောင် ရှိသေး၏။ အခုတော့ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေပြီ။ အဘွားကြီး၏ ခန္ဓာသည် အမှည့်လွန် သကြားသီး တစ်လုံးသဖွယ် ပျော်အယ်လိုက်နေပေပြီ။ ငှားထားသော သူနာပြုများကလည်း ဝတ်ကျေတန်းကျေသာ ပြုစုသဖြင့် ဂျော့စ်က နှင်ထုတ်ပစ်လိုက်သည်။

သူတို့ အခန်းထဲသို့ ပြတင်းပေါက်ကနေ ခိုကလေး တစ်ကောင် ဝင်လာသည်က လွဲ၍ စိုပြည်ခြင်း အလျဉ်းကင်းနေ၏။ဂျော့စ်လည်း အဘွားကြီးကိုကြည့်ပြီး သနားခြင်း၊ စိတ်ကုန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အထီးကျန်ခြင်းစသည့် စိတ်၏ စေတသိတ်အစုံကို အဟုန်ပြင်းစွာ ခံစားနေရသည်။ ခြောက်ခြားဖွယ် အိပ်မက်တွေ မကြာခဏ မြင်မက်သည်။ အဘွားကြီး အန်နီ၏ မျက်နှာသည်လည်း ကန္တာရ မြေသားသဖွယ် ဖြစ်နေပြီ။

ဂျော့စ် အဘွားကြီးကို ရေတိုက်သည်။ အဘွားကြီး နာကျင်လွန်းနေ၍ မပီဝိုးတစ်ဝါး အော်သည်။ အသံသည် လေသင်တုန်း ဖြတ်ထား၍ ရှတအက်ကွဲနေ၏။ ရေပင် ဝင်အောင် မသောက်နိုင်တော့။

တစ်ခါက နုနယ်ပျိုမျစ်ခဲ့သော အလှတရားတို့အား စဉ်းငယ်မျှပင် မတွေ့ရှိခဲ့တော့ချေ။ ဘဝရဲ့ အဓိပ္ပါယ်က ဘာလဲ။ ဘာပါလဲ။ငယ်ရွယ်စဉ် အချိန်ကာလတုန်းကတော့ တသက်တာ ထာဝရပတ်လုံး ပျော်ရွှင်ခြင်းဖြင့်သာ အဆုံး သတ်ရမည်ဟု တွေးထားခဲ့ကြဖူးမည်။ သေကိန်းကြုံလျှင်တောင် တူယှဉ်တွဲ လက်ကိုဆုပ် အပြုံးတွေနဲ့ တုံ့ပြန်ကြမယ်ပေါ့။

အခုတော့ ဇရာ၏ အားပြိုင်မှုဝယ် စိတ်ပျက် အားငယ်ခြင်းနှင့် ဘဝ၏ ပေးဆောင်ရာ စိတ်၏ နာကျင်မှုတွေသာ တစ်ဖွားဖွား ဖြစ်တည်လာရ၏။ အဘွားကြီး မက်မောခဲ့သော ခန္ဓာကနေ အဘွားကြီးအား တစ်ဖန်ပြန်၍ နှိပ်စက်ညှင်းပန်း နေရှာသည်။ အလိုက်မသိတဲ့ အစာအိမ်သည် ခန္ဓာ၏ ဖြစ်တည်မှုအား သတိမထားပဲ ဆန္ဒပြနေသည်ကို ဆာလောင်နေတဲ့ မျက်နှာရိပ် အရေပြားတွန့်လိမ်မှုအား ကြည့်ပြီး သိနိုင်သည်။ သို့ရာတွင် နှုတ်ခမ်းများ လည်ပြွန်များသည် အစာအိမ် ရှိရာသို့ လောင်းချခြင်း မပြုနိုင်ရှာတော့။ အစာသိပ်လိုက်တိုင်း ပြန်အန်ထွက်လာသည်။ လေတစ်ခြမ်း ဖြတ်ရာက မပီဝိုးတစ်ဝါး စကားသံသည် ကျီးအာသံနှယ် စက်ဆုပ်နားညည်းဖွယ် ကောင်းလွန်းနေသည်။

တိုက်ခန်း ကလေးသည် တိတ်ဆိတ်နေ၏။ အဘိုးကြီး ဂျော့စ်မှာလည်း သောကများနှင့် နာကျင်လွန်းနေ၏။ အဘွားကြီးကို သနားလှပြီ။ အဘွားကြီးကို ဒေါသထွက်လှပြီ။ အဘွားကြီးအတွက် စိတ်ညစ်နေရပြီ။ အဘွားကြီးအတွက် ကောင်းကင်ဘုံ တစ်ခုဆီ ထမ်းတင်ပေးလိုလှပြီ။

ဂျော့စ်က အဘွားကြီး အန်နီကို အကောင်းဆုံး ကုသမှု တစ်ခုပြုလုပ်ပေးလိုက်၏။

အခုမှ ငြိမ်းချမ်းသွားသည်။ အဘွားကြီးလည်း ပြန်ကောင်းသွားပြီ။ အရင်လို ဂီတပွဲတော်တွေတောင် ပြန်သွားနိုင်တဲ့ အခြေအနေ ပြန်ဖြစ်သွားပြီ။ အဘိုးကြီး ဂျော့စ်လည်း ထပ်မံ ဝင်လာသောခိုတစ်ကောင်ကိုတောင် မိအောင် ဖမ်းနိုင်သွားပြီ။

“Amour”ဆိုသည့် အဓိပ္ပါယ်မှာ ပြင်သစ်ဘာသာစကားဖြစ်ပြီး အချစ်ဟု အဓိပ္ပါယ်ရပါသည်။ အချစ်ဆိုသော အဓိပ္ပါယ်သည် အရမ်းပင် အဓိပ္ပါယ်တာသွားလွန်းပါသည်။

ကျွန်တော်တို့ လူသား တစ်ယောက်အပေါ်ကို မည်မျှထိ ချစ်ခြင်းမေတ္တာတရား ထားနိုင်ပါ့မည်လဲ။ တစ်ယောက်နှင့်တစ်ယောက် ငယ်နုစဉ်ကာလက ချစ်ခင်မြတ်နိုးခဲ့ကြပြီး သေတပန် သက်တစ်ဆုံး ရည်ရွယ်၍ လက်ထပ်ခဲ့ကြသည်။ ပေါင်းသင်းခဲ့ကြသည်။

ကိုယ့်ခြေ ကိုယ့်လက်တွေ သန်စွမ်းခိုင်မာ စိတ်သွားတိုင်း ကိုယ်ပါနေတဲ့ အချိန်တွေမှာတော့ ကိုယ်သာလျှင် အခရာ မိမိကိုယ်သာ ကိုးစားရာအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း အိုမင်းမစွမ်း ဖြစ်လာချိန်မှာတော့ လဲကျလျှင် ကူဖေးဖို့ရာ အကူအညီတွေ လိုအပ်လာပါပြီ။

အထီးကျန်ခြင်း၊ အားငယ်ခြင်း၊ သေခြင်းတရားကို နီးနီးကပ်ကပ် ခံစားလာပြီဖြစ်၍ ကြောက်လန့်စိုးထိတ်ခြင်းတွေလည်း ဖြစ်ပေါ်လာလေပြီ။ ကျွန်တော်တို့၏ လက်ရှိကမ္ဘာကြီးသည် လူဦးရေ ထူထပ်လာမှု ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာသည်နှင့်အမျှ လူသားတိုင်းအတွက် အခြေခံ လိုအပ်ချက် အချို့ ကို အလွယ်တကူ မေ့ပစ်လာကြသည်။

အထူးသဖြင့် အိုမင်းမစွမ်း ဖြစ်လာသော မိခင်အို ဖခင်အိုတွေကို အခန်းတစ်ခု နေရာတစ်ခုမှာ စွန့်ပစ်ထားကြခြင်းပင် ဖြစ်သည်။ သားသမီးတွေကလည်း မိဘအပေါ် ငွေကြေး ထောက်ပံ့နိုင်ရုံဖြင့် လုံလောက်ပြီ။ သားသမီး ဝတ္တရား ကျေပွန်ပြီဟု ခံယူထားကြသည်။ အသက်အရွယ် အိုမင်းလာကြသော မိဘများအတွက် လိုအပ်နေမှုမှာ ငွေကြေးမဟုတ်။ ဆေးကောင်းဝါးကောင်းတွေ မဟုတ်ချေ။ အကြင်နာတရားနှင့် ပျော်ရွှင်မှုတွေကသာ သူတို့အတွက် အထောက်အကူ ပြုနိုင်ရာ ဆေးစွမ်းကောင်းတွေ ဖြစ်ပါသည်။ ယခု ရုပ်ရှင်ကားသည် ယင်းလူနေမှုစနစ်ကို အဓိပ္ပါယ်ရှိရှိ မီးမောင်းထိုးပြ သွားခဲ့သည်။

နိုင်ငံခြား ဘာသာစကား အော်စကာဆုကို ဆွတ်ခူးနိုင်ခဲ့သော ယခုရုပ်ရှင်ကားအား ကြည့်ရှုအပြီးမှာ အိုမင်းခြင်းကို ကြောက်ရွံ့မိခြင်းနှင့် အထီးကျန်ဆန်မှု၏ ကြောက်မက်ဖွယ် ကောင်းမှုကို စိုးရွံ့လာမှာ ဧကန်မုချ ဖြစ်သည်ဟု တွေးတောနေရင်းနှင့်သာ။

ညီလင်းအိမ်

  • VIA