News

POST TYPE

RELAX

မကောင်းတဲ့ ချစ်သူနဲ့ ကောင်းတဲ့ ချစ်သူ ကွာခြားချက် (၅) ခု
13-Dec-2016


လူတစ်ယောက်ဟာ သာမန်အားဖြင့် ကျန်းမာနေပြီး လက်တွဲဖော်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်ဆိုရင် ကိုယ့်ကိုကိုယ် ပိုပြီး အကောင်းမြင်ကာ ယုံကြည်မှုလည်း ပိုရှိလာတတ်ပါတယ်။

အိမ်ထောင်ရေးနဲ့ အချစ်ရေး ကျွမ်းကျင်သူတွေ အဆိုအရ အောက်ပါ (၅) ချက်ကို ပိုင်ဆိုင်ထားရင် သင်ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူလို့ ဆိုနိုင်ကြောင်း သိရပါတယ်။

၁။ ဝါသနာ ပါတာတွေ လုပ်ခွင့်ရမယ်

လက်တွဲဖော် သို့မဟုတ် ချစ်သူ တစ်ယောက် ရလိုက်တာနဲ့ ကိုယ့်ရဲ့ ဝါသနာတွေ စွန့်လွှတ်လိုက်ရတာမျိုးဟာ ဆိုးရွားပါတယ်။ ရင့်ကျက်သူတွေက ကိုယ့်လက်တွဲဖော်ရဲ့ ဝါသနာတွေကို အားပေး ကူညီဖို့ လိုအပ်တယ်လို့ တွေးထားကြပါတယ်။ ဒါကတော့ အမေရိကန် အိုရီဂွန်ပြည်နယ်က အချစ်ရေး အကြံပေး ခါးလ်ကာရိုးလ်က အကြံပေးထားတာပါ။

၂။ ဟန်ဆောင်ခြင်း မရှိ

သင်ဟာ သင့်မိသားစု၊ သင့်သူငယ်ချင်းတွေနဲ့ ရှိနေချိန်ကျရင် ပုံစံ တစ်မျိုးဖြစ်ပြီး သင့်ရဲ့ချစ်သူ ရှေ့မှာဆိုရင် ပုံစံတစ်မျိုး ဖြစ်နေပါသလား။ ဆိုလိုတာက သူ့ရှေ့မှာဆိုရင် သင့်ရဲ့ အကျင့်ဆိုးအချို့ကို ဖုံးကွယ်ပြီး ပြည့်စုံတဲ့သူ တစ်ယောက်ဖြစ်အောင် ကြိုးစားနေလေ့ ရှိတယ်ဆိုရင်တော့ သင်တို့ Relationship ဟာ မစစ်မှန်နိုင်ပါဘူး။

၃။ တန်းတူညီမျှမှု

သင်တို့ နှစ်ဦးကြားမှာ တန်းတူ ညီမျှမှု ရှိရပါမယ်။ တစ်ဦးက တစ်နေရာရာမှာ သာနေလို့ အမြဲတမ်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချနေရပြီး ကျန်တစ်ဦးကတော့ သူ့ဆုံးဖြတ်ချက်နဲ့သူ မလုပ်နိုင်ဘူးဆိုရင်လည်း မကောင်းလှပါဘူး။ “နှစ်ယောက်လုံးမှာ ဆုံးဖြတ်ချက် ချနိုင်တဲ့ အရေးပါမှု ရှိရမယ်။ မကောင်းတဲ့ Relationship တွေမှာဆိုရင် တစ်ယောက်ကပဲ အမြဲတမ်း အနိုင်ကျင့်ပြီး မင်းမူနေတာမျိုး ရှိတယ်”လို့ အချစ်ရေးကုထုံး ကျွမ်းကျင်သူ ဆရာမ အေမီကလပ်က ပြောပါတယ်။

၎။ သင့်အိပ်မက်တွေ အကောင်အထည် ဖော်နိုင်မယ်

ဥပမာအားဖြင့် သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ဟာ သူ့ရဲ့ ဝါသနာနဲ့ မကိုက်ညီလို့ တားဆီးခံရတာမျိုး မဖြစ်သင့်ပါဘူး။ နှစ်ဦးသား အိပ်မက်တွေ အကောင်အထည် ဖော်နိုင်တဲ့ အခွင့်အရေး ရှိတာ အကောင်းဆုံး အခြေအနေ ဖြစ်ပါတယ်။ “သင့်ရဲ့စိတ်ကူး အိပ်မက်ကို သင့်ရဲ့ လက်တွဲဖော်က ပယ်ချ ဖျက်ဆီးလိုက်ပြီးဆိုရင် သင်ဟာ ဘယ်သူ့ဆီကမှ အကူအညီ မရဘူးလို့ ထင်လာမှာပဲ”လို့ ခါးလ်ကာရိုးက ပြောပါတယ်။

၅။ ပွင့်ပွင့်လင်းလင်း ပြောနိုင်မယ်

သင် နာကျင် ခံစားနေရတဲ့ အခါပဲဖြစ်ဖြစ်၊ သင်မကြိုက်တဲ့အရာ တစ်ခု ပေါ်လာတဲ့အခါပဲဖြစ်ဖြစ် လက်တွဲဖော်ကို စိုးရွံ့ခြင်း မရှိပဲ ပြောပြနိုင်တဲ့ ဆက်ဆံရေးဟာ အကောင်းဆုံး ဖြစ်ပါတယ်။ သင်က တစ်ခုခု ပြောလိုက်ရင် သူ စိတ်ဆိုးသွားမလား၊ စကားများ ရန်ဖြစ်နေရမလား ဆိုတဲ့ စိုးရိမ်စိတ် ဝင်နေရင်တော့ မကောင်းလှပါဘူး။ “အချေအတင် ပြောပြီး လေ့လာရတာ သက်သောင့်သက်သာတော့ မရှိပါဘူး။ ဒါပေမယ့် အလွန် အကျိုးရှိပါတယ်”လို့ ကာရိုးလ်က ဆိုပါတယ်။

Ref : Huffington Post

  • VIA