News

POST TYPE

RELAX

"ကျွန်တော်တို့ ဖုန်းအကြိမ်ကြိမ်ဆက်တယ်။ ရဲတစ်ယောက်မှ ထွက်မလာဘူး" အသက်အန္တရာယ် ခြိမ်းခြောက်ခံရသော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီနှင့် တွေ့ဆုံခြင်း
12-Dec-2016
တောင်ဒဂုံမြို့နယ် လေးထောင့်ကန်ကျေးရွာတွင် ကျင်းပသော  မြို့နယ် NLD ပါတီရုံးခန်း ရန်ပုံငွေရှာဖွေပွဲမှ ပြန်လာသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကို ဒီဇင်ဘာလ ၁၁ရက်  ညပိုင်းက အမှတ် (၂)လမ်းမကြီး တိုးဂိတ်အကျော်တွင် အမျိုးသားငါးဦးက  ဟွန်ဒါ အငှားယာဉ်ဖြင့် ဘေးချင်းယှဉ်လိုက်လာကာ ဆဲဆိုခြိမ်းခြောက်ခဲ့သည်။ အဆိုပါ အငှားယာဉ်က လွှတ်တော်ကိုယ်စားလှယ်စီးလာသည့် မော်တော်ယာဉ်ရှေ့ကို ပိတ်ကာ ဆဲဆိုခြိမ်းခြောက်နေသောကြောင့်  တောင်ဒဂုံ ရဲစခန်းကို  ဖုန်းအကြိမ်ကြိမ်ဆက်ပြီး အကူအညီတောင်းသော်လည်း အကူအညီမရခဲ့ပေ။ ယင်းကြောင့် အဆိုပါ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီနှင့် တွေ့ဆုံကာ အသက်အန္တရာယ်ကြုံလာချိန်တွင် အကူအညီမရခဲ့မှု၊ ဆဲဆိုခြိမ်းခြောက်ခံရမှုနှင့် ဖြစ်စဉ်များကို မီဒီယာများက မေးမြန်းထားသည်များမှ  ကောက်နုတ်ဖော်ပြအပ်ပါသည်။ 

မေး ။  ။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပေါ် ဒီလိုကျူးလွန်ခံရတာနဲ့ ပတ်သက်လို့ သုံးသပ်ချက် လေးပြောပေးပါ။
ဖြေ ။  ။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အသက်ကို ပဓာနမထားဘဲ လုပ်နေကြတာပါ၊ ကျွန်တော်တို့ဆောင်ရွက်တဲ့ ဆောင်ရွက်ချက်တွေ အောင်မြင်ဖို့သာလျှင် အဓိကပါ။ လွှတ်တော်မှာ တင်တဲ့ကိစ္စတွေမှာ အခြားသူတွေရဲ့ အကျိုးကို ထိခိုက်တာတွေရှိတယ်၊ ကျွန်တော်တို့ တောင်ဒဂုံမှာ မင်းမဲ့စရိုက်ဆန်ဆန် ခြံစည်းရိုးခတ်ပြီးတော့ မြေယာ သိမ်း လုယက်တဲ့ကိစ္စတွေ ဖြေရှင်းခဲ့တာတွေရှိတယ်၊ သက်ငယ်မုဒိမ်းမှုတွေမှာ ကျွန်တော်တို့ သွားလိုက်မှ ပေါ်လာတွေရှိတယ်၊ တာဝန်ရှိတဲ့သူတွေအနေနဲ့ မျက်နှာပျက်ရတာတွေရှိတယ် အဲဒါတွေကြောင့်လို့ ထင်ပါတယ်။

မေး ။  ။ အခုလိုတိုက်ခိုက်လာတာဟာ ဘာကြောင့် လို့ ထင်ပါသလဲ။
ဖြေ ။  ။ မီဒီယာတွေရဲ့ အားကောင်းမှုနဲ့ အစိုးရသစ် ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ပြည်သူတွေက အားကိုးတကြီးနဲ့ တိုင်ကြားလာတာတွေရှိတယ်၊ ဝန်ကြီးတွေကလည်း အကောင်အထည် ဖော်တာတွေရှိတယ်၊ ဒါပေမဲ့ အကောင်အထည် မဖော်တာက အချို့သောဌာနဆိုင်ရာ ဝန်ထမ်းတွေရှိတယ်၊ ဒါတွေ ဟာ အစိုးရသစ်ရဲ့ပုံရိပ်ကို သိသိသာသာချနေတယ် ဆိုတဲ့ ပုံစံမျိုးလားလို့ ထင်ရတယ်။

မေး ။  ။ အခုလို တိုက်ခိုက်ခံရတဲ့အပေါ် ရဲတွေ လုပ်ဆောင်ပေးမှု မရှိဘူးလို့ ကြားရတယ် ဟုတ်ပါသလား။
ဖြေ ။  ။ ကျွန်တော့်ဖြစ်စဉ်မှာဆိုရင် တာဝန်ရှိ သူတွေအနေနဲ့ စီမံချက်ပုံစံနဲ့ အဆောတလျင် သွားဖို့လိုပါတယ်၊ ဒီလောက်ဖြစ်နေတဲ့အပေါ်မှာ ကျွန်တော်တို့ ဖုန်းအကြိမ်ကြိမ်ဆက်တယ်။  ရဲ တစ်ယောက်မှ ထွက်မလာဘူးဆိုတာ စဉ်းစားစရာ ဖြစ်နေပြီ။

မေး ။  ။ ဘာကြောင့် အခုလို ကြံစည်တာလဲဆိုတာ ပြောပြနိုင်မလား။
ဖြေ ။  ။ NLD ဆိုတဲ့ အငြိုးအတေးကြောင့်လား ဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်၊ ြီူကို လူထုကနေ ရွေးချယ်လို့ အုတ်အော်သောင်းတင်း အောင်မြင်လာတာ၊ ရွေးကောက်ပွဲကာလမှာတောင် ဓားခုတ်ခံရတာ တွေရှိတယ်၊ လွှတ်တော်ကိုယ်စားလှယ် တွေအိမ်ဆိုရင် အဖောက်ခံရတာတွေ ရှိတယ်၊ ကျွန်တော့်အိမ်လည်း အဖောက်ခံရဖူးတယ်၊ ကျွန်တော်တို့တင်တဲ့ လွှတ်တော်မှာတင်တဲ့အဆိုတွေ ဟာ ဝိသမ လောကသားတွေရဲ့ အကျိုးကို ထိခိုက် သွားလို့လားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်၊

မေး ။  ။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ဒီလိုဖြစ်တဲ့အပေါ် ဘယ်သူမှာတာဝန်ရှိတယ်လို့ ထင်ပါသလဲ။
ဖြေ ။  ။ ကျွန်တော်တို့အတွက် သီးသန့်လုံခြုံရေး မပေးပါဘူးဆိုတာ သိရတယ်၊ ၁၇ ရပ်ကွက်မှာ လယ်ထွန်စက်နဲ့ တိုက်ဖို့ လုပ်တာခံရဖူးတယ်၊ အဲဒါ ကြောင့် လွှတ်တော်ဥက္ကဋ္ဌကခိုင်းတဲ့ အလုပ် ပေါ်လာတဲ့အခါမှာ  မြို့နယ်မှူး ဆီကို အကြောင်းကြား၊ မေတ္တာရပ်ခံတာ၊ ဒါကို အထက်တင်ရဦးမယ်ဆိုတော့ စဉ်းစားကြည့်လို့ရပါတယ်၊ ကျွန်တော်တို့ ဆောင်ရွက် ချက်တွေအပေါ်မှာ လွှတ်တော်ဥက္ကဋ္ဌတွေက ပြည်ထဲရေးမှာတာဝန်ရှိသူတွေနဲ့  လွှတ်တော်ကိုယ်စားလှယ်တွေမြို့နယ်ကို ဆင်းပြီဆိုလျှင် မသမာသူ တွေရဲ့ အန္တရာယ်ကို ပူးပေါင်းဆောင်ရွက်ဖို့နေပြီ ဆိုတာ ပြောချင်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်တောင်မှ ဒီလိုလုပ်တယ်ဆိုတော့ လူထုအနေနဲ့ဆိုတော့ ပြောစရာမလိုဘူး၊ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လွှတ်တော်ဥက္ကဋ္ဌကိုတင်ပြပြီး ဘယ်လို ဆွေးနွေးမေးရမလဲဆိုတာ တိုင်ပင်သွားမှာပါ၊ လွှတ်တော်ကို တင်တဲ့အခါမှာ တရားဥပဒေစိုးမိုးရေး ကိုပဲ အဓိကထားပြီးတင်မှာပါ။

မေး ။  ။ တာဝန်ရှိသူတွေအနေနဲ့ အခြားသူတွေ မဖြစ်အောင် ဘယ်လိုလုပ်ဆောင်သွားသင့်သလဲဆို တာ ပြောပြပေးပါဦး။ 
ဖြေ ။  ။ ကျွန်တော်ရဲ့အဖြစ်အပျက်ကိုနမူနာယူပြီး တကယ်ပြည်ထဲရေးမှာတာဝန်ရှိတဲ့သူတွေအနေနဲ့ လေ့လာစီစဉ် ဆောင်ရွက်သင့်ပြီလို့ ပြောချင်ပါတယ်၊

မေး။  ။ ပြည်သူတွေအတွက် အရေးပေါ်ဖုန်းနံပါတ် တွေထားရှိပေးဖို့ လွှတ်တော်မှာ တင်ပြသွားဖို့ ရှိပါ သလား။ 
ဖြေ ။  ။ အခုလည်း ပြည်သူတွေသိအောင် ဖုန်းနံပါတ် တွေ ပေးပို့ထားပါတယ်၊ Viber တွေနဲ့ ပြောနိုင်ပါတယ်ဆိုပေမယ့် ကျွန်တော်တို့နိုင်ငံမှာက အိုင်တီနည်းပညာကို နားမလည်တဲ့သူတွေရှိပါတယ်၊ လမ်းဆုံလမ်းခွတွေမှာ ဘယ်လိုအရေးပေါ်ရင် ဘယ်ဖုန်းဆက်ပါဆိုပြီး အရေးပေါ် ဆက်သွယ်နိုင်မယ့် နံပါတ်တွေထားပေးဖို့လိုပါတယ်၊ ဒါကိုလည်း လွှတ်တော်ကို ဆွေးနွေးသွားဖို့ရှိပါတယ်။

မေး။  ။  တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ တင်ပြသွားမယ့်အစီအစဉ် ပြောပေးပါဦး။ 
ဖြေ ။ ။ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထုဘ၀ လုံခြုံရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးတိုင်ပင် ဆွေးနွေးပြီး လွှတ်တော်မှာ အကောင်းဆုံးဖြစ်အောင် ဆွေးနွေးသွားပါ့မယ်လို့ ပြောချင်ပါတယ်။

ဇော်မိုးလွင်



  • VIA