News

POST TYPE

RELAX

နေ့ခင်းဘက်မှာ အပြည့်အဝ အနားရအောင် မှေးစက်နည်း
12-Dec-2016

(၁) မိနစ် နှစ်ဆယ်ခွာပြီး နှိုးစက်ပေးထားပါ

လူအများစုအတွက် နေ့လယ်နေ့ခင်း မှေးချိန်ဟာ မိနစ် နှစ်ဆယ် အစိတ်ဆို လုံလောက်ပါတယ်။ သင်စမှေးမယ့်အချိန်နဲ့ မိနစ် ၂၀ လောက် ခွာပြီး နှိုးစက်ပေးထားမယ်ဆိုရင် သင် အိပ်မောကျနေတုန်း နိုးလာမှာကို စိတ်ပူဖို့ မလိုတော့ပါဘူး။

(၂) အစောပိုင်းအချိန်ကို ရွေးပါ

ညအိပ်ချိန်လိုပဲ နေ့ခင်းဘက် မှေးချိန်ဟာလည်း အချိန်ရွေးချယ်မှု မှန်ကန်ဖို့ အရေးကြီးပါတယ်။ နေ့တိုင်းနေ့တိုင်း ဒီအချိန်မှာပဲ ပုံမှန် မှေးစက် အနားယူမယ်ဆိုရင် သင့်ဦးနှောက်ကလည်း ကျင့်သား ရလာပြီး အဲဒီအချိန်အတွင်း အလွယ်တကူ အိပ်ပျော်ပါလိမ့်မယ်။ မနက် ဆယ့်တစ်နာရီနဲ့ နေ့လယ် နှစ်နာရီလောက်ကြား အချိန်တွေက ကျန်အချိန်တွေထက် ပိုမို သင့်တော်ပါတယ်။

(၃) အမှောင်ချပါ

နေရောင် မဝင်အောင် လိုက်ကာချပြီး မီးပိတ်ထားပါ။ အလင်းရောင်တွေက သင့်ရဲ့ ဦးနှောက်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ တကယ်လို့ ဒီလိုလုပ်လို့ မရနိုင်ဘူးဆိုရင် မျက်လုံး သီးသန့်ဖုံးတဲ့ ညအိပ် မျက်နှာဖုံးကို သုံးပါ။

(၄) အိပ်ရာထဲမှာ အိပ်ပါ

အိပ်ရာထဲမှာဆိုရင် အိပ်ပျော်ဖို့ ပိုမို လွယ်ကူတဲ့အတွက် ပိုမြန်မြန် အနားရပါတယ်။ အိပ်ရာထဲမှာ အိပ်ဖို့ မဖြစ်နိုင်ဘူး ဆိုရင်တော့ သင့်ရဲ့ ခန္ဓာကိုယ်ကို ရေပြင်ညီ အနေအထား ဖြစ်အောင် ဖြစ်နိုင်သလောက် ခပ်လျှောလျှောထားပါ။

(၅) အသံတွေ တိုးထားပါ

အသံဆူညံရင် အိပ်မရဘူး ဆိုတာတော့ လူတိုင်း သိပြီးသားအချက် ဖြစ်ပါတယ်။ တကယ်လို့ သင်အိပ်ပျော်နေတယ် ဆိုရင်တောင် အသံတွေကြောင့် ကောင်ကောင်း အနား မရနိုင်ပါဘူး။ တိတ်ဆိတ်တဲ့နေရာ မရှိတဲ့အခါ နားဆို့တဲ့ ဖော့တုံးလေးတွေကို သုံးပါ။ ဒါမှမဟုတ် ကျန်တဲ့အသံတွေကို ဖယ်ရှားနိုင်မယ့် ငြိမ့်ညောင်းတဲ့အသံ တစ်ခုခုဖွင့်ထားပါ။

(၆) လာဗင်ဒါ ရနံ့ရှုရှိုက်ပါ

အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ လာဗင်ဒါပန်းရနံ့ကို ရတဲ့အခါ ပိုအိပ်ပျော်ပြီး ပိုလန်းလန်းဆန်းဆန်း နိုးထနိုင်တယ်လို့ ၂၀၁၂ သုတေသန တစ်ခုက ဆိုပါတယ်။ ကိုယ့်အနီးအနားမှာ လာဗင်ဒါရနံ့ ဆွတ်ဖျန်းထားပါ။

Ref : Time


  • VIA