POST TYPE

RELAX

ဒန်ကင် ဘန်နက်တိုင်း
11-Dec-2016


“တကယ်ဖြစ်ချင် တကယ်လုပ်”

“ကျွန်တော် လူငယ်တွေကို အကြံပြုချင်တာကတော့ ခုပဲ ထလုပ်လိုက်စမ်းပါ”

အထက်ပါ စကားကို ပြောသွားသူမှာ လုပ်ငန်းပေါင်း များစွာကို စွန့်ဦးတီထွင် လုပ်ဆောင်ခဲ့သူ ဒန်ကင် ဘန်နက်တိုင်း (Duncan Bannatyne) ဖြစ်သည်။ သူက -

“ကျွန်တော် ဆိုလိုတာက အားကစားရုံကို သွားသလိုပါပဲ။ လူတွေက သွားကစားချင်လိုက်တာလို့သာ ပြောနေတာ။ သူတို့ အချိန်တော့ မပေးနိုင်ကြဘူး။ ဒါပေမဲ့ တီဗီအစဉ်တွေကိုတော့ တစ်ညလုံး ထိုင်ကြည့်ချင် ကြည့်နေကြတယ်။ အားကစားရုံကို ဒါကြောင့် သူတို့ သွားဖို့ အချိန် မရှိတာပေါ့”

ဘန်နက်တိုင်းသည် စတာလင်ပေါင် ၄၅၀ ခန့်တန်သည့် ရေခဲမုန့် ဗင်ကားလေးကို ဝယ်ပြီးနောက် သူ့လုပ်ငန်းကို စတင်ကာ၊  မယုံကြည်နိုင်လောက်အောင် အောင်မြင်ခဲ့သူ တစ်ဦးဖြစ်သည်။ နောက်ဆုံး ဆန်းစစ်ချက်အရ သူ ချမ်းသာနေသည်မှာ စတာလင်ပေါင် ၁၆၈ သန်း ရှိနေပြီဟု သိရသည်။ စောင့်ရှောက်ရေး ဂေဟာများ၊ လောင်းကစား ဝိုင်းကြီးများ၊ ဟိုတယ်နှင့် ကုမ္ပဏီ အဆောက်အအုံများတွင် ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်သည့် ကလပ်များ လိုက်ထောင်ရင်းက အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်လာသည်။ 

သူသည် Dragons’ Den ဆိုသည့် BBC တီဗီအစီအစဉ် တစ်ခုတွင်လည်း ဒိုင်တစ်ဦးအဖြစ် ပုံမှန် တာဝန်ယူ ဆောင်ရွက်ပေးနေရသည်။ သူသည် အတ္ထုပ္ပတ္တိစာအုပ် တစ်အုပ်ကိုလည်း ရေးသား ထုတ်ဝေခဲ့သူ ဖြစ်သည်။ 

စကော့တ်လန်ဒေသဖွား ဘန်နက်တိုင်းသည် အခြား ထင်ရှား ကျော်ကြားသည့် စွန့်ဦးလုပ်ငန်းရှင်များထက် ပိုပြီး ထူးခြားသူ မဟုတ်ပေ။ စကော့တလန်၊ ဂလပ်စ်ဂို၊ ကလင်ဒီဘန့် အရပ်တွင် မွေးဖွားသည်။ မွေးချင်း ၇ ယောက် ရှိသည်။ သူ့ဖခင်သည် Singer အမှတ်တံဆိပ် အပ်ချုပ်စက် စက်ရုံတွင် အလုပ် လုပ်သည်။ သူ့မိခင်သည် သန့်ရှင်းရေး အလုပ်ကို လုပ်သည်။ မိသားစုသည် မငတ်ရုံတစ်မည် ငွေကို ချွေတာ သုံးစွဲနေကြရသူ များသည်။ ဘန်နက်တိုင်းသည် အသက် ၁၆ နှစ်တွင် ကျောင်းထွက်လိုက်ရသည်။ ပညာရေးတွင်လည်း မထူးချွန်ဟု ဆိုရမည်။ ကျောင်းထွက်ပြီးနောက် ဗြိတိသျှ ရေတပ်တွင် ဝင်ရောက် အမှုထမ်းသည်။

ရေတပ်တွင် တာဝန် ထမ်းဆောင်စဉ် မှတ်တမ်းများအရ အထက် အရာရှိများကို ကလန်ကဆန် လုပ်လေ့ မရှိ။ သာမန် စည်းကမ်း ဖောက်ဖျက်မှုလေးတွေတော့ ရှိခဲ့သည်။ သင်္ဘောပေါ်တွင် တာဝန်ချိန်အတွင်း အရက် သောက်ခြင်းစသည့် စည်းကမ်းဖောက်ဖျက်မှုမျိုး ဖြစ်သည်။ သို့သော် အထက်အရာရှိ တစ်ဦးကို ခြိမ်းခြောက်မှုဖြင့် စစ်ခုံရုံး အတင်ခံရသည်။ ပြစ်မှု ထင်ရှားသောကြောင့် ထောင်ဒဏ် ကိုးလ ချမှတ်ခြင်း ခံရသည်။ ပြစ်ဒဏ် ခံရပြီးနောက် ရေတပ်ကလည်း သူ့ကို ထုတ်လိုက်တော့သည်။

သူ့ဘဝက အခြေမဲ့ အနေမဲ့ ဘဝ ပြန်ရောက်သွားသည်။ သူသင်ခန်းစာ အများကြီး ရသွားသည်။ ကိုယ်ပြုသမျှဒဏ် ကိုယ်သာ ခံရမည်ဆိုသည့် သင်ခန်းစာ ဖြစ်သည်။

သူသည်ထောင်က ထွက်လာပြီးနောက် ရေခဲမုန့် ရောင်းရန် ဗင်ကားလေး တစ်စီး ဝယ်လိုက်သည်။ ရေခဲမုန့်ကားကိုလည်း Duncan’s Super Ices ဟု အမည် ပေးလိုက်သည်။ ကားတစ်စီးနှင့် ဘဝကို ပြန်လည် အစပြုလိုက်ရာ နောက်ပိုင်း ဗင်ကား လေးစီး ဖြစ်လာသည်။ စတာလင်ပေါင် သုံးသိန်းခန့် ရင်းနှီး မြှုပ်နှံလာနိုင်သည့် အနေအထားကို ရောက်လာသည်။ 

ရေခဲမုန့်ရောင်းရာမှ Quality Care Nursing Homes ဆိုသည့်လုပ်ငန်းကို ထူထောင်နိုင်ခဲ့ပြန်သည်။ ငါးနှစ်အတွင်း လုပ်ငန်း တိုးတက် အောင်မြင်ခဲ့ပြီး စတာလင်ပေါင် ၄၆ သန်းဖြင့် ပြန်လည် ရောင်းချနိုင်ခဲ့သည်။ 

ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူလည်း စိတ်သက်သာစွာ နေထိုင်နိုင်သည့် အနေအထားကို ရောက်လာခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။ သူက ဘာဆက်လုပ်လျှင် ကောင်းမည်နည်းဟု စဉ်းစားသည်။

“ကျွန်တော် အခွန် ၄၀ ရာခိုင်နှုန်းလောက် ဆောင်လိုက်ရတယ်။ ကျွန်တော် မွန်တီကာလိုကို လိုင်းပြောင်းလိုက်တယ်။ နောက်ထပ် ငါးနှစ် လုပ်ကြည့်ဖို့ ငွေတွေကို ရင်းနှီး မြှုပ်နှံလိုက်တယ်”

၁၉၉၆ ခုနှစ် ဒီဇင်ဘာတွင် Bannatyne Fitness ဆိုသည့် ကျန်းမာရေး ကစားခန်းကို ထူထောင် လိုက်ပြန်သည်။ ယခုအခါ သူ့ကုမ္ပဏီတွင် ဝန်ထမ်းပေါင်း ၁၂၀ဝ ကျော် ရှိနေပြီဖြစ်သည်။ ကျန်းမာရေး ကလပ်ပေါင်း ၂၄ ခု ထူထောင်ထားနိုင်ခဲ့ပြီး ယင်းကလပ်များ၏ တန်ဖိုးမှာ စတာလင်ပေါင် သန်း ၉၀ ကျော် ရှိသည်။ နောက်ပိုင်းတွင် အားကစား လေ့ကျင့်သည့် ကျန်းမာရေး စင်တာပေါင်း ၆၁ ခုအထိ ပိုင်ဆိုင်လာသည်။

သူသည် အခြားလုပ်ငန်း တစ်ခုဖြစ်သည့် ဟိုတယ်နှင့် ကာစီနို လုပ်ငန်းများကိုလည်း စိတ်ဝင်စားသည်။ ဘားဆိုင်နှင့် အိုးအိမ် လုပ်ငန်းများကိုလည်း တိုးချဲ့ လုပ်ကိုင်လိုက်သေးသည်။ ဗြိတိန်နိုင်ငံ တစ်ဝန်းတွင် လုပ်ငန်းခွဲပေါင်း များစွာကို ဖြန့်ကြက်နိုင်ခဲ့သည်။

သူ့ကို စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်စေရန် ဘာက လုပ်ဆောင်ပေးခဲ့ပါသနည်း။ 

“လူတွေက အောင်မြင်ဖို့ ကျော်ကြားဖို့ အလိုရှိကြတယ်။ အောင်မြင်အောင် အလုပ်တွေ လုပ်နေကြတယ်။ အလုပ်ထဲမှာပဲ နေကြတဲ့သူတွေလည်း များတယ်။ ကျွန်တော် ငယ်ငယ်ကလည်း ဒီစိတ်မျိုးပဲ ရှိတယ်။ ဒါပေမဲ့ စိတ်ကူးတိုင်း ဖြစ်လာနိုင်တာမှ မဟုတ်တာ။ ကျွန်တော့်စိတ်က တစ်ခုခု လုပ်ချင်ပြီဆိုရင် ချက်ချင်း ကောက်လုပ်လိုက်တာပဲ” 

ဘန်နက်တိုင်းက သူသည် ကမ္ဘာ့အတော်ဆုံး မန်နေဂျာ တစ်ဦး မဟုတ်ကြောင်း ပြောသည်။ သို့သော် သူက အကောင်းဆုံး လူတော်တွေကို လုပ်ပေးနိုင်သည်ဟု ဆိုသည်။ သူ့ကုမ္ပဏီတွင် အကောင်းဆုံး လူတော်များကို မွေးထုတ်ပေးနေသည်။

“ကျွန်တော် အသက် ၁၁ နှစ်ကနေ ၁၈ နှစ်သား လူငယ်တွေအထိ အီးမေးလ်တွေ ရတယ်။ သူတို့က ကြီးလာရင် စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးတွေ ဖြစ်ချင်ပါတယ် ဆိုပြီးတော့ ကျွန်တော့်ဆီ စာတွေ ရေးကြတယ်။ သိပ်ကောင်းတာပေါ့။ ကျွန်တော် ပြောချင်တာက တကယ် ဖြစ်ချင် တကယ်လုပ်ပဲ”

E-01

  • VIA