News

POST TYPE

RELAX

ဒီအချက်တွေထဲက အများစု ရှိနေရင် သင့် အသက်မွေးဝမ်းကျောင်းကို ပြောင်းလဲသင့်ပါပြီ
11-Dec-2016

(၁) ခဏခဏ ခွင့်ယူခြင်း

စိတ်ပင်ပန်း လူပင်ပန်းတာကြောင့် လူတွေဟာ ရံဖန်ရံခါမှာ ခွင့်ယူဖို့ လိုအပ်တာ မှန်ပေမယ့် သင့်မှာ ဘာအကြောင်းပြချက်မှ မယ်မယ်ရရ မရှိဘဲ ခဏခဏ ခွင့်ယူနေပြီ ဆိုရင်တော့ သင့်အလုပ်နဲ့ ပတ်သက်ပြီး ကျိန်းသေပေါက် ပြဿနာ ရှိနေပါပြီ။ ရုံးပြောင်းဖို့ ဒါမှမဟုတ် ရက်ရှည် အနားယူဖို့ လိုတာ ဖြစ်နိုင်သလို သင့်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်က သင်နဲ့ မသင့်တော်တာလည်း ဖြစ်နိုင်ပါတယ်။

(၂) တာဝန်များကို လျစ်လျူရှုခြင်း

ကိုယ်လုပ်ရမယ့် အလုပ်တိုင်းကို အသေးစိတ် သဘောကျနေဖို့ ဆိုတာ မလွယ်သလို ကိုယ်မကြိုက်တဲ့ အစိတ်အပိုင်းတွေလည်း ရှိနေတတ်တာ သဘာဝပါပဲ။ ဒါပေမဲ့ သင်ဟာ သင်လုပ်ရမယ့် တချို့ ဝတ္တရားတွေကို မကြာခဏ မသိချင်ယောင်ဆောင် လျစ်လျူရှုနေမယ် ဆိုရင်တော့ သင့်ကိုယ်သင် သုံးသပ်ဖို့ လိုလာပါပြီ။ သင့်ရဲ့အလုပ်က သင်နဲ့ တကယ် အဆင်ပြေရဲ့လား ဆိုတာကို ခြောက်လ တစ်ခါလောက် သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ။

(၃) သင်နဲ့ ဒီအလုပ် မကိုက်ညီကြောင်း သွယ်ဝိုက် ပြောဆိုသူ များလာခြင်း

သင်က ဘယ်အလုပ်နဲ့ဆိုရင် သိပ်ကိုက်မှာပဲ ဆိုပြီး သင့်ကို ပြောတဲ့သူ များလာပြီဆိုရင် သတိပြုသင့်ပါပြီ။ ဒါဟာ အခု အသက်မွေးဝမ်းကျောင်း အလုပ်က သင်နဲ့ မကိုက်ဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ စိတ်သဘောထား မှန်ကန်တဲ့သူတွေ၊ အပြုသဘောဆောင် တွေးခေါ်တတ်တဲ့ သူတွေရဲ့ ထင်မြင်ချက်ကို အလေးထား နားထောင်ကြည့်ပါ။

(၄) ခန္ဓာကိုယ်က ဆန္ဒပြခြင်း

သင့်ရဲ့ အလုပ်ကို သင်က မနှစ်သက်တဲ့အခါ ခန္ဓာကိုယ်ကပါ နည်းအမျိုးမျိုးနဲ့ ဆန္ဒပြလေ့ ရှိပါတယ်။ ခေါင်းကိုက်တာ၊ ဗိုက်နာတာ၊ ကျောနာတာ၊ အစာမကြေတာ စသဖြင့် အကောင်အထည်ပြလို့ မရတဲ့ ဝေဒနာတွေ မကြာခဏ ခံစားရတတ်ပါတယ်။

(၅) အမြဲ စိတ်ချုံးချုံးကျနေခြင်း

သင်ဟာ ပင်ပင်ပန်းပန်း အလုပ်တွေ မလုပ်ရပေမယ့် နေ့တိုင်း အိမ်ပြန်ရောက်တဲ့အခါ ဘာမှ မလုပ်ချင်လောက်အောင် ခြေကုန် လက်ပမ်းကျ ပင်ပန်းနွမ်းနယ် နေမယ်၊ ဘာမှတောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့ရသလို ခံစားနေရမယ် ဆိုရင်လည်း ဒါဟာ အလေးထားပြီး ဂရုပြုရမယ့် လက္ခဏာ ဖြစ်ပါတယ်။ တစ်ပတ်မှာ တစ်ရက် နှစ်ရက်လောက် ဖြစ်ရင် ပြဿနာ မရှိပေမယ့် နေ့တိုင်းနေ့တိုင်း ဆိုရင်တော့ သတိပြုသင့်ပါပြီ။

(၆) ပျင်းရိငြီးငွေ့ခြင်း

နောက်ဆုံး လက္ခဏာက သင့်မှာ ဖျတ်လတ်တက်ကြွမှု မရှိတော့တာ ဖြစ်ပါတယ်။ လက်ရှိ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီး စဉ်းစားလိုက်တဲ့အခါတိုင်း မျှော်မှန်းစရာ ပျော်ရွှင်စရာ မတွေ့ဘူးဆိုရင် အလုပ် လုပ်ရတာကို ပျင်းရိငြီးငွေ့နေမယ် ဆိုရင် ဒါဟာ သင်လုပ်နေရတဲ့ နေရာကြောင့်လား ဒါမှမဟုတ် ဒီအသက်မွေးဝမ်းကျောင်းက သင်နဲ့ မသင့်တော်တာလား ဆိုတာကို အဖြေရှာရမှာပါ။

Ref : rd.com


  • VIA