News

POST TYPE

RELAX

Mango Media ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်အေးနှင်းဆွေနှင့် တွေ့ဆုံခြင်း
06-Dec-2016

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ကြော်ငြာလုပ်ငန်းဈေးကွက် ပြောင်းလဲမှုလာခြင်းများ အပါအဝင် Digital ကြော်ငြာဈေးကွက် ပြောင်းလဲလာမှုနှင့်အတူ ပြည်တွင်းကြော်ငြာ ကုမ္ပဏီများ၏ စိန်ခေါ်မှုတွေနှင့် ပြင်ဆင်ရန် လိုအပ်နေမှုများကို ပြည်တွင်းမီဒီယာ ကုမ္ပဏီတစ်ခု ဖြစ်သော Mango Media ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်အေးနှင်းဆွေ (Rose) ကို The Voiceက တွေ့ဆုံမေးမြန်းထားသည်ကို ဖော်ပြအပ်ပါသည်။

Voice : ပထမဦးဆုံး အနေနဲ့ လက်ရှိ ကြော်ငြာလုပ်ငန်းတွေရဲ့ ဈေးကွက်အခြေအနေ ပြောပြပေးပါ။

AHS : လက်ရှိအခြေအနေဆိုရင် ၂၀၁၆ အခြေအနေဆိုရင် ၂၀၁၅ ယှဉ်ပြောရင် ပိုမြင်သာလိမ့်မယ်။ ၂၀၁၅ မှာတော့ ၂၀၁၄ နဲ့ ယှဉ်ကြည့်ရင် နည်းနည်းလေးကျတယ်။ တစ်ရာခိုင်နှုန်းလောက် လျော့သွားတယ်။ ၂၀၁၅ ကနေ ၂၀၁၆ ကို ယှဉ်လိုက်တော့ အခု ဒီသုံးလပတ်ပေါ့၊ အခု ပြီးသွားတဲ့ တတိယ သုံးလပတ်ကို ကြည့်လိုက်လို့ ရှိရင် သူက ၅ ရာခိုင်နှုန်းလောက်ပဲ တက်တယ်။ အများကြီး တက်မလာဘူး။ ၅ ရာခိုင်နှုန်း တက်တာသည် မီဒီယာနှုန်းတွေ တက်တာကြောင့် ဖြစ်နိုင်တယ်။ ပြီးတော့ Inflation (ငွေဖောင်းပွမှု) ကြောင့်လည်း ဖြစ်နိုင်တယ်။ စီးပွားရေး သိသိသာသာ ပြောင်းလဲတိုးတက်တာ ဘာမှမရှိဘူး။ မီဒီယာ ကြော်ငြာဝင်ငွေ TV ကလွဲရင် တခြားမီဒီယာတွေမှာ ကြော်ငြာတာ အသုံးနည်းနည်းကျတယ်။ TV ကတော့ နည်းနည်း ပိုပြီးတော့ အသုံးများတယ်။ ပြီးတော့ TV ဈေးနှုန်းက တက်လာတော့ ကြော်ငြာရှင်တွေက ပိုပြီးတော့ ကြော်ငြာတာထက် တိုးလာတဲ့ ဈေးနှုန်းအရ ဘတ်ဂျက်ကိုတော့ မြှင့်ပေးလိုက်ရတယ်။ သူတို့ရတဲ့ ကြော်ငြာအရေအတွက်နဲ့ ပြန်ယှဉ်ကြည့်လိုက်ရင် အရင်နှစ်တွေက အရေအတွက်တွေနဲ့ သိပ်မကွာလှဘူး။ ကြော်ငြာဈေးကွက်က နည်းနည်းအေးနေတယ်။ နောက် ဘာဖြစ်လဲဆိုရင် တတိယ သုံးလပတ်ထဲမှာ ဒစ်ဂျစ်တယ်က နည်းနည်း နေရာဝင်ယူလာတယ်။ Print (ပုံနှိပ်) တွေဘက်မှာ နည်းနည်းကျသွားတယ်။ ကြော်ငြာလုပ်ငန်းက စီးပွားရေး အတက်အကျကို အနည်းနဲ့အများ ဆိုသလို ညွှန်ပြနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေး အခြေအနေက အများကြီး တိုးတက်မလာဘူး။ ၂၀၁၆ မှာ စီးပွားရေး တိုးတက်မှု မရှိတဲ့အတွက် ကြော်ငြာမှာသုံးတဲ့ ဘတ်ဂျက် တက်မလာဘူးပေါ့။ ဈေးကွက်ထဲမှာ မရှိသေးတဲ့ ကုန်ပစ္စည်း၊ အသုံးအဆောင် ပစ္စည်းထဲကလည်း သိသိသာသာ ဝင်လာတာ မမြင်ရဘူး။

Voice : ဒစ်ဂျစ်တယ်ဘက် ပြောင်းလာတယ်ဆိုတော့ ဒစ်ဂျစ်တယ် အားသာချက်နဲ့ သူရဲ့ အကျိုးဆက်ကရော ဘာဖြစ်လာမလဲ။

AHS : အခုလောလောဆယ်မှာ မြင်ရတာတော့ Online မီဒီယာ တိုးတက်လာမှုလို့ ဆိုချင်ပါတယ်။ ကြော်ငြာရှင်တွေက အခု ဒစ်ဂျစ်တယ်ဘက်ကို ခြေဦးလှည့်လာကြတယ်။ ဒစ်ဂျစ်တယ် မီဒီယာလို့ ပြောလိုက်ရင် တခြားနိုင်ငံတွေမှာတော့ Google အသုံးများပါတယ်။ Google ပြီးတော့မှ Facebook၊ Facebook ပြီးတော့မှ တခြားဆိုရှယ်မီဒီယာတွေဆီ သွားတယ်။ ဒီမှာတော့ Facebook က အမြင့်ဆုံး  Google က ဒုတိယသွားတယ်။ အင်တာနက် သုံးစွဲသူ အများစုက Facebook တစ်ခုတည်းကို အဓိကထားပြီး သုံးတာလည်း ရှိတယ်။ တခြားနိုင်ငံမှာက Website တွေဆီ တိုက်ရိုက်သွားကြတယ်။ ဒီမှာက Facebook က အဓိကဆိုတော့ အဲဒီကနေမှ တစ်ဆင့် Website ကို ပြန်ညွှန်းနေရတယ်။ ပြီးတော့ ကျွန်မတို့ဆီမှာ Email အကောင့် သုံးတာ နည်းတယ်။ Google ကနေ Search လုပ်တာလည်း နည်းတယ်။ အခုက လူတိုင်းဆီမှာ Facebook အကောင့် ရှိတယ်။ Facebook ကနေ ဆက်သွယ်တယ်။ Facebook ကနေ ဗဟုသုတ ရယူတယ်။ သိချင်တာတွေ ရှာကြတယ်။ အဲဒီတော့ အရာရာက Facebook ဖြစ်နေတယ်။ အဲဒီလို မိုဘိုင်းလ်နဲ့ သွားနေတဲ့ မိုဘိုင်းလ်ဈေးကွက်မှာ င်္ Facebook က ဆိုရှယ်မီဒီယာထဲမှာ အရေးကြီးဆုံး ဖြစ်နေတယ်။

Voice : အဲ့လိုမျိုးတွေ ပြောင်းလာတော့ ပြည်တွင်းကြော်ငြာလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတွေမှာ ဘာအခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ ဖြစ်လာမလဲ။

AHS : အကြမ်းဖျင်းအားဖြင့်ဆို ကြော်ငြာတွေက Online နဲ့ Offline Media တွေက တစ်ဆင့် လူတွေဆီ ရောက်တယ်။ Offline ဆိုရင် ပုံမှန်မီဒီယာ ဖြစ်တဲ့ TV၊ Print၊ Outdoor၊ Cinema နဲ့ ရေဒီယို ဒါတွေက ပုံမှန်ပေါ့။ ကျွန်မတို့ဆီမှာ အဲဒီလို Online, Offline Media တွေမှာ ပရိုဖက်ရှင်နယ် ဖြစ်လာအောင် သီးသန့် နှစ်ရှည် ပြုစုပျိုးထောင်ပေးတဲ့ ကျောင်းတွေ မရှိဘူးလေ။ Online ကတော့ တယ်လီကွန်း အော်ပရေတာ ပေါ်လာပြီးမှ ကျယ်ကျယ်ပြန့်ပြန့် အသုံးစပြုလာတဲ့ မီဒီယာ ဖြစ်တယ်။ ကမ္ဘာနဲ့အဝန်းက သတင်းတွေ၊ အကြောင်းအရာတွေကို အခုပဲ ကြားရ၊ မြင်ရတယ်။ အရင်ကဆိုရင် တီဗီ၊ သတင်းစာ၊ ရေဒီယိုကနေ စောင့်နေပြီးမှ မြင်ရတယ်။ အခုဆို ဘာပြောင်းသွားလဲ ဆိုတာက အခုချက်ချင်းပဲ မြင်ရ၊ ကြားရတယ်။ သင်ယူလေ့လာစရာတွေ အင်မတန် များတယ်။ အများကြီး လေ့လာဖို့ လိုတယ်။ Step ကတော့ အရမ်းမြန်တယ်။ အဓိက စိန်ခေါ်မှုကတော့ ဒစ်ဂျစ်တယ် မားကက်တင်းလုပ်ဖို့ တကယ်အရည်အချင်း၊ အတွေ့အကြုံရှိတဲ့ သူတွေက ကျွန်မတို့ဆီမှာ ရှားပါးတယ်။ ကြော်ငြာလုပ်ငန်းမှာမက ကုန်ပစ္စည်း ထုတ်လုပ်ရေး လုပ်တဲ့ကုမ္ပဏီတွေနဲ့ မားကက်တင်းလုပ်တဲ့ ကုမ္ပဏီတွေဆီမှာ ဒီလိုလူမျိုးတွေ လိုအပ်တယ်။ ကျွန်မတို့လို အေဂျင်စီတွေမှာလည်း ဒီလိုဒစ်ဂျစ်တယ် မားကက်တင်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တဲ့လူတွေ အများကြီး လိုအပ်နေပါသေးတယ်။ နောက်ပြီးတော့ ကျွန်မတို့ဆီမှာက Facebook ကနေ ကြော်ငြာဖို့ရာ Credit Card (အကြွေးဝယ်ကတ်) လိုသေးတယ်။ ကျွန်မတို့ဆီက Credit Card ဆိုပေမယ့် ကြိုတင်ငွေဖြည့်ထားရတဲ့ Debit Card ကတ်တွေပဲလေ။ အဲဒီဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကလည်း ရှိနေသေးတယ်။ ကြော်ငြာရှင်တွေကလည်း သူတို့ရဲ့ကြော်ငြာ ဘတ်ဂျက်ကို ၁၀၀ လို့ သတ်မှတ်ထားရင် အဲဒီ ၁၀၀ ကို TV မှာ ဘယ်လောက်သုံး၊ ပုံနှိပ်မှာ ဘယ်လောက်သုံး၊ Outdoor မှာ ဘယ်လောက်သုံးဆိုပြီး လျာထားတယ်ပေါ့။ နောက်မှ ပေါ်လာတဲ့ Digital အတွက် အဲဒီ ၁၀၀ အပြင် နောက်ထပ် ၁၀၊ ၂၀  တိုးပေးလိုက်တာ မဟုတ်ဘူး။ နဂိုဘတ်ဂျက်ထဲကနေ ယူပြီးတော့ ဒစ်ဂျစ်တယ်ကို ရွှေ့လိုက်တာ။

Voice : ဒစ်ဂျစ်တယ်ဘက် ကြော်ငြာရှင်တွေရဲ့ စိတ်ဝင်စားမှုကရော ဘယ်လိုရှိလဲ။

AHS : ကြော်ငြာရှင်တွေ အနေနဲ့ ရှောင်လွှဲလို့ရတဲ့ မီဒီယာ မဟုတ်ပါဘူး။ အခုအားလုံးက ဒစ်ဂျစ်တယ်ခေတ်ကို ဦးတည်လာတာလေ။ နောက်ပိုင်းကျရင် ပုံနှိပ်မီဒီယာတွေလည်း ဒစ်ဂျစ်တယ် ဖြစ်လာရတော့မယ်။ ကြော်ငြာရှင်တွေကတော့ ကြိုပြီးကြည့်ကြတာပေါ့။ ကျွန်မတို့ဆီမှာ ဆိုရင် ကြော်ငြာရှင်တွေက ပြည်တွင်းတင်မကဘဲ ပြည်ပကလည်း ရှိတာဆိုတော့ အဲဒီပြောင်းလဲလာတာကို သူတို့က ကြိုမြင်နေတယ်။ သူတို့ပစ်မှတ်ထားတဲ့ စားသုံးသူတွေက ဘယ်ကိုသွားနေလဲ ဆိုတာကို သူတို့ကလည်း အဲဒီနောက်ကို မျက်ခြည်မပြတ် လိုက်နေတာ။ ဘတ်ဂျက်ရဲ့ ၄၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင် နှုန်းက ဒစ်ဂျစ်တယ်ဘက်ကို ရောက်သွားတာတော့ မဟုတ်သေးပါဘူး။ အဲဒီလောက် အနေအထေား မရှိသေးပါဘူး။ ဒီနှစ်က စတင်ပြောင်းလဲလုပ်နေတာ ဆိုတော့ နောက်နှစ်ကျတော့မှ နည်းနည်းအရှိန်မြှင့်လာမှာလို့ ကျွန်မ ထင်ပါတယ်။ ၂၀ နဲ့ ၂၅ ရာခိုင်နှုန်းလောက်တော့ ရောက်လာပါလိမ့်မယ်။

Voice : ကြော်ငြာက ဒစ်ဂျစ်တယ်ဘက်ကို ပြောင်းလာနေပြီဆိုတော့ ကြော်ငြာခနဲ့ အများဆုံး ရပ်တည်နေတဲ့ ပုံနှိပ်မီဒီယာ လုပ်ငန်းတွေနဲ့ အခြားလုပ်ငန်းတွေရဲ့ ရပ်တည်မှုကရော ဘာဖြစ်လာနိုင်မလဲ။

AHS : ပုံနှိပ်ကြီးပဲ ရပ်တည်နေရင်တော့ တော်တော်ခက်ခဲလိမ့်မယ်။ ကိုယ့်အရှေ့မှာ သွားနေတဲ့ လမ်းကြောင်းကို ကြိုပြီး ကြည့်ထားရင်တော့ ကိုယ်က သူများ ဘယ်လိုမှားခဲ့ပြီးပြီးလဲ၊ သူများက ဘယ်လိုအောင်မြင်ပြီးပြီးလဲ ဆိုတာကို လေ့လာနိုင်တယ်။ အတုယူပြီး ပြောင်းလဲနိုင်တယ်။ နိုင်ငံတကာမှာ ဒီလိုပဲ ဖြစ်လာတာပဲလေ တခြားနိုင်ငံက ပုံနှိပ်ကုမ္ပဏီ အကြီးကြီးတွေတောင် ဒစ်ဂျစ်တယ်ဘက်ကို တဖြည်းဖြည်း လိုက်လာကြတာပဲလေ။ ဖက်ရှင်စာအုပ်တွေ၊ မဂ္ဂဇင်းတွေ ထွက်နေတုန်းပဲ။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာလည်း ရောက်လာကြတယ်လေ။ 

Voice : ရှေ့မှာပြောခဲ့သလို ကြော်ငြာလုပ်ငန်းတွေရဲ့ တိုးတက်မှုက အရမ်းကြီး မတက်သေးတော့ ရှေ့လာမယ့် အလားအလာကရော ဘယ်လိုရှိမလဲ။ 

AHS : ကျွန်မ သိထားသလောက်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပေါ်လစီသစ်က လာမယ့် ဘဏ္ဍာနှစ်ကျမှ စမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက အဲဒီကျမှ သိသိသာသာ ဝင်လာမှာလား။ တချို့ကတော့ အခုက စပြီး ပြင်ဆင်နေမှာပေါ့လေ။ ကိုယ့်ဈေးကွက်ထဲကို ဝင်ချင်တဲ့သူတွေကတော့ သူတို့လွယ်လွယ်ကူကူ၊ မှန်မှန်ကန်ကန် စပြီး အလုပ်လုပ်လို့ ရတော့တဲ့ အချိန်ကျတော့မှသာလျှင် ဈေးကွက်ဝင်လာမယ်။ ဒီလိုအတိုင်းဆို ကျွန်မတို့က မေ၊ ဇွန်လောက်ကို စောင့်ကြည့်ရမှာပေါ့။

Voice : နောက်ထပ် ဘာများဖြည့်စွက်ပြောပေးချင်သေးလဲ။ 

AHS : ဒစ်ဂျစ်တယ် မားကက်တင်းကတော့ စနေပြီ။ အရှိန်နဲ့အဟုန်နဲ့ သွားနေမှာပဲ။ ဒစ်ဂျစ်တယ် သွားတဲ့ဟာကို ဆွဲထားလို့ မရဘူး။ Digitalized ဖြစ်လာမယ့်ဟာ အမီလိုက်ဖို့ လိုတယ်။ စိန်ခေါ်မှုတွေကတော့ အများကြီး ရှိမှာပဲလေ။ အင်တာနက်မြန်နှုန်းကလည်း အဲဒီလောက် မဟုတ်သေးဘူး။ Data ခကလည်း ဈေးကြီးသေးတယ်။ ဈေးကြီးသေးတဲ့ အတွက်ကြောင့်ရော လက်ရှိတစ်ဦးချင်း ဝင်ငွေအနေအထားအရ Data ကို ကျယ်ကျယ်ပြန့်ပြန့်၊ များများစားစား သုံးစွဲမှု နည်းနေသေးတယ်။ Content အပိုင်းလည်း အများကြီး လုပ်ရဦးမယ်။ အွန်လိုင်းက အော့ဖ်လိုင်းမီဒီယာတွေလို မဟုတ်ဘူး။ ပရိသတ်ကို ဆွဲဆောင်နိုင်အောင်၊ စိတ်ဝင်စားအောင် လုပ်ဖို့က အင်မတန် အရေးကြီးတယ်။ ပရိသတ်မှာ ရွေးချယ်စရာတွေ အများကြီး ရှိလာပြီလေ။ ဒစ်ဂျစ်တယ်က တိုးတက်လာနေမှာပဲ။ TV တို့၊ ရေဒီယိုတို့ကိုတော့ ဒစ်ဂျစ်တယ်က ဘယ်လိုမှကျော်လို့ မနိုင်သေးပါဘူး၊ တချို့ကလည်း အွန်လိုင်းပေါ်မှာ Web TV လုပ်လာနေကြပြီ။ ဈေးကွက်အရ ကြည့်မယ်ဆိုရင် ဒစ်ဂျစ်တယ်ကတော့ အရေးပါလာမယ်။ နံပါတ်တစ်တော့ ဖြစ်မလာနိုင်သေးပါဘူး။ နံပါတ်နှစ်နဲ့ သုံးကြားမှာတော့ ရှိလာမယ်။ ပုံနှိပ်ကလည်း ရှိနေဦးမှာပဲ။ ပုံနှိပ်ကတော့ သူရမယ့် ဝင်ငွေကို ဒစ်ဂျစ်တယ်ထဲ ခွဲပေးလိုက်ရတဲ့ သဘောတော့ ဖြစ်သွားမှာပေါ့။ ပုံနှိပ်မှာ စိန်ခေါ်မှုတွေ အရမ်းဖြစ်လာမယ်။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

အောင်သီဟ