News

POST TYPE

RELAX

ကျော်ထက်အောင်နဲ့ တွေ့ဆုံခြင်း
08-Jun-2020
“ကိုယ်ကလည်း သက်လတ်ပိုင်းအရွယ်ဆိုတော့ ကိုယ်ဖတ်ထားတဲ့ ဟာတွေကို အိတ်သွန်ဖာမှောက် ဖတ်ပြတဲ့စာလေးတွေပေါ့နော်”



သရုပ်ဆောင်ကျော်ထက်အောင်နဲ့ တွေ့ဆုံခိုက် ကျွန်တော့်ကဗျာ၊ ကျွန်တော့်စာ၊ ကျွန်တော်ချစ်သော အနုပညာ Page ဖွင့်ပြီး စာတွေဖတ်ပြဖြစ်တဲ့အကြောင်း၊ သက်လတ်ပိုင်းကို အဓိကထားဖတ်ပြချင်တဲ့ စာတွေ အကြောင်း စတာတွေကို မေးမြန်းထားပါတယ်။ 

Voice : ကျွန်တော့်ကဗျာ၊ ကျွန်တော့်စာ၊ ကျွန်တော်ချစ်သော အနုပညာ Page လေးဖွင့်ပြီး စာတွေဖတ်ပြနေတဲ့ အကြောင်းလေးပြောပြေပေးပါဦး။
KHA : Home Stay နေတုန်း အစတုန်းက ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ အလုပ်တွေ လည်း အကုန်ရပ်နားလိုက်ရပြီ အိမ်မှာပဲနေကြဆိုတော့ နောက်ပိုင်း တစ်ပတ်နှစ်ပတ်လောက်ကြာတော့ ပျင်းလာတယ်။ ဘာလုပ်ရမှန်းမသိတာနဲ့ ပရိုဂရမ်လေးနှစ်ခုကို စပြီးတော့ လုပ်ဖြစ်တာပေါ့နော်။ Monday Cassettle နဲ့ Booknesday ဆိုပြီးလုပ်ဖြစ်တယ်။ မန်းဒေးကျရင်တော့ အပျော်အပြက်အနေနဲ့ သီချင်းလေးတွေ အတူတူနားထောင်မယ်ဆိုပြီး ဖွင့်ပြတယ်။ ဗုဒ္ဓဟူးနေ့ကျတော့ စာဖတ်ပရိသတ်အတွက် စာတွေဖတ်ချင်အောင် တစ်ဖက်တစ်လမ်းကနေ အင်တာတိန်းဖြစ်အောင်လည်း စီစဉ်လိုက်တယ်။ ကိုယ့်ပေ့ချ်မှာပဲ ကိုယ့်ဘာသာ လုပ်လိုက်တယ်။ အဲဒါလေးက အထိုက်အလျောက်လေး အောင်မြင်လာတယ်။ ဝမ်းသာစရာလေးပေါ့။ 

Voice : Page ကနေ စာတွေဖတ်ပြနေရတာ ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိမယ်ထင်လဲ။ ရည်ရွယ်ချက်လေးကရော။ 
KHA : လောလောဆယ်မှာကျွန်တော်သိရသလောက်ကတော့ စာအုပ်လေးတွေ တော်တော်ရောင်းရတယ်။ ဖတ်ပြတဲ့စာအုပ်လေးတွေပေါ့နော်။ သွားဝယ်ကြတာကို တွေ့ရတယ်။ သူတို့ပြန်တင်ပေးတယ်။ မက်ဆင်ဂျာလေးမှာလည်း လာပြောတယ်။ စာအုပ်လေးဖတ်ချင်လို့ သွားဝယ်လိုက်တာမျိုးလေးပေါ့နော်။ စာဖတ်လာတယ်ဆိုတဲ့ ဟာလေးပေါ့။ ပြီးတော့ ကျွန်တော့်ရဲ့အသံနဲ့ အသံနေ အသံထားနဲ့ ဖတ်ပြတယ်။ ညဘက်ကျလို့ရှိရင် အနည်းနဲ့အများတော့ စိတ်ညစ်မှုတွေ ပျောက်မယ်။ စာထဲမှာ စိတ်ဝင်စားမှုတွေရှိနေတယ်။ စိတ်ဖိစီးမှုတွေတော့ ပျောက်မယ်ထင်တယ်။ အဲလို ရည်ရွယ်ချက်လေးပါ။ 

Voice : ဘယ်လိုစာအုပ်တွေကို ရွေးဖတ်ဖြစ်လဲ။ 
KHA : အမြဲတမ်း ပရိသတ်ကို အကျိုးဖြစ်စေမယ့် သုတရသကိုယူပြီး ရွေးတယ်။ ရွေးတဲ့အခါမှာလည်း တကယ်အရသာရှိရှိ အနှစ်ရှိရှိစာအုပ်တွေကို အရင်ဆုံးရွေးပြီးတော့ နားဝင်လွယ်အောင် အရင်ဆွဲရတယ်။ အချို့အထူကြီးတွေကျတော့ ပရိုဂရမ်လိုမျိုး ဖတ်ပြရတာ မကောင်းဘူး။ ကိုယ်တိုင်ဖတ်မှ ကောင်းတဲ့စာတွေရှိတယ်။ အဲတော့ နောက်ပိုင်းကျရင်တော့ ကျွန်တော်တို့ ဝတ္ထုတိုလေးတွေ၊ အက်ဆေးလေးတွေပဲဖြစ်ဖြစ် အဲဒါတွေကို ပိုဖတ်ပြသွားဖို့များမယ်။ ဖတ်ပြရတာလည်း အချိန်တိုတယ်။ ပရိသတ်ကလည်း မပျင်းတော့ဘူးပေါ့နော်။ 

Voice : စာဖတ်ပြဖို့အတွက် ဘယ်အသက်အရွယ်ကို အဓိကထားထားလဲ။ 
KHA : ကျွန်တော်က အခုတော့ များသောအားဖြင့် သက်လတ်ပိုင်းကိုရွေးတယ်။ Target ပိုထားနေတယ်ပေါ့နော်။ တက်ကျမ်းတွေ သက်လတ်ပိုင်းအတွက် ရသတွေ အဲဒီဟာတွေကတော့ ပိုပြီးတော့ ခံစားလို့ကောင်းတယ်။ ကိုယ်ကလည်း သက်လတ်ပိုင်းအရွယ်ဆိုတော့ ကိုယ်ဖတ်ထားတဲ့ဟာတွေကို အိတ်သွန်ဖာမှောက်ဖတ်ပြတဲ့ စာလေးတွေပေါ့နော်။ နောက်ပိုင်းကျရင် ပိုးဇာ၊ လေးမွန်၊ ထွေးမွန်တို့တောင် ဖတ်ပြဖို့အစီအစဉ်ရှိပါတယ်။ ကလေးတွေအတွက်ပေါ့။ မိဘနဲ့ကလေးနဲ့အတူတူပေါ့။ ဖုန်းအတူတူကြည့်ပြီး ဖတ်လို့ရမယ့်စာလေးတွေ နောက်နှစ်ပတ်လောက်ဆိုရင်တော့ စီစဉ်ထားပါတယ်။

Voice : Guest တွေကိုလည်း ဖိတ်ထားပြီး အတူတူဖတ်တာဆိုတော့ ရုပ်ရှင်တွေ ပြန်ရိုက် ရရင်ရော ဒီအစီအစဉ်ကို ဆက်လုပ်ဖြစ်မှာလား။
KHA : တကယ်လို့များကျွန်တော်တို့က ရုပ်ရှင်တွေပြန်ရိုက်ရပြီဆိုရင် ဒီလိုအစီအစဉ်တွေ မပျက်သွားစေချင်လို့လေ။ ဂျုနီယာ ညီအစ်ကို မောင်နှမတွေ၊ သူတို့ကို လွှဲလွှဲပေးခဲ့ချင်တယ်။ ကျွန်တော်ဆိုလည်း ကျွန်တော် ပြန်လာမယ်။ အဲလိုရည်ရွယ်ချက်ပေါ့။ အသံနေအသံထားနဲ့ ဖတ်ပြတယ်ဆိုတာ ပိုစိတ်ဝင်စားဖို့ ကောင်းတာပေါ့နော်။ ကွင်းစ ကွင်းပိတ်ဒိုင်ယာလော့လေးနေရာကျတော့ အဲလူရဲ့ ခံစားချက်အတိုင်းပြောတာပေါ့။ ကိုယ်က သရုပ်ဆောင်ပိုင်းမှာ လုပ်နေတဲ့အခါကျတော့ ကိုယ်တွေရဲ့ ရုပ်ရှင်ဇာတ်ညွှန်းကိုဖတ်သလိုပေါ့။ ဖတ်ပြတဲ့အခါမှာ သူတို့လည်း ရေဒီယိုလိုမျိုးပေါ့။ နားထောင်ရသလိုမျိုး ဖတ်ပြရတာပေါ့။

ခင်ညိုညိုသိမ့်