News

POST TYPE

RELAX

စည်သူပလပ်ကျွတ်နဲ့တွေ့ဆုံခြင်း
07-Jun-2020
"ကျွန်တော့်ကို တွေ့ချင်လို့ အားပေးချင်တာလည်း ရှိတယ်။သနားလို့ အားပေးတာလည်း ရှိပါတယ်"



သရုပ်ဆောင် စည်သူပလပ်ကျွတ်နဲ့တွေ့ဆုံခိုက် Papilo ဖိနပ်ရောင်းဖြစ်တဲ့အကြောင်း အနုပညာရှင်ဖြစ်လို့ ဈေးရောင်းရတဲ့ အားသာချက်တွေအကြောင်း၊ ပရိသတ်တွေ ဝေဖန်အပြစ်တင်တဲ့အကြောင်း စတာတွေကို မေးမြန်းထားပါတယ်။

Voice   : Papilo ဖိနပ်လေး စရောင်းဖြစ်တာလေး ပြောပြပေးပါဦး။
Sithu   : ကျွန်တော်ကတော့ Facebook မှာတင်တယ်။ ကိုယ့်ရဲ့စီနီယာ အစ်ကိုတွေဖြစ်တဲ့ မင်းသား၊ မင်းသမီးတွေ အဆိုတော်တွေက အားပေးတယ်။ သူတို့ကလည်း Facebook မှာ တင်ပေးတယ်ပေါ့နော်။ ပိုပြီးတော့ ကျယ်ပြန့်လာတယ်။ ကျွန်တော့်ကိုဖုန်းတွေဆက်ကြတယ်။ ကျွန်တော့်ကို အားပေးလို့မှာတာလည်းဖြစ်သလို သနားလို့မှာတာလည်းဖြစ်တယ်။ ပြေလည်စွာဆက်ဆံတယ်။ အကောင်းဆုံးဝန်ဆောင်မှုတွေပေးပြီးတော့ Delively ခကို မယူရက်တော့ဘူး။ ဝမ်းသာပီတိလည်းဖြစ်ရပါတယ်။ 

Voice   : တခြားရောင်းစရာတွေထဲကမှ ဖိနပ်ကို ဘာလို့ရွေးပြီးရောင်းဖြစ်တာလဲ။ 
Sithu   : ကျွန်တော်က တစ်လကျော်လောက်မှာ လမ်းပျောက်လာပြီလေ။ စားဝတ်နေရေး တော်တော်ခက်ခဲလာတယ်။ အစည်းအရုံးကလည်း ထောက်ပံ့ပါတယ်။ ဦးကျော်သူတို့ကလည်း ထောက်ပံ့ပါတယ်။ ရွှေစင်ဦး လပ်ကီးဆဲဗင်းကလည်း ထောက်ပံ့ပါတယ်။ ဒါပေမဲ့ သူတို့ထောက်ပံ့တာကလည်း ဆန်၊ ဆီ၊ ဆားလေးပဲ ပေးတာဆိုတော့ နှစ်ရက် သုံးရက်ပေါ့ဗျာ။ နောက်တစ်ချက်က ပိုက်ဆံပေးတာ မဟုတ်တဲ့အတွက် ကျွန်တော်တို့မှာ အိမ်လခတွေရှိမယ်။ မီတာခတွေရှိမယ်။ စားသောက်တာတွေရှိမယ်။ ဘုရားပန်းဖိုးတွေ ကိုယ်ရေးကိုယ်တာတွေရှိမယ်။ အဲတွက် ပိုက်ဆံလိုလာပြီဆိုတော့ အလုပ်မလုပ် လို့မရတော့ဘူး။ လမ်းပျောက်နေတော့ Facebook မှာ ငှက်သိုက်ဆပ်ပြာလုပ်တဲ့ ညီမလေးတစ်ယောက်က ရောင်းကြည့်ပေး ပါလားပေါ့။ အရင်ဆုံးကြော်ငြာကမ်းလှမ်းတာ ဖြူဖြူထွေးနဲ့ပေါ့နော်။ ဖြူဖြူထွေးက ဈေးတွေဘာတွေ အဆင်မပြေတော့ ပျက်သွားတယ်။ အဲဒါနဲ့ ငှက်သိုက်တွေရောင်းတယ်။ ငှက်သိုက်ကလည်း တစ်ဘူးကို ၁၂၀ဝ၀ ၊ Day Night Cream တစ်ဘူးကို ၁၅၀ဝ၀ ဆိုတော့ အရမ်းမသွက်ဘူး။ ဒါပေမဲ့ Fan တွေက အားပေးပါတယ်။ အဲဒါနဲ့ ညီလေးတစ်ယောက်က ဖိနပ်လက်ဆောင်ပေးချင်လို့ဆိုပြီး ပြောတော့ မအားတဲ့ကြားက လိုက်သွားတာ ငှက်သိုက်ရောင်းနေရင်းနဲ့ပေါ့နော်။ ဖိနပ်လေးကို အိမ်မှာ စီးလိုက်သေးတယ်။ ကိုယ်ကလည်း စဉ်းစားတယ်။ လမ်းပျောက်နေတဲ့အချိန်လည်းဖြစ်တော့ အနုပညာ ညီအစ်ကိုမောင်နှမတွေကလည်း အစားအသောက်တွေ အဝတ်အစားတွေ အကုန်လုပ်နေကြတော့ ဒီဖိနပ်လေးရောင်းရင် ကောင်းမယ်ပေါ့နော်။ မတူတဲ့ဟာလေးရောင်းလိုက်ရင် အဆင်ပြေနိုင်တယ်ပေါ့။ ဖိနပ်က Papilo လေးပေါ့။ ကျွန်တော်နဲ့ ဖိနပ်နဲ့ အကျိုးပေးတာလားမသိပါဘူး။ ရောင်းရောင်းချင်းမှာပဲ ဆယ်လီတွေကလည်း အားပေးကြတယ်။ 

Voice   : အခု Covid ကာလမှာလည်း ဆယ်လီတွေဈေးရောင်းတာကိုလည်း တော်တော်လေးပြောနေကြတယ်နော်။ 
Sithu   : အပြစ်မြင်တာကို မပြောပါဘူး။ သရုပ်ဆောင်တွေက ဈေးသည်တွေလုပ်နေတယ်။ မှန်ပါတယ်။ ကျွန်တော်ကတော့ အပြစ်မမြင်ပါဘူး။ မလုပ်သင့်ပါဘူး။ မလုပ်သင့်ဘူးဆိုပေမယ့် မလုပ်လို့မရဘူးလေ။ သာမန်လူဖြစ်ကြည့်၊ အပြင်က ကောင်လေးဖြစ်ကြည့် Like က တစ်ရာကျော်ပဲရှိမယ်။ ကိုယ်ရောင်းရင် ဘယ်သူမှလည်း သိမှာမဟုတ်ဘူး။ ဒီလိုဖောက်ဖို့ဆိုတာကလည်း မီဒီယာတွေနဲ့ ဆက်သွယ်ဖို့ကလည်း မလွယ်ဘူး။ မီဒီယာကျေးဇူးကြောင့်လည်း ပါပါတယ်။ ဆယ်လီကတော့ ပရိသတ်ရှိတဲ့အတွက် ချစ်တဲ့သူတွေပေါတဲ့အတွက် အဲဒါကြောင့် သူများထက် နည်းနည်းပိုတာပေါ့နော်။ ကျွန်တော့်ဘဝမှာ ပရိသတ်က နံပါတ်တစ်ပါပဲ။ မုန်းသည်ဖြစ်စေ၊ ဆဲသည်ဖြစ်စေ မေတ္တာတစ်တန်းတည်း ထားတယ်။ နံပါတ်နှစ်ကတော့ မီဒီယာဖြစ်ပါတယ်။ 

Voice   : အနုပညာရှင်တစ်ယောက်ကနေ ကိုယ်တိုင်ဈေးရောင်းထွက်ရတော့ ဘယ်လိုပရိသတ်မျိုးတွေနဲ့ဆုံရလဲ။ 
Sithu   : ဝမ်းသာတယ်၊ ပီတီဖြစ်တယ်။ စည်သူပလပ်ကျွတ်ကိုယ်တိုင်လာတာဟေ့။ ဓာတ်ပုံတွေဝိုင်းရိုက်ကြတယ်။ တချို့ကျတော့ ကိုစည်သူကို အားပေးချင်လို့သက်သက်ခေါ်တာနော်ပေါ့။ ဖိနပ်ကြောင့်မဟုတ်ဘူး။ အမျိုးမျိုးပဲရှိတယ်။ ဖိနပ်ကို ကြိုက်ပြီး မှာအားပေးတာလည်းရှိတယ်။ ပရိသတ်က ကျွန်တော့်ကိုတွေ့ချင်လို့ အားပေးချင်တာလည်းရှိတယ်။ သနားလို့ အားပေးတာလည်းရှိပါတယ်။ အဲလိုအားသာချက်တွေ အများကြီးရှိပါတယ်။ 

ခင်ညိုညိုသိမ့်