News

POST TYPE

RELAX

စီးဆင်းနေမြဲ သက်ရှိမြစ်
07-Jun-2020


"မီးဖိုချောင်ထဲ အိုးမဲပေနေတဲ့ ... အမေ့အကဲတွေ လှမ်းကြည့်နေတုန်း ... ဆံပင်တွေဖြူ ... သွားကျိုးပစေ ... ပါးရေနားရေတွေ ... တွန့်လိပ်ပစေ ... အမေ့ရုပ်ရည် အမြဲလှနေတယ် ..."

အိမ်ရှေ့လမ်းမထက် ထီလှည်းဆီက သီချင်းသံတစ်ပိုင်းတစ်စက ကျွန်မနေထိုင်ရာ အခန်းဆီကိုပင်ပျံ့လွင့်လာသည်။ အိမ်ရှေ့ကို ကဲကြည့်တော့ အမေကအိပ်မောကျနေသည်။ ညနေ ၆ နာရီဆို အမေ့ကို ဆေးတိုက်ရတော့မည့်အချိန်မို့ အမေစားဖို့ ထမင်းကို တင်ကြိုကာခူးခပ်ရသည်။ မနက်ကတည်းက ကြော်ထားသည့် ကြက်သားမွကြော်နှင့် အမေ့အကြိုက် ငါးရံ့ခြောက်မီးကင်ကို ဆီမွှေးမွှေးဆမ်းလိုက်တော့ စားချင့်စဖွယ်ဟင်းတစ်မည် ဖြစ်လာသည်။ ဆီသတ်ပြုတ်ထားသည့် ငါးကြင်းတုံးလေးနှင့် ချက်ထားသည့် ကျောက်ဖရုံသီးဟင်းချိုအိုးကို ၅ မိနစ်လောက်လေးနွှေးတော့ ဟင်းချိုအိုးဆီက အနံ့မွှေးမွှေးက အရှေ့ခန်းဆီသို့ ပျံ့လွင့်သွားသည်ထင့် 'မွှေးလိုက်တာ' ဆိုသည့် အမေ့အသံလေး ထွက်လာသည်။ 

"ကြည့်စမ်း၊ တို့မေတော်လိုက်တာ၊ ဆေးသောက်ဖို့ အချိန်ကို ကွက်တိနိုးလာတာပဲ။ ဆေးသောက်ဖို့ ထမင်းအရင်စားလိုက်နော်။ အခုပဲ ဟင်းချိုအိုး အပူပေးပြီးတာ"

ကျွန်မ စကားဆုံးတော့ အမေ့ဆီက "ဆေးက သောက်ရဦးမှာလား" ဆိုသည့် မကျေမနပ်သံလေး ထွက်လာသည်။ အမေ့မျက်နှာကို ကြည့်တော့ ကလေးငယ်များလို နှုတ်ခမ်းကစူစူထော်ထော်မို့ အမေ့ကိုကြည့်ပြီး သနားလည်းသနားမိသလို ရယ်လည်း ရယ်ချင်သွားမိသည်။ သွေးတိုး၊ ဆီးချိုအပြင် နှလုံးဆေးတို့ပါ သောက်နေရသည့်ကြားထဲ အမျိုးသမီးတွေ ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါကြောင့် ဆေးရုံတက် ဗိုက်ခွဲထားရသဖြင့် ပိုတိုးလာသည့် ဆေးတွေအမြောက်အမြား သောက်နေရသည်မို့ စူစူပွပွနှင့် မကျေမနပ် ဖြစ်ရင်းကနေ "ငါးရံ့ခြောက်ဖုတ်ရော ပါသေးလား" ဆိုသည့် စကားကြောင့် အမေ့ကိုဆေးတိုက်ဖို့ ပြင်ဆင်နေသည့် မောင်အငယ် ဖြစ်သူရော ကျွန်မပါ အသံထွက်အောင်ရယ်မိတော့သည်။

"ပါ ပါတယ်တော်၊ တို့အစ်မကြီး အကြိုက်ငါးရံ့ခြောက်ဖုတ်လေးပါ ပါသေး"

ကျွန်မရဲ့ စကားဆုံးတော့ အမေက ပြုံးတုံ့လှယ်ဖြင့် မျက်စောင်းလှမ်းထိုးရင်း သူ့အတွက် သီးသန့်လုပ်ပေးထားသည့် ငါးရံ့ခြောက်ဘူးကို ပေါင်ပေါ်အကျအနတင်ပြီး ကြိုက်တာလေးများ စားရရင်ပျော်နေလေ့ရှိတတ်သည့် ကလေးငယ်များအတိုင်း တမြုံ့ မြုံ့နှင့် စားနေတော့သည်။ အမေ စားနေနိုင်သည်ကိုမြင်မှ အမေ့သောကနှင့် ကျွန်မတို့ မောင်နှမတစ်တွေ မစားနိုင်၊ မသောက်နိုင်ဖြစ်ခဲ့ရသည့်နေ့ရက်များကို ပြန်ပြောင်းတွေးမိတော့သည်။

ထိုရက်များသည် ကျွန်မတို့ မိသားစုတွေအတွက် စိတ်မောလူမောဖြစ်ခဲ့ရသည့် ကာလများပင်။ စိတ်ရှုပ်စရာများ၊ ပူပန်သောကများနှင့် ကြုံရလေ့ရှိသည့် နေ့ရက်များသည် ပျော်ရွှင်ဖွယ်ရာများနှင့် ကြုံရလေ့ရှိသည့် နေ့ရက်များထက်ပို၍ ရှည်ကြာလွန်းလှသည် ထင်သည်။ ကျွန်မအတွက်တော့ ထိုရက်များဟာ ပုံမှန်နေ့များထက် ပိုရှည်ကြာနေခဲ့ပါသည်။

ထိုကာလများတွင်လည်း ကမ္ဘာ့နိုင်ငံအသီးသီးတွင်သာမက ကျွန်မတို့ နိုင်ငံလေးမှာပါ ဖြစ်ပွားလာခဲ့သော ကိုဗစ်နိုင်တင်း ကပ်ရောဂါပိုးကြောင့် တတ်နိုင်သမျှ လူထူထပ်ရာနေရာများကို ရှောင်ကြဉ်ရမည်ဟုဆိုသော်ငြား ကျွန်မတို့ မောင်နှမတစ်တွေကတော့ ဝေဒနာခံစားနေရသည့် အမေ့လက်ကိုဆွဲရင်း ရောဂါ အန္တရာယ်ကူးစက်မည်ကိုလည်း ကြောက်လန့်မနေနိုင်အားဘဲ ဆေးရုံ၊ ဆေးခန်းတကာ ပတ်ပြေးနေရတော့သည်။ 

ဟိုမှ သည်သို့ အဆင့်ဆင့်လွှဲပြောင်းပြသ စစ်ဆေးပြီးသည့်နောက်တော့ အမေဟာအမျိုးသမီး အများစု ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါဖြင့် ဆေးရုံတက်ကာ ခွဲစိတ်ကုသရတော့သည်။  နှာခေါင်းမှာ၊ လက်မှာ တပ်ထားရသည့် ပိုက်ပေါင်းစုံနှင့် ခွဲစိတ်ခန်းက ထွက်လာ သည့် အမေဟာသတ္တိလည်းကောင်းလှသည်။ ခွဲခန်းက ထွက်လာချင်းပင် သတိကောင်းစွာ ပြန်ရနေသလို အသက်အရွယ်ကြောင့် မေ့ဆေးဒဏ်ကိုခံနိုင်ပါ့မလား စိတ်ပူနေခဲ့သည့် ကျွန်မတို့သားသမီးများကို သူကပင် တစ်ဖန် စိုးရိမ်ရင်း ပြန်လည်အားပေးနေသေး သည်။ 

ခင်ပွန်းနှင့် သားသမီးများအတွက် ချက်ပြုတ်လျှော်ဖွပ်ပေးခဲ့ရင်း အနားမရခဲ့ရှာသည့် အမေ့လက်ကလေးဟာ အခုများမှ အနားရသွားလေဟန် ဆေးရုံခုတင်ထက် ပိုက်ပေါင်းစုံဖြင့် ငြိမ်သက်စွာ။ အကြောရှာရလွန်းသဖြင့် အပ်ရာပေါင်းစုံနှင့် သွေးစ တို့ စို့တက်နေသည်ကိုလည်း စိတ်ထိခိုက်ဖွယ်တွေ့လိုက်ရသည်။ ဆေးရုံမတက်ခင် ရက်များနှင့် ဆေးရုံတက်နေစဉ် နေ့ရက်တို့မှာ မစားနိုင် မသောက်နိုင် ဖြစ်ခဲ့သည့်အမေ့ကို ကြည့်ရင်း ကျွန်မတို့ မောင်နှမတစ်တွေသည်လည်း သောကပွေခဲ့ရသည်။ ထိုရက်များသည် ကျွန်မအတွက်တော့ တကယ့်ကို အမှောင်ဆုံး နေ့ရက်တွေပင်။ ထိုအချိန်မှပင် ကျွန်မသည် သတိမမူမိဘဲ မေ့လျော့နေခဲ့သည့် သင်္ခါရတရားနှင့် အချိန်ဆိုသည့် ကာလယန္တရားကြီးကို ထိတ်လန့်တုန်လှုပ်စွာ သတိရမိတော့သည်။

ရှေ့ရက်များက နေထိုင်မကောင်းဖြစ်နေသည့် အမေ့ကို ဆေးခန်းပြပေးဖို့အရေး အလုပ်မအားသေးဟု အကြောင်းပြကာ ဟိုနေ့၊ ဒီနေ့၊ မနက်ဖြန်၊ သန်ဘက် အချိန်ရွှေ့နေခဲ့မိသည့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့ပင်မဆုံးနိုင်သလို အဲဒီအချိန်ကများ စောစီးစွာ ဆေးခန်းပြပေးခဲ့ပါလျှင် အမေအခုလိုမျိုး ဝေဒနာတို့ ခံစားနေရမည်မဟုတ်ဟု တွေးမိတိုင်း စိတ်ထဲတနုံ့နုံ့ ဖြစ်ရတော့သည်။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ဖြစ်ပေါ်လာနိုင်သည့် အကြောင်းခြင်းရာများစွာကြောင့် မနက်ဖြန်ဆိုသည့် အချိန်ကာလဟာ ဒီကနေ့ထက် မကျိန်းသေဘဲ ပိုဝေးလွန်းလှပါလား၊ ဒီနေ့ လုပ်လို့ရသည့် အရာကို ဒီနေ့မလုပ်ပါဘဲ နက်ဖြန်မှဆိုသည့် အကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းခြင်းဟာ အကျိုးမဲ့လွန်းလှပါလား၊ မေ့လျော့နေခဲ့မိသည့် သင်္ခါရတရားဟာ ကိုယ့်နောက်ကျောတင် အနီးကလေးပါလားဟု ချောက်ချားစွာ တွေးမိတော့သည်။ 

တစ်ဆက်တည်းဆိုသလို ဝေဒနာခံစားနေရသည့်အချိန်တောင်မှ သားသမီးများ ငွေကြေးကုန်ကျမည်ကို စိုးရိမ်စိတ်ပူကာ ဝေဒနာကို တတ်နိုင်သလောက် အံကြိတ်ရင်ဆိုင်ခဲ့သည့် အမေ့ကိုကြည့်ပြီး သားသမီးအပေါ်ထားသည့် မိခင်တစ်ယောက်၏ လှပမြင့်မြတ်သည့် မေတ္တာတရားကို တွေ့မြင်လိုက်ရသည်။ ဗိုက်အောင့်နေသည့် ဝေဒနာကို မခံရပ်နိုင်အောင် တစ်ညလုံး ခံစားနေရသည့်တိုင်အောင် ကျွန်မတို့ သားသမီးများ စိတ်ပူနေမည်စိုးကာ တင်းခံနေခဲ့ရသည်ဆိုသည့် အကြောင်းကို ခွဲစိတ်ပြီး နောက်ရက်များတွင် အမေ ပြန်ပြောပြသဖြင့် သိခဲ့ရသည်။ ထိုနေ့ရက်များက ဝေဒနာတို့ ခံစားနေရသည့်တိုင်အောင် သားသမီး တစ်တွေရှေ့ နာကျင်လှချည်ရဲ့ဟုပင် မငြီးငြူပြခဲ့သည့်အမေ အဲဒီအချိန်က ဘယ်လောက်တောင်များ နာကျင်နေရှာလိမ့်မလဲ တွေးမိတိုင်း စိတ်ထဲ မကောင်း ဖြစ်ရမြဲပင်။

ဒီလိုဆိုပြန်တော့ ကုန်ခဲ့သည့်နှစ်ကာလများက ကျွန်မကြုံခဲ့ရသည့် အဖြစ်အပျက်များကို ပြန်ပြောင်းအမှတ်ရမိသည်။ ထိုစဉ်က ကျွန်မ၏ အသက်သည် ၂၀ ကျော်စပြုနေပြီမို့ ကြုံခဲ့ရသည့် အဖြစ်အပျက်တချို့ကို မှတ်မှတ်ထင်ထင် ရှိနေဆဲပါပင်။ တစ်နည်းဆိုသော ကျွန်မ ကြုံခဲ့ရသည့် အဖြစ်အပျက်တို့သည် မိခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာတရားနှင့် ဇွဲသတ္တိကို ခံစားသိမြင်လိုက်ရသော အခိုက်အတန့်လည်း ဖြစ်သလို ဆန်ရေထက် စုန်ရေသည်သာ အမြဲထာဝရသာ၍စီးဆင်းနေမြဲဆိုသည်ကို သိလိုက်ရသော အခိုက်အတန့်လည်း ဖြစ်သည်ဟု ဆိုချင်ပါသည်။ 

ထိုအချိန်က ကျွန်မသည် အပြင်းအထန် နေထိုင်မကောင်း ဖြစ်ခဲ့ခြင်းနှင့် ကြုံလေသည်။ အစကနဦး အချိန်များကတော့ နေ့ဘက်ဆို ရောဂါဝေဒနာက သိပ်မသိသာပေမယ့် ညဘက်များဆို အပူကြီးလွန်းသဖြင့် ဆေးခန်းကို နေ့စဉ် ရက်ဆက်ဆိုသလို ပြသနေရသည်။ အဖျားတာရှည်လာသည့်နောက်တော့ အစားအသောက်လည်း စားမဝင်တော့သလို ရင်ထဲပူလွန်းသဖြင့် ရေကိုသာသောက်နေရပြီး ရေနှင့်သာ အသက်ဆက်နေရတော့သည့်အချိန်ပင်။ တစ်ကိုယ်လုံး မီးတောက်သဖွယ် ပူမြိုက်နေသဖြင့် ရေခဲရေဘူးကိုပင် မပြတ် ပိုက်ထွေးထားမှ လူကနေသာသလို ရှိလေသည်ကိုလည်း ကျွန်မ မှတ်မိနေပါသေးသည်။ 

အဖျားသာတွေ့ပြီး ဘာလက္ခဏာမှ ကြီးကြီးမားမား မပြသသဖြင့် ရောဂါအမည်နာမရယ်လို့လည်း တိတိပပတပ်၍လည်းမရသလို ထိုအဖျား တာရှည်မှုသည် နှစ်ပတ်လောက်နှင့်လည်း မပြီးဘဲသင်္ကြန်တွင်းကာလထိပါ အဖျားကြာရှည်လေသည်။ အခါကြီး ရက်ကြီးဖြစ်သည်မို့ ပြသနေကျဆေးခန်းနှင့် နီးစပ်ရာ ဆေးခန်းအတော်များများသည်လည်း ပိတ်ထားခြင်း နှင့် ကြုံလေသည်။ အမေသည် အိမ်ရှေ့လေးမှာ ဖွင့်ထားသည့် ဈေးဆိုင်တစ်ဖက်နှင့် မအားလပ်သလို ကျွန်မအောက်ကအငယ်လေးတွေ တစ်ဖက်၊ နေမကောင်း ဖြစ်နေသည့် ကျွန်မတစ်ဖက်နှင့် သောကပွေနေခဲ့ရပြီး ထိုအခါရက်ကြီးမှာပင် အေးငြိမ်းစွာမနေခဲ့ရပေ။ အပူကြီးကာ အဖျားတက်နေသည့် သမီးကြီးဖြစ်သည့် ကျွန်မကို ကလေးငယ်တစ်ယောက်သဖွယ် ရင်ခွင်တွင်း ပိုက်ထွေးရင်း ရရာဆိုက်ကားတစ်စီးငှားလို့ သားသမီးဇောဖြင့် တစ်လမ်းဝင်တစ်လမ်းထွက်လို့ ဆေးခန်းရှာပုံတော်ဖွင့်လေသည်။ နောက်ဆုံး မှောင်ရီ ပျိုးစ အချိန်ရောက်တော့မှပင် လမ်းသွယ်လေးမှာဖွင့်ထားသည့်၊ ဆေးခန်း ပိတ်ဖို့ ပြင်ဆင်နေသည့် ဆေးခန်းတစ်ခုကို သွားတွေ့လေသည်။ 

နေမကောင်းသည့် လူပါလာ၍ မပက်ပါနှင့် ဘယ်လောက်ပင် အော်အော်တစ်နှစ်မှ တစ်ခါသာနွှဲရသည့် သင်္ကြန်မျှော်၊ သင်္ကြန်ပျော် ကလေးတစ်သိုက်၏ လက်ချက်ကြောင့် ရေတွေတစ်ကိုယ်လုံး ရွှဲရွှဲစိုနေသည့် မိခင်တစ်ယောက်၏ သောကကို စာနာလေသည် ထင့် ထိုဆရာသည် ရောဂါဝေဒနာခံစားနေရသည့် ကျွန်မကို သေချာကြည့်ရှုပေးပြီး ဆေးဖိုးအနည်းငယ်သာယူကာ နောက်ရက်တွေ မသက်သာလျှင် ဆေးခန်းပိတ်ထားလည်း အားမနာတမ်း ပြသနိုင်ကြောင်း ဆိုလေသည်။ ထုံးစံအတိုင်းပင် ထိုတစ်ညလုံးတော့ အပူကြီး အဖျားတက်နေသည့် ကျွန်မအနားအမေဟာ တစ်ညလုံး ထိုင်စောင့်ရင်း၊ ပါးစပ်ကလည်း တတွတ်တွတ်ရွတ်ဆိုရင်း ငုတ်တုတ်မိုးလင်းခဲ့ရသည်ကိုတော့ ကျွန်မခံစားသိမြင်နေခဲ့ပါသည်။

နောက်ရက်များတွင်တော့ ခပ်ယဲ့ယဲ့သာရှိတော့သည့် ကျွန်မသည် မိခင်မေတ္တာကြောင့်ထင်သည် အံ့သြစရာကောင်းလောက်အောင်ပင် ထူထူထောင်ထောင် ဖြစ်လာခဲ့သည်။ ရက် ၂၀ လောက် မဝင်ခဲ့သည့် အစားအသောက်များကိုလည်း ပြန်စားနိုင်လာတော့သည်။ ထိုအခါမှပင် အမေဟာ ကျွန်မကိုကြည့်ပြီး သက်ပြင်းချနိုင်တော့သည်ဆိုသည်။ အဲဒီအချိန်က ဘယ်လောက်တောင်များ အမေ တစ်ယောက်ရယ် သောကပွေခဲ့ရပါလိမ့်။ 

ဆန်ရေထက် စုန်ရေသည်သာသာ၍ စီးဆင်းမြဲ သာမို့ သူ့ရင်ကဖြစ်သော သားသမီးအန္တရယ်နှင့် ကြုံတော့ အချိန်ကာလမရွေး၊ အခါမရွေး နှောင့်နှေးခြင်း စိုးစိမျှမရှိပါဘဲ သူတတ်စွမ်းနိုင်သမျှ ကြိုးစားရှာသည်။ ထိုအချိန်ကများ ကျွန်မလို မနက်ဖြန်၊ သန်ဘက် အချိန်ဆွဲခဲ့ပါလျှင် ဒီနေ့ ကျွန်မဆိုတာ ရှိနေပါဦးမည်လား မသေချာလှ။ ကျွန်မသည် အမေဆက်ပေးသည့် အသက်ဖြင့် ဆက်လက်ရှင်သန်လာခဲ့ရသဖြင့် အမေသည် ကျွန်မဘဝ၏ ကျေးဇူးရှင်လည်း ဖြစ်သလို မိခင်ကောင်း ပီသသော မိခင်တစ်ယောက်လည်း ဖြစ်လေသည်။ 

ကျွန်မသည် နောက်ဖေးမီးဖိုဆောင်တွင် ချက်ပြုတ်နေရင်းကနေ အမေနေထိုင်မကောင်းသည့် အချိန်များကစပြီး နေ့စဉ်နေ့တိုင်း ကလေးငယ်တစ်ယောက်လို ရေမိုးချိုးပေး၊ ဆေးတိုက်၊ အစားအသောက်ကျွေးရင်း ပြုစုနေခဲ့သည့် မောင်ငယ်ဖြစ်သူ ခေါင်းလျှော်ပေးနေသည်ကို ကျေနပ်စွာခံယူရင်း ပြုံးမြစွာရှိနေသည့် အမေ့ကိုလှမ်းကြည့်နေမိသည်။ မိဘဆိုသည်ကမူ ဆန်ရေတို့ တစ်ကြိမ်တစ်ခါမျှ ဆန်တက်မလာလျှင်ပင်အခါခါ မေတ္တာပေးရင်း ပျော်ရွှင်ကျေနပ်တတ်သူများသာ ဖြစ်မည်ထင်သည်။ စုန်သည့်ရေသည် ထာဝရတည်မြဲနေသော်လည်း ဆန်လာသည့် ရေတစ်ကြိမ်ကြောင့် ပျော်ရွှင်ကျေနပ်နေမှုများဖြင့် အမေ့အပြုံးဟာ ဝင်းပနေလေသည်။ 

ငယ်စဉ်အခါက သားသမီးများကို ပြုစုရင်းပြုံးရွှင်နေခဲ့သည့် အမေသည် အခုများတော့သားသမီးများက သူ့ကို ပြန်လည်ပြုစုနေသည်ကို ကြည့်ပြီး ပြုံးနေလေပြီ။ အမေ့အပြုံးသည် ဇရာ သဘောသဘာဝကြောင့် ဟိုးငယ်စဉ်ကာလများကကဲ့သို့ နုနယ် လတ်ဆတ်ခြင်းမရှိတော့ပေမယ့် ကြည်စင်မြဲ ကြည်စင်နေလေသည်။ အမေ့အပြုံးဟာ ကျွန်မတို့သားသမီးများအတွက် အားအင်တစ်ခုပင်ဖြစ်သလို ကျွန်မအတွက်တော့ ဒီကမ္ဘာမှာ ရှိရှိသမျှ အရာအားလုံးထက်ပင် လှပနေပါသေးသည်ဟု ဆိုချင်ပါသည်။ 

အမေ့အပြုံးတွေ ဒီလိုအမြဲ ခပ်ကြာကြာတည်မြဲနေပါစေဟု ဆုတောင်းရင်းကနေ ကြည့်ခဲ့ဖူးသည့် ရုပ်ရှင်ကားတစ်ကားထဲမှ ပါးစပ်ထဲ စွဲခဲ့ဖူးသည့် "ဖြစ်သမျှ ဟာ ပျက်ဖို့ရာဆုံတာ ကွာဖို့ပင်၊ ဘုရားသော်မှ မနေရတို့က ဘာမို့လဲ၊ ပျိုသမျှဟာ အိုဖို့ရာမာတာ နာဖို့ပင်၊ ဘုရားသော်မှ မနေရတို့က ဘာမို့လဲ" ဆိုသည့် သံဝေဂ စာသားလေးကိုလည်းသွားပြီး သတိရမိသည်။ 

တုယှဉ်ဖွယ်ရာမရှိသည့် ဗုဒ္ဓ မြတ်စွာဘုရားရှင်သော်မှ မမြဲခြင်းသဘောကို မလွန်ဆန်နိုင်သည့်နောက်တော့ ကျွန်မတို့အတွက်မူ ဆိုဖွယ်ရာပင်မရှိပေ။ ထိုမတည်မြဲခြင်းသဘောကို သိနေပေမယ့်လည်း တစ်နေ့နေ့ဆိုတာကြီးကိုဖြင့် တွေးမိရင်တော့ ပုထုဇဉ် လူသားပီပီ တရားလက်လွတ်ဖြစ်ကာ ထိတ်လန့်တုန်လှုပ်မိသည်မှာတော့ အမှန်ပင်။ အမိအဖများရှိနေစဉ် ကာလများတွင်လည်း တတ်နိုင်သမျှ ပြုစုစောင့်ရှောက်ပြီး ဂရုစိုက်ပေးခြင်းဖြင့် ချစ်ခြင်းမေတ္တာများ ပြသဖို့ရာ ဝန်မလေးသင့်ကြောင်းကိုလည်း ပိုလို့ပင် သိမြင် ခံစားလာမိတော့သည်။ 

အမေဟာ ကျွန်မတို့ သားသမီးများအတွက်တော့ ဤမြေကမ္ဘာ တည်ရှိသည့်တိုင်အောင် ချစ်ခြင်းမေတ္တာများဖြင့် အမြဲထာဝရစီးဆင်းနေဦးမည့် သက်ရှိမြစ်တစ်စင်းပင်ဖြစ်သည်မို့ အမေ့ကိုချစ်သည့် အကြောင်းများကိုလည်း အချိန်ကြာကြာ ပြောခွင့် ရနေချင်ပါသေးသည်။ ရုံးဆင်းလို့ အိမ်ပြန်ရောက်သည့် အချိန်တိုင်း သားသမီးများ အိမ်အပြန်ကို အပြုံးနှင့် ဆီးကြိုနေတတ်သည့် အမေ့ကို 'အမေရေ' ဟု အားပါးတရခေါ်ရင်း အသက်ဝင်လှပနေသည့် အမေ့အပြုံးတွေ အချိန်ကြာကြာ တွေ့မြင်ခွင့်ရဖို့ အမေ့ကို ကျန်းကျန်းမာမာနှင့် ရှိနေစေချင်ပါသေးသည်။ လောကတွင် စုန်ရေသာရှိပြီး ဆန်ရေမရှိဟူသော အဆိုတစ်ရပ်ဟာ အမြဲ မမှန်ကန်ကြောင်း၊ ဆန်ရေလည်း ရှိပါသေးကြောင်း ကျွန်မလည်း သက်သေပြခွင့် ရချင်ပါသေးသည်။ 

ပန်းငုဝါဝါ