News

POST TYPE

RELAX

မြေးတွေကို Instagram က ပုံပြောပြရာက ကမ္ဘာကျော်သွားတဲ့ ဘိုးဘိုး
05-Dec-2016

တောင်ကိုရီးယားက အသက် ၇၅ နှစ်ရှိပြီတဲ့ ဘိုးဘိုး ချန်ဂျေးဟာ ရပ်ဝေးမြေးခြားက မြေးတွေကို ပုံပြောပြဖို့အတွက် သူနဲ့အစိမ်းသက်သက် ဖြစ်တဲ့ ဒီနေ့ခေတ် လူမှုကွန်ရက် Instagram အသုံးပြုနည်းကို ကြိုးစားသင်ယူရာကနေ နိုင်ငံတကာက Instagram အသုံးပြုသူတွေကြားမှာ နာမည်ကြီးလို့ လာပါတယ်။

သားဖြစ်သူရဲ့ မိသားစု ဆိုးလ်ကနေ အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို ပြောင်းရွှေ့ဖို့ ဖြစ်လာတဲ့အခါ ဘိုးဘိုး ချန်ဂျေးဟာလည်း မြေးတွေကို သတိရလွမ်းဆွတ်ပြီး ကျန်ရစ်ရတော့မှာပါ။

အရင်က မြေးသုံးယောက်ကို ထိန်းကျောင်းရင်း ကျောင်းအကြိုအပို့လုပ်ရင်း ပျော်ရွှင်နေခဲ့တဲ့သူ့ကို စိတ်အားငယ်သွားမှာ အထီးကျန်ဝေဒနာ ခံစားရမှာကို သူ့ရဲ့ဇနီးဖြစ်သူကရော သားဖြစ်သူကပါ စိုးရိမ်ခဲ့ကြပါတယ်။

ဒါပေမဲ့ အခုဆိုရင် ဘိုးဘိုးချန်ဂျေးရဲ့ Drawings for my Grandchildren ဟာ Follower လေးသောင်းကျော် ရှိနေတဲ့ နာမည်ကြီး လူမှုကွန်ရက် အကောင့်တစ်ခု ဖြစ်နေပါပြီ။ ဒီအကောင့်ထဲမှာ မြေးတွေအတွက် သူကိုယ်တိုင် ရေးဆွဲထားတဲ့ ရုပ်ပုံကားချပ် ပုံပြင်တွေကို တွေ့မြင်ရမှာပါ။

ချစ်စဖွယ် ကလေးငယ်တွေ၊ တိရစ္ဆာန်လေးတွေနဲ့ တခြားစိတ်ဝင်စားစရာ ရုပ်ပုံလေးတွေက သင်ခန်းစာရစရာ၊ မှတ်သားစရာနဲ့ ကြည်နူးစရာ ပုံပြင်လေးတွေကို ပြောပြလို့ နေပါတယ်။

အစပိုင်းမှာတော့ ဘိုးဘိုးချန်ဂျေးအတွက် တော်တော်ကို ခက်ခဲခဲ့တာပါ။ အသစ်အဆန်းတွေကို မသင်ယူချင်တဲ့ ဘိုးဘိုးကို Instagram ရဲ့ တီထွင်ဆန်းသစ်မှုဆိုင်ရာ အကြီးအကဲတစ်ဦးဖြစ်တဲ့ သားဖြစ်သူ ဂျီလီက သူတို့မပြောင်းရွှေ့ခင် လပေါင်းများစွာ ကြာအောင် စည်းရုံးတိုက်တွန်းခဲ့ပါတယ်။ ပြီးတော့ ဒီနေ့ခေတ် နည်းပညာဟာ ဘိုးဘိုးအတွက် အစိမ်းသက်သက် ဖြစ်နေတော့ ဂျီလီဟာ သူ့ဖခင်ကို နေ့စဉ်ရက်ဆက် လပေါင်းများစွာ ကြာအောင် ဘေးမှာထိုင်ပြီး အသေးစိတ် သင်ပေးခဲ့ပါတယ်။

နေ့စဉ်နေ့တိုင်း ပန်းချီတွေဆွဲရ ပုံတွေတင်ရ သူ့ကိုအားပေးတဲ့ ပရိသတ်တွေဆီက စာတွေဖတ်ရနဲ့ ဘိုးဘိုးချန်ဂျေးအတွက် အထီးကျန်ဖို့ အချိန်မရှိပါဘူး။ သူ့ရဲ့ မြေးတွေဟာလည်း ဘိုးဘိုးပြောတဲ့ ပုံပြင်တွေကနေ အမိမြေအကြောင်း သဘာဝအကြောင်းနဲ့ မိသားစုအကြောင်း ဗဟုသုတတွေ သင်ခန်းစာတွေကို ရရှိတဲ့အပြင် တခြားကလေးငယ်တွေပါ မှတ်သားရတဲ့အတွက် နည်းပညာဟာ ဘိုးဘိုးချန်ဂျေး အတွက်ရော တခြားသူတွေကိုပါ အကျိုးပြုလို့ နေပါတယ်။

Ref : BBC