News

POST TYPE

RELAX

UV (Ultraviolet) ခရမ်းလွန်ရောင်ခြည်တို့၊ Ozone အိုဇုန်းတို့နဲ့ ပိုးသတ်ကြတော့မယ်ဆိုရင်
04-Jun-2020


ကျွန်တော့် မိတ်ဆွေတွေထဲမှာ Philips ကထုတ်တဲ့ မီးသီးတွေသွင်းပေးတဲ့ ကုမ္ပဏီက မိတ်ဆွေတစ်ယောက်ရှိလို့ သူ့ကို UVC Lamp တွေ မြန်မာပြည်မှာ ရောင်းပေးဖို့ ပြောပေးခဲ့ဖူးပါတယ်။ သူပြန်ပြောပြတာက Phillps က အာရှနိုင်ငံတွေရဲ့ နည်းပညာနဲ့ပတ်သက်ပြီး လိုက်နာတာ အားနည်းမှုကြောင့် ရောင်းဖို့လောလောဆယ် မဖြစ်နိုင်သေးဘူးတဲ့။ အဲဒီတော့ ကျွန်တော်လည်း အာရှသားတွေထဲပါတဲ့ မြန်မာပြည်ကလူတွေ UV နဲ့ပတ်သက်ပြီး အကောင်းအဆိုးတွေ သေချာသိလာအောင် ပြောပြပေးပါ့မယ်။

UV ခေါ် ခရမ်းလွန်ရောင်ခြည်ကို အခြေခံအားဖြင့် လှိုင်းအလျားပေါ်မူတည်ပြီး လေးမျိုး ခွဲခြားထားပါတယ်။ လှိုင်းအလျားကို နာနိုမီတာ (တစ်မီတာရဲ့ သန်းတစ်ထောင်ပုံ တစ်ပုံအလျား) နဲ့ တိုင်းတာကြပါတယ်။ လှိုင်းအရှည်ဆုံးကနေ စပြောရရင် UVA (400 to 315 nm) ၊ UVB (315 to 280 nm) ၊ UVC (280 to 200 nm) နဲ့ UVV (200 to 100 nm) ဆိုပြီး လေးမျိုးရှိပါတယ်။ 

လူ့ပါးရေနားရေတွန့်တာတို့၊ အသက်ကြီးရင် အသားရေပေါ်မှာဖြစ်တဲ့ အစက်အပျောက်တွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ UVA ရဲ့ လက်ချက်တွေပါပဲ။ UVBကတော့ DNA ကိုဖျက်ဆီးကာ နေလောင်တာကိုဖြစ်စေပြီး နောက်ဆုံးမှာ အရေပြားကင်ဆာကို ဖြစ်စေ တော့တာပါပဲ။ (သုတေသီတွေရဲ့ နောက်ဆုံးတွေ့ ရှိချက်အရတော့ UVA လည်း ဒီလိုမျိုး အရေပြားကင်ဆာကို ဖြစ်စေပါတယ်တဲ့) 

 UVA  နဲ့ UVB တို့ကပေးတဲ့ ဆိုးကျိုးရဖို့ဆိုတာ နာရီပေါင်းများစွာ ထိတွေ့နေမှဖြစ်ပေမယ့် UVC ကတော့ ထိတွေ့တဲ့ စက္ကန့်ပိုင်းလေးမှာပဲ အဲ့ဒီဆိုးကျိုးတွေကိုပေးတာပါ။ ဒါပေမဲ့ နေကလာတဲ့ UVC တွေကိုတော့ ကမ္ဘာ့လေထုအထက်မှာရှိတဲ့ အိုဇုန်းလွှာက စုပ်ယူထားနိုင်တဲ့အတွက် ကျွန်တော်တို့လူသားတွေအတွက် သက်သာရာရစေပါတယ်။ 

ဒီလိုဆိုးကျိုးကိုလည်း သုံးတတ်ရင် ပိုးသတ်လို့ရတဲ့အတွက်ကြောင့် လူလုပ် UVC lamp တွေကို ဆေးရုံနဲ့ဆေးခန်းတွေမှာ ပိုးသတ်ဖို့အတွက် သုံးလာကြပါတယ်။ အခု တရုတ်ပြည်မှာဆိုရင် လူစီးရထားတွဲတွေကို ပိုးသတ်တဲ့နေရာမှာ သုံးလာကြပါပြီ။ ဒါပေမဲ့ ပိုးသတ်တဲ့အချိန်မှာ လူတွေကိုတော့ ရှိခွင့်မပေးကြပါ။ နောက်ပြီး ကျွမ်းကျင်သင်တန်းတက်ထားတဲ့ ကျွမ်းကျင်သူကသာ ကိုင်တွယ် အသုံးပြုရပါတယ်။ 

နောက်ဆုံးတစ်ခုဖြစ်တဲ့ လှိုင်းအလျားလည်း အတိုဆုံးဖြစ်တဲ့ UVV (Vacuum UV) အမျိုးအစားရဲ့ အကျိုးအကြောင်း အဆိုးအကောင်းကို ပြောပြပေးပါ့မယ်။ အကောင်းဘက်ကတော့ သူကလည်း ပိုးသတ်ပေးပါတယ်။ Covid-19 ကို သတ်တာကို မစမ်းထားပေမယ့် ကိုဗစ်နဲ့မျိုးတူတဲ့ ဆားစ်ကိုသတ်တာတော့ စမ်းထားတာ အောင်မြင်မှုရှိပါတယ်။ အဆိုးကတော့ သူကအနီးအနားက အောက်ဆီဂျင်တွေကို ဓာတ်ပြုစေပြီး အိုဇုန်းဓာတ်ငွေ့ဖြစ်စေတော့တာပါပဲ။ အခုဈေးကွက်ထဲရောက်နေတဲ့ အိုဇုန်းထုတ်စက်တွေက အဲ့လိုမျိုး အိုဇုန်းကိုထုတ်ပေးကြတာပါ။ 

UVV ကို ရှောင်လို့ရပေမယ့် ထွက်လာတဲ့ အိုဇုန်းက ချက်ချင်းမကုန်ဘဲ ပတ်ဝန်းကျင်ကတွေ့သမျှ အရာအားလုံးနဲ့ ဓာတ်ပြုပါတော့တယ်။ အဲ့ဒီအခါ မြေပြင်ပေါ်မှာရှိတဲ့ မမြင်ရတဲ့ ဓာတ်ငွေ့ကော ဖုန်မှုန့်ကောက အိုဇုန်းနဲ့ဓာတ်ပြုပြီး လူ့အဆုတ်ကို ထိခိုက်စေတဲ့ ဓာတ်ငွေ့ဆိုး (Smog) တွေ ဖြစ်ကုန်ပါတော့တယ်တဲ့။ UVV ပိတ်လိုက်တဲ့အချိန်မှာ ဒီအငွေ့တွေက ဆက်ရှိနေပြီး အခန်းထဲပြန်ဝင်လာတဲ့လူတွေကို ဒုက္ခပေးပါတော့တယ်။ အမေရိကန်အဆုတ်ကျန်းမာရေးဌာနက တရားဝင်ပိတ်ပင်ထားတာပါ။ 

ဒါတွေကြောင့် အခုအပြင်မှာဖြစ်စေ၊ အွန်လိုင်းမှာဖြစ်စေ ရောင်းနေကြတဲ့ အိုဇုန်းထုတ်စက်တွေကို လုံးဝ (လုံးဝ) အသုံးမပြုဖို့ ဒီနေရာကနေ အကြံပြုလိုပါတယ်။

ပိုးသတ်ဖို့အတွက် UVC lamp တွေကို သုံးမယ်ဆိုရင်လည်း လူကိုတိုက်ရိုက်မထိဖို့ အရမ်းအရေးကြီးပါတယ်။ နောက် UVA သို့မဟုတ် UVB lamp တွေတပ်ထားပြီး UVC lamp ဆိုပြီး လိမ်ရောင်းတာလည်း ကြုံရနိုင်လို့ သင်တန်းတွေဘာတွေ အသေအချာပေးနိုင်တဲ့ ထုတ်လုပ်သူတွေဆီကပဲ ဝယ်ယူဖို့တိုက်တွန်းပါရစေ။UVC တကယ်ထုတ်တဲ့သူတွေဟာ ဆိုးကျိုးကိုသိတဲ့အတွက် ဘယ်လိုကာကွယ်သင့်တယ်ဆိုတာကို တာဝန်ယူ သင်ကြားပေးကြပါတယ်။ 

ဒီဆောင်းပါး မရေးခင်လေးမှာတင် အွန်လိုင်းမှာ UV နဲ့ လူကိုယ်ပေါ်ကပိုးသတ်တဲ့ Chamber တင်ရောင်းတာတွေ့လိုက်လို့ ပြောချင်တာကတော့ အဲ့ဒီလို Chamber က UVC တပ်ထားရင် လူကိုအရေပြားကင်ဆာဖြစ်စေသလို တခြား UV အမျိုးအစား တွေဆိုရင်လည်း ပိုးမသေစေပါဆိုတာပါပဲ။ 

ဒါကြောင့် အိုဇုန်းထုတ်စက်တို့၊ UV နဲ့ လူ ကိုယ်ပေါ်ကပိုးသတ်ပေးတဲ့ Chamber တို့ ဆိုရင်တော့ နှစ်ခါစဉ်းစားစရာမလိုဘဲ ရှောင်ရှားဖို့ အသေအချာ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

ဒေါက်တာကျော်ကျော်လင်း