News

POST TYPE

RELAX

သရုပ်ဆောင် ရဲမွန်နဲ့တွေ့ဆုံခြင်း
02-Jun-2020
“ကျွန်တော်က အဲလိုမျိုးလည်း ဈေးမရောင်းတတ်တော့ ဒုက္ခရောက်တယ်”



သရုပ်ဆောင်ရဲမွန်နဲ့တွေ့ဆုံခိုက် သူငယ်ချင်းတွေစုပြီး ပရဟိတလုပ်ဖြစ်တဲ့အကြောင်း ဈေးမရောင်းတတ်လို့ အခက်အခဲဖြစ်တဲ့အကြောင်းနှင့် အစိုးရထုတ်ပြန်ချက်တွေအပေါ် အမြင်တွေကို မေးမြန်းထားပါတယ်။ 

Voice : Covid-19 ကြီးက ဘယ်လောက်ထိ ဆက်ရှိနေမယ်ထင်လဲ။ 
YM : ဒီရောဂါကြီးကတော့ ကျွန်တော် ထင်တာကတော့ ဆေးမပေါ်မချင်းကတော့ ဒီလိုမျိုးပဲ ဖြစ်နေဦးမှာပဲ။ အထိနာတယ်ဆိုတာကလည်း ကျွန်တော်တို့ အနုပညာလောကတင်မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး ဖြစ်ကြတာပဲ။ အကုန်လုံး ခါးစည်းခံနေရတာပဲ။ 

Voice : ပရဟိတအလုပ်လေးတွေလည်း လုပ်ဖြစ်နေတယ်နော်။ 
YM : ကျွန်တော်ကတော့ ဒီကြားထဲမှာ ဧပြီမတိုင်ခင်ကတော့ ကျွန်တော်တို့အဖွဲ့လေးကတော့ ပရဟိတအဖွဲ့လေး ဖွဲ့ထားတယ်။ သူငယ်ချင်းတွေရော အနုပညာရှင်မောင်နှမတွေလည်းပါတယ်။ နိုင်ငံခြားက မိတ်ဆွေတွေလည်းပါတယ်။ သူတို့နဲ့ပေါင်းပြီးတော့ ဆန်တွေ၊ ဆီတွေ အယောက်တစ်ရာကျော်လောက်တော့ ဝေဖြစ်တာပေါ့နော်။ သင်္ကြန်လက်ဆောင်ဆိုပြီးတော့ လက်ဆောင်လေးတွေဝေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်။ ကျွန်တော်တို့ လှူနိုင်တာလေးတွေရှိရင်ကျွန်တော်တို့ နိုင်သလောက်လေးလှူမှာပါ။ တောက်လျှောက်လည်း ကျွန်တော်လှူမှာပါ။ ပြီးတော့လည်း ကူညီနိုင်တာလေးကို ဘာပဲဖြစ်ဖြစ်၊ နှုတ်၏ စောင်မခြင်းပဲဖြစ်ဖြစ် လုပ်အားပဲဖြစ်ဖြစ် လှူနိုင်တာရှိရင် ကူညီဖို့အဆင်သင့်ပါပဲ။ 

Voice : အစိုးရထုတ်ပြန်ချက်တွေက ပြည်သူတွေကို အဆင်မပြေဖြစ်စေတာလည်း ရှိတယ်လေ။ အဲဒီပေါ်မှာရော ဘယ်လိုလေးပြောချင်လဲ။ 
YM : ကျွန်တော် မြင်တာကတော့ အခုချိန်မှာ အရေးကြီးဆုံးကတော့ ကျန်းမာရေးပေါ့နော်။ ကျန်းမာရေးကောင်းမှပဲ ကိုယ်ဖြစ်ချင်တာကိုယ်လုပ်ချင်တာ လုပ်လို့ရမှာလေ။ ဥပမာ- ပိုက်ဆံတွေအများကြီးရှိလည်း ကျန်းမာရေး မကောင်းရင်လည်း အလကားပဲ။ တချို့ ကျွန်တော်တွေ့တယ်။ ကင်ဆာနဲ့ ဆုံးသွားတယ်။ ဒါပေမဲ့ အရမ်းချမ်းသာတယ်။ ပိုင်ဆိုင်တာတွေကို အကုန်မသုံးသွားနိုင်ဘူး။ အခုချိန်မှာလည်း ကျန်းမာရေးက အဓိကပါ။ နေမကောင်းဖြစ်ရင်ဘာမှ မစားချင် မသောက်ချင်ဖြစ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မသယ်နိုင်ဘူး။ အဲတော့ အဓိကကတော့ ကျန်းမာရေးပေါ့နော်။ ကျန်းမာရေးအတွက် Home Stay ထပ်ပြီးတော့နေရမယ့် အချိန်ထပ်ပြီး တိုးမယ်ဆိုရင် လိုအပ်ရင်တော့ တိုးရမှာပေါ့နော်။ တိုးတဲ့အတွက် အားလုံးကလည်း လိုက်နာဖို့လိုအပ်တာပေါ့။

Voice : အခုဆိုရင် အနုပညာရှင်တော်တော်များများကလည်း ဈေးရောင်းကုန်ကြပြီနော် ကိုရဲမွန်ရော မရောင်းသေးဘူးလား။ 
YM : ရောင်းတဲ့သူတွေကိုတော့ မပြောချင်ပါဘူး။ ဒါကတော့ ကိုယ့်ရဲ့ အခက်အခဲကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းကြတာပေါ့နော်။ ဒီဘက်ကလည်း စီးပွားရေးအရ ဘာမှမလုပ်ဘဲ ထိုင်မစားတတ်တဲ့သူတွေကျတော့ စီးပွားရေး ထလုပ်တာပေါ့နော်။ သူတို့လုပ်တတ်တာ အလုပ်တစ်ခုလုပ်တယ။ တချို့ကျတော့ ဈေးသည်တွေက ဈေးမရောင်းရဘူး။ ကာတွန်းပုံလေးတွေတွေ့တယ်။ သူတို့မရောင်းရဘူး။ လမ်းမှာ Delivery ကားကြီးက ဖြတ်သွားတယ်။ အဲလိုမျိုးပေါ့။ သူတို့ဘက်ကကြည့်ရင်တော့ ဒီလိုမျိုးကြီးတော့ မြင်မှာပေါ့နော်။ ဒီဘက်ကကြည့်ရင် လည်း ကိုယ့်အခက်အခဲနဲ့ကိုယ်ပေါ့။ ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက်တော့ နားလည်ပေးကြရင်တော့ အဆင်ပြေမှာပါ။ ကျွန်တော်ကတော့ ဒီကြားထဲမှာ ဧပြီမတိုင်ခင်ကတော့ ကျွန်တော်တို့ အဖွဲ့လေးကတော့ ပရဟိတအဖွဲ့လေး ဖွဲ့ထားတယ်။ သူငယ်ချင်းတွေရော၊ အနုပညာရှင်မောင်နှမတွေလည်းပါတယ်။ ကျွန်တော်က အဲလိုမျိုးလည်း ဈေးမရောင်းတတ်တော့ ဒုက္ခရောက်တယ်။ အိမ်မှာပဲ အိပ်လိုက်စားလိုက် ဖြစ်နေတယ်။ 

ခင်ညိုညိုသိမ့်