News

POST TYPE

RELAX

Argo
05-Dec-2016

1977 ခုနှစ်ထဲမှာ အီရန်နိုင်ငံ တစ်ခုလုံး ဆူပူအုံကြွမှုတွေ ဖြစ်ပွားသည်။ ထိုအခါ သူတို့ တိုင်းသူ၊ပြည်သားတွေသာမက သူတို့ နိုင်ငံထဲမှာ နေထိုင်သည့် နိုင်ငံခြားသားတွေပါ ဒုက္ခ ရောက်ကြရတော့သည်။ တီဟီရန်မှာ ရှိနေသည့် အမေရိကန် သံရုံးက ဝန်ထမ်းတွေမှာ ပို၍ ဒုက္ခ ရောက်ကြရသည်။ ပုန်ကန် ထကြွသူများက သံရုံး ဝန်ထမ်းများကို တိုင်းတစ်ပါးရေးအား ဝင်စွက်ဖက်သည် ဟူသော အကြောင်းပြချက်ဖြင့် သံရုံးကို စီးနင်း တိုက်ခိုက်ကြသည်။

သံရုံးဝန်ထမ်းတွေခမျာ ဒေသခံ ဝန်ထမ်းတွေ၏ အကူအညီဖြင့် ထွက်ပြေးကာ ပုန်းအောင်း နေကြရသည်။ပုန်ကန်သူ အဖွဲ့ဝင်များကလည်း တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းပဲ လိုက်ရှာနေကြသည်။ ဝန်ထမ်းတွေ အဲသည်နိုင်ငံထဲကနေ လွတ်မြောက်ဖို့ရာ အမေရိကန်နိုင်ငံ အနေဖြင့် အထူးပင် တာဝန်ရှိနေပြီ။

ပုန်ကန်သူတွေကလည်း လေဆိပ်ပါမကျန် အကုန် စီးနင်းထားသလို သံရုံးအတွင်းက ဝန်ထမ်းများ ဖျက်ဆီးခဲ့သော ရုပ်ပုံ အပိုင်းအစတွေကိုလည်း စေ့စေ့စပ်စပ် စိတ်ရှည်လက်ရှည်ဖြင့် ပြန်လည် ဆက်ယူပြီး သဲလွန်စရအောင် ပြန်လည် ဖော်ထုတ်လျက် ရှိနေကြသည်။

အမေရိကန် နိုင်ငံသားဆိုလျှင်လည်း ဝင်ခွင့် မပေးမည့် အခြေအနေမှာ ရှိနေသည်။ ထိုသို့ ပိတ်ဆို့ထားသော နိုင်ငံအတွင်းက ဝန်ထမ်းတွေကို လွတ်မြောက်အောင် ကယ်ဆယ်ဖို့ရာက အချိန် အနည်းငယ်သာ ရှိပါသည်။ အကယ်ရွေ့များ တွေ့ရှိသည်ဆိုဦးတော့ နိုင်ငံထဲက လွတ်အောင် ဘယ်လိုကြံစည်မလဲ။ ပုန်ကန်သူတွေဘက်ကလည်း လွတ်မြောက်သွားကြသည့် သံရုံးဝန်ထမ်းတွေရဲ့ ဓါတ်ပုံတွေအား စေ့စေ့စပ်စပ် ဖော်ထုတ်နေလေပြီ။ မကြာမီ အတောအတွင်းလောက်မှာ ပုံတွေ ရရှိတော့မည်။

ထိုကာလသည် ယခု ရုပ်ရှင်ဇာတ်ကား၏ အဓိက အကြောင်းအရာတွေ ဖြစ်ကြပါသည်။ ယခု ရုပ်ရှင်ဇာတ်ကားအတွက် ဒါရိုက်တာ အဖြစ်ရော၊ ထုတ်လုပ်သူ အဖြစ်ရော၊ အဓိက သရုပ်ဆောင် အဖြစ်ပါ ဟောလိဝုဒ် အကျော်အမော် တစ်ဦးဖြစ်သည့် ဘင်အက်ဖလက်က တာဝန်ယူ ပုံဖော်ထားပါသည်။

ရုပ်ရှင်ကား တစ်ခုလုံးတွင် ကြည့်ဖူး၊ မြင်ဖူးနေကြဖြစ်သော စိတ္တဇ လူသတ်ကား ရုပ်ရှင်တွေထဲကလို ပရိသတ် ဖြစ်သူတွေကို ရင်မခုန် ခုန်အောင် ဖန်တီးလေ့ရှိတဲ့ လူသတ်သမားက သားကောင်နောက်ကို လိုက်ချိန် တီးလုံးသံ တစ်ဝုန်းဝုန်း အသက်ရှုသံ ပြင်းပြင်း ဓါးသွားနှင့် ထိခတ်၍ ထွက်ပေါ်လာတဲ့ အသံတစ်ချွင်ချွင်မျိုးတွေ မပါပါ။

ထို့အတူ အလွယ်တကူ ကြက်သီးမွှေးညင်း ထလေ့ရှိသည့် သွေးသံရဲရဲ သတ်ခန်း ဖြတ်ခန်း သေဆုံးခန်းတွေလည်း မပါရှိသလို၊ ဇာတ်ကောင်ဖြစ်သူက သေနတ် တစ်လက်နှင့် ရန်သူစခန်း တစ်ခုလုံးအား ချေမှုန်းပစ်ပြီး ဓါးစာခံတွေကို အသာတကြည် ကယ်တင် လိုက်နိုင်တဲ့ ဟီးရိုးဆန်သော ဇာတ်ကွက်တွေလည်း မပါရှိပါ။

သို့ဖြစ်စေကာမူ လိုသည်ထက် မပို အတိအကျ ရှိလှသော သဘာဝကျကျ သရုပ်ဆောင်ထားမှုတွေ။ မြန်ဆန်ပြီး အကွက် စေ့လွန်းသည့် အခန်းအကူး အပြောင်းတွေအောက်မှာ ကြည့်ရှုနေရင်းနှင့်ပင် သရဲကား လူသတ်ကား ကြည့်ရသည်ထက် ပိုသော စိတ်ခံစားမှုတွေ။ သို့လော သို့လော ဆန်သည့် စိတ်လှုပ်ရှားမှုတွေကို ရုပ်ရှင်ထဲက ဇာတ်ကောင်တွေနှင့်အတူ တရစပ် ပူးကပ် လိုက်ပါသွားမည် ဆိုတာကိုတော့ သေချာပေါက် ပြောရဲပါသည်။
ဒါရိုက်တာ ဘင်အက်ဖလက်သည် လက်ဖျားခါလောက်အောင်ပင် ယခုရုပ်ရှင်ကို ဖျော်ဖြေမှုထက် ပိုသော စိတ်ခံစားမှုတွေ သိမ်းကျုံးပေးစွမ်းနိုင်ခဲ့ပါသည်။

ကျွန်တော်တို့ အားလုံးပါ ရုပ်ရှင်ထဲ ရောက်သွားသလိုမျိုး၊ သူ ဖန်တီးပြထားသည့် ဒုက္ခဘုံထဲမှာ အသက်ဘေးက လွတ်ရာလွတ်ကြောင်း ကြိုးစားရသည့် ဇာတ်ကောင်တွေနှင့်အတူ ထိတ်လန့် ချောက်ခြားခဲ့ရသည်။ ဒေါသထွက်ပြီး မချင့်မရဲ ဖြစ်စေခဲ့ရပါသည်။

ထိုသို့သော ဖန်တီး အားထုတ်နိုင်မှုတွေကြောင့်ပင် ၈၅ ကြိမ်မြောက် အော်စကာဆုနှင်းသဘင်မှာ အကောင်းဆုံး ဓာတ်ပုံဆု။တည်းဖြတ်ဆုနှင့် ဇာတ်ညွှန်းဆုတို့ကို ရရှိခဲ့သည်မှာ အံ့သြဖွယ်ရာ မရှိတော့ပေ။

"Argo"ဟူသော ခေါင်းစဉ်သည် ထိုဓားစာခံများအတွက် ကောက်ရိုးမျှင် ယဲ့ယဲ့ကလေးသာ ဖြစ်သည်။ သူတို့အားလုံး ကောက်ရိုးမျှင်ကလေးကို အသုံးပြုပြီးတော့ ဒုက္ခတွင်းက လွတ်မြောက်နိုင်မှာလား။ ကျရှုံးကြမှာလား ဆိုသည်ကိုမူ ရင်တစ်ထိတ်ထိတ်ဖြင့် ဆုတောင်းပေးရုံက လွဲ၍ မတတ်နိုင်ချေ။

ရုပ်ရှင်ထဲတွင် သူရဲကောင်း မရှိ။ ဗီတိုအာဏာလည်း မရှိ။ အရေးပေါ် ထွက်ပေါက်လည်း မရှိ။ မမြင်ရသော ကံတရား အမှုန်အမွှားကလေးနှင့် လူသားများ၏ မွေးရာပါ ကြံရည် ဖန်ရည်ကလေးသာ သူတို့ဘက်မှာ အထောက်အကူ ရှိပါသည်။ ထိုအကြောင်းအရာ ကလေးတွေကို အံဝင်ခွင်ကျ အသုံးပြုတတ်ရင်တော့ "Argo"ဆိုသော ကောက်ရိုးမျှင်ကလေးကနေ လေဟုန်စီး ပျံဝဲ လွတ်မြောက်နိုင်သည့် လေယာဉ် တစ်စီးအဖြစ်ကို ပြောင်းလဲ ပစ်နိုင်မည်ဟု ပြောရင်းဖြင့်သာ။

ညီလင်းအိမ်

  • VIA