News

POST TYPE

RELAX

ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံခြင်း
05-Dec-2016
နာမည်ကျော် တေးသံရှင် ဝိုင်းစုခိုင်သိန်းနဲ့ တွေ့ဆုံပြီး ဂါ စီးရီးအတွက် MTV စတင်ရိုက်ကူးမယ့် အကြောင်း၊ အိမ်ထောင်ဖက်နဲ့ လမ်းခွဲပြီးတဲ့နောက် လက်ရှိဘဝ ဖြတ်သန်းမှုအကြောင်း၊ One Lady Show ကျင်းပမယ့် အချိန်ကို နောက်ဆုတ်လိုက်ရတဲ့ အကြောင်း၊ ကောလာဟလ သတင်းတွေနဲ့ ပတ်သက်ပြီး ပြန်မဖြေရှင်းဖြစ်တဲ့ အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဂါ စီးရီးကလည်း ထွက်ထားတာ တစ်လကျော်လောက်ရှိပြီ ဆိုတော့ ပရိသတ်တွေဆီက ဘယ်လိုအသံတွေ ပြန်ကြားရလဲ။

WSKT : ဝိုင်းစုရဲ့ စီးရီးထွက်ရင်တော့ ပရိသတ်တွေက ဒီသီချင်းကြိုက်တယ်၊ ဟိုသီချင်းကြိုက်တယ် ဆိုပြီးတော့ မျှပြီး ကြိုက်ကြတာပေါ့နော်။ ဂါစီးရီးမှာတော့ များသောအားဖြင့်၊ လှည့်စားပါ၊ ဖူးစာမဆုံတဲ့ အချစ်၊ ကောင်းကင်ထဲတို့ကို ကြိုက်ကြတယ်။ ဒီခွေမှာ ဝိုင်းစု Music ပုံစံလေးတွေ နည်းနည်းပြောင်းထားတဲ့ သီချင်းလေးတွေ ရှိတယ်။ အဲ့ဒီထဲကမှ ဒါလင်နဲ့ မြင်းပွဲသွားမလို့လို သီချင်းဆို  FM တွေမှာ ပရိသတ်တွေ တောင်းကြတာကို ကြားရတော့ အရမ်းလည်း ပျော်ပါတယ်။ အခုလို သီချင်းပုံစံ အသစ်လေးတွေ ချပြထားတာ ကိုပရိသတ် လက်ခံတယ်ဆိုတော့ ပိုပြီးတော့ အားရှိသွားတာပေါ့။

Voice : ဒီလထဲမှာ ဂါ စီးရီးကို MTV စရိုက်တော့မယ်လို့လည်း သိရတယ်လေ။ သီချင်းတွေကို ဘယ်လိုပုံဖော် ရိုက်ကူးသွားဖို့ စဉ်းစားထားလဲ။

WSKT : ဒီဇင်ဘာ ၂၀ ရက်နေ့မှာ မေမြို့ကို သွားရင်းနဲ့ စိတ်ပူတယ်ဆိုတဲ့ သီချင်းလေးကို စရိုက်မယ်။ အဲ့ဒီသီချင်းထဲမှာ နှင်းတွေ ဘာတွေပါတော့ မေမြို့သွားရင်းနဲ့ တစ်လက်စတည်း ရိုက်လိုက်မယ်လို့ စဉ်းစားထားပါတယ်။ အဲ့ဒီသီချင်းမှာတော့ ကိုယ်တိုင်သရုပ်ဆောင်မယ်။ တခြားသီချင်းတွေကိုလည်း ဘယ်လိုပုံစံမျိုး ရိုက်မယ်ဆိုတာတော့ စဉ်းစားထားပြီးသွားပြီ။ ဘယ်သူတွေနဲ့ ရိုက်မယ်ဆိုတာတော့ မရွေးရသေးဘူး။ ဝိုင်းစုက ပုံမှန်ဆိုရင် အခွေကို အောက်တိုဘာလ၊ နိုဝင်ဘာလလောက်မှာ ထွက်လေ့ရှိတယ်။ အဲ့ဒီအချိန်တွေလောက်မှာ ဂါ ဒီဗီဒီကို ထွက်နိုင်အောင် ကြိုးစားမှာပါ။

Voice : ဖေဖော်ဝါရီလထဲမှာ လုပ်မယ်လို့ ပြောထားတဲ့ One Lady Show အတွက်ရော ဘာတွေစပြီး ပြင်ဆင်နေပြီလဲ။

WSKT : ဝိုင်းစုရဲ့ One Lady Show လုပ်မယ့်လမှာ တခြားအဆိုတော်တွေရဲ့ ရှိုးတွေလည်း အများကြီး ရှိတယ်လို့ သိရတယ်။ ဖေဖော်ဝါရီလ မလုပ်ဖြစ်ရင်တော့ ဂါ ဒီဗီဒီ ထွက်ပြီးတဲ့ အချိန်လုပ်ဖို့ စဉ်းစားထားတယ်။ ဖေဖော်ဝါရီလထဲမှာ လုပ်မယ်ဆိုရင် စီစဉ်ရမှာတွေလည်း အများကြီး ရှိတော့ အချိန်ကကပ်လည်း ကပ်နေပြီ။ ရှိုးပွဲတွေဆိုဖို့လည်း ဆက်တိုက်လက်ခံထားပြီးသား ဖြစ်နေပြီ။ One Lady Show လုပ်မယ်ဆိုရင် ပွဲမှာဆိုမယ့် သီချင်းတွေကို Arrangement တွေ ပြောင်းရမယ်၊ Performance တွေ ပြင်ဆင်ရမယ်။ စတိတ်စင် ဒီဇိုင်းကအစ သေချာလုပ်ရမယ် ဆိုတော့ ပြင်ဆင်ချိန်က နှစ်လနဲ့ ဘယ်လိုမှ မလောက်ဘူး။ မတ်လလောက်ကို လုပ်ဖို့ စဉ်းစားထားသေးတယ်။ ဒါပေမဲ့ အဲ့ဒီလထဲမှာ တက္ကသိုလ်တွေ စာမေးပွဲ ရှိတယ်။ ပထမဆုံး One Lady Show လုပ်တုန်းက ဆယ်တန်းစာမေးပွဲပြီးတဲ့ အချိန်လုပ်ရင် အဆင်ပြေမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ မတ်လထဲမှာ တက္ကသိုလ်စာမေးပွဲတွေ ရှိတော့ ရှိုးကို လာမကြည့်လိုက်ရတဲ့ ပရိသတ်တွေ အများကြီး ရှိခဲ့တယ်။ အဲ့ဒါကြောင့် ပရိသတ်အားလုံး အဆင်ပြေမယ့်အချိန် ပြန်ရွေးလုပ်ပါမယ်။

Voice : အိမ်ထောင်ဖက်နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ ဝိုင်းစုရဲ့ ဘဝကို ဘယ်လိုပုံစံမျိုး ဖြတ်သန်းနေလဲ။ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေရော ဘာတွေရှိလဲ။

WSKT : ဝိုင်းစုမှာက စိတ်ဓာတ်ကျတာတို့၊ စိတ်ညစ်နေတာတို့ အရမ်းကြီး မရှိပါဘူး။ ဘယ်လောက်ပဲ စိတ်ညစ်ညစ်၊ ဘယ်လောက်ပဲဘာဖြစ်ဖြစ်၊ အဲ့ဒါက တစ်ရက် နှစ်ရက်ထက် မပိုဘူး။ ကိုယ်လုပ်ရမယ့် အလုပ်ကိုပဲ အကောင်းဆုံး ကြိုးစားပြီး လုပ်လေ့ရှိတယ်။ အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ရတာ ဆိုတော့ ဒီဟာကြီးကို ပြန်တွေးနေလည်း ဘာမှမထူးဘူးလေ။ အဲ့ဒီတော့ ကိုယ်ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေကိုပဲ အကောင်းဆုံး ကြိုးစားပြီး ဆက်လုပ်နေပါတယ်။

Voice : ဝိုင်းစုရဲ့ ပုံစံက ပျော့ပျောင်းပေမယ့် စိတ်ဓာတ်ကတော့ မာမယ်ထင်တယ်နော်။

WSKT : ဝိုင်းစုရဲ့ အပြင်ပန်းသဏ္ဌာန်ကို ကြည့်ရင်တော့ စိတ်ပျော့တယ်လို့ ထင်ရတယ်။ ဒါပေမဲ့ ဝိုင်းစုက စိတ်မာတယ်။ တော်ရုံတန်ရုံ မပြိုလဲတတ်ဘူး။ ကိုယ့်ကို ပြောတဲ့လူတွေကတော့ ပြောမှာပဲ။ အနုပညာသမားကတော့ ပိုပြောခံရမယ်။ အပြင်လူတွေတောင် အပြောခံသေးတာပဲ။ ဝိုင်းစုက အနုပညာသမား ဖြစ်နေတဲ့အတွက် ပိုပြီးတော့ အပြောခံနိုင်ရမယ်။ ကိုယ့်အကြောင်းကို သူတို့ စိတ်ဝင်စားတာကိုး။ ပြောတဲ့အထဲမှာ ဟုတ်တာလည်း ရှိသလို၊ မဟုတ်တာလည်း ရှိတယ်။ ဘယ်ဟာမှားတယ်၊ ဘယ်ဟာမှန်တယ် ဆိုတာတော့ အချိန်ကပဲ အဆုံးအဖြတ် ပေးသွားမှာပေါ့။ 
ဝိုင်းစုနဲ့ ပတ်သက်ပြီး သတင်းတွေ အများကြီး ထွက်နေတဲ့အချိန်၊ အိမ်ထောင်ကွဲပြီးတဲ့ အချိန်မှာ ဂါစီးရီး ထွက်တယ်။ ဒီစီးရီးကို ပရိသတ်တွေက အရမ်းအားပေးတဲ့အတွက် ခွေက အရမ်းရောင်းနေရတယ်။ သူတို့တွေကြောင့် ဝိုင်းစု ရပ်တည်လို့ ရတယ်။ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေ၊ ကိုယ့်ဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ပရိသတ်တွေအတွက် ဝိုင်းစု အမြဲတမ်း ဆက်ကြိုးစားသွားမှာပါ။

Voice : အိမ်ထောင်ထပ်ပြုချင်လည်း ပြုဖြစ်မယ်လို့ မီဒီယာတစ်ခုကို ဖြေထားတာလည်း တွေ့တယ်လေ။ အဲ့ဒါကျတော့ ဘယ်လိုစိတ်နဲ့ ပြောဖြစ်တာလဲ။

WSKT : လူဆိုတာက ကိုယ်နောက်နေ့ ဘာဖြစ်မလဲဆိုတာ တောင်မသိတော့ ဝိုင်းစု ဘာကိုမှ ကြိုမပြောချင်ပါဘူး။ အိမ်ထောင်ထပ်ပြုဖြစ်ချင်လည်း ပြုဖြစ်မယ်။ မပြုဖြစ်ချင်လည်း မပြုဖြစ်ဘူး။ အခုလောလောဆယ်ကတော့ ဒီကိစ္စက သိပ်အရေးမကြီးဘူးပေါ့။ ဝိုင်းစုရဲ့ ပရိသတ်တွေ၊ သီချင်းတွေနဲ့ပဲ ပျော်မွေ့နေတယ်။ ပရိသတ်တွေနဲ့ အမြဲတမ်း တစ်သားတည်း အတူရှိနေမယ်ပေါ့နော်။ နောက်ထပ် အိမ်ထောင်ပြုဖြစ်ခြင်း၊ မပြုဖြစ်ခြင်းကတော့ ကံတရားအတိုင်းပါပဲ။

Voice : ကိုယ်နဲ့ ပတ်သက်ပြီး ထွက်နေတဲ့ ကောလာဟလတွေအပေါ်မှာ ဝိုင်းစုဘက်က ပြန်လည်ဖြေရှင်းတာမျိုးတော့ မတွေ့ရဘူးပေါ့နော်။

WSKT : တချို့ကိစ္စတွေက ကိုယ်က ရှင်းလေ ရှုပ်လေ ဖြစ်တတ်တယ်။ အချိန်တန်ရင်တော့ ပရိသတ်တွေ သိသွားပါလိမ့်မယ်။ အခုချိန်မှာ ဝိုင်းစုက တစ်ယောက်တည်းလေ။ နောက်ထပ် လက်တွဲဖော် ရှာချင်လည်း ရှာမယ်။ မရှာချင်လည်း မရှာဘူး။ ဒါက ဝိုင်းစုကိုယ်တိုင် မသိတဲ့ ကိစ္စလေ။ ဒီကောလာဟလတွေကို ပြန်ဖြေရှင်းနေရင် မထူးဘူးလေ။ ဝိုင်းစု ပရိသတ်တွေလည်း အာရုံနောက်တယ်။ အဓိကကတော့ ပရိသတ်တွေကို ဝိုင်းစုရဲ့ အနုပညာ အလုပ်တွေကိုပဲ ပိုပြီးတော့ စိတ်ဝင်စားစေချင်တယ်။ ဝိုင်းစုရဲ့ သီချင်းတွေနဲ့ ပရိသတ်တွေကို စိတ်အေးချမ်း သာယာသွားစေချင်တယ်။ ဝိုင်းစုရဲ့ Personal တွေက သူတို့အတွက် အရေးမကြီးပါဘူး။ ဝိုင်းစုရဲ့ သီချင်းတွေနဲ့ ပရိသတ်တွေကို မွေ့လျော်စေချင်တယ်။ ပရိသတ်တွေက ဝိုင်းစုကို ချစ်သလို၊ ဝိုင်းစုကလည်း ပရိသတ်တွေကို ချစ်တယ်။ ဒီလောက်ဆို ရပါပြီ။

Voice : ဝိုင်းစုရဲ့ ပရိသတ်တွေကိုရော ဘာများဖြည့်စွက် ပြောကြားချင်သေးလဲ။

WSKT : ဒီနေ့ ဒီအချိန်အထိ ဘယ်လိုအကြောင်းအရာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဝိုင်းစုဘက်က အမြဲတမ်း ရပ်တည်ပြီး အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်။ ဝိုင်းစုကို ဝေဖန်ကြတဲ့ ပရိသတ်တွေကိုလည်း စိတ်ထဲမှာ ဘာမှမရှိပါဘူး။ သူတို့ကတော့ အကြောင်းရင်းကို မသိလို့ ပြောကြတာပေါ့။ ဝိုင်းစုဘက်က ရဲရဲဝံ့ဝံ့ ပြောချင်တာတစ်ခုက ဒီနေ့ဒီအချိန်အထိ ဘယ်သူ့ဆီကမှ ဝိုင်းစု ချူမစားခဲ့ဘူး။ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်အောင် ကြိုးစားခဲ့တယ်။ ဘယ်လျော်ကြေးမှလည်း ဝိုင်းစု မရခဲ့ဖူးဘူး။ ဘယ်စပွန်ဆာမှလည်း မရှိခဲ့ဖူးဘူး။ အိမ်ထောင်ကျခဲ့တဲ့ အခါမှာလည်း အိမ်ထောင်ဖက်နဲ့ အတူတူ ဒိုးတူပေါင်ဖက် ကြိုးစားခဲ့တာပါ။ သူ့အပေါ်မှာလည်း ကိုယ်မမှီခိုခဲ့သလို၊ ကိုယ့်အပေါ်မှာလည်း သူမမှီခိုခဲ့ဘူး။ ဝိုင်းစုတို့ အိမ်ထောင်ကွဲသွားတယ် ဆိုတာလည်း ရှေ့ဆက်သွားလို့ မရတဲ့၊ အဆင်မပြေတဲ့ အရာလေးတွေ ရှိလို့ပါ။ ဒါပေမဲ့ သူနဲ့ ဝိုင်းစုနဲ့က မိတ်ပျက်သွားတာလည်း မရှိဘူး။ အထင်လွဲနေတဲ့ သူတွေကို အဲ့ဒါလေးတွေတော့ သိစေချင်ပါတယ်။  

သန့်ဇင်ဦး