News

POST TYPE

RELAX

သရုပ်ဆောင်ခိုင်နှင်းဝေနဲ့တွေ့ဆုံခြင်း
31-May-2020
"Stay Home Stay Home နေတယ်ဆိုတာ ဒီလူတွေက စားစရာမရှိတဲ့အချိန်ကျရင် ခိုးပြီးထွက်မှာပဲ"



သရုပ်ဆောင် ခိုင်နှင်းဝေနဲ့တွေ့ဆုံခိုက် အလှူများဆက်တိုက်လှူဖြစ်နေတဲ့အကြောင်း၊ အခြေခံလူတန်းစားများ အိမ်ထောင်စု ၃၃၀ဝ အတွက် လှူဒါန်းခဲ့တဲ့အကြောင်းများနှင့် Stay Home အနေကြာရင် ဖြစ်လာနိုင်မယ့် အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice  : ခိုင်မီးအိမ် စာကြည့်တိုက်မှာ သွားလှူဖြစ်တဲ့အကြောင်းလေး ပြောပြပေးပါဦး။ 
KHW   : အစ်မရဲ့ အလှူလေးကတော့ လှိုင်သာယာမှာ ခိုင်မီးအိမ်စာကြည့်တိုက်လေး ဖွင့်ထားပါတယ်။ အဲမှာသွားပြီးလှူမှာပါ။ ပစ္စည်းတွေကတော့ ဆန်၊ ဆီ၊ ဆားပေါ့နော်။ အာလူး၊ ကြက်သွန်၊ ကိတ်မုန့် စတာတွေပါတယ်။ ကျောင်းအိပ်ကျောင်းစားရှိတဲ့ ကလေးတွေရှိတယ်။ ရှူဆေးလေးတွေလည်းပါတယ်။ 

Voice  : ဒီ Covid ကာလအတွင်းမှာ အလှူတွေဆက်တိုက်လှူဖြစ်နေတယ်နော်။ 
KHW   : အဲဒါကလေ ကုသိုလ်တရားပေါ့နော်။သဒ္ဓါတရားကနေ နတ်ကောင်းနတ်မြတ်တွေကပဲ နှိုးဆော်ပြီးတော့ ထောက်ပံ့ပေးလိုက်တာလား မပြောတတ်ပါဘူး။ Covid ကာလမှာ လိမ်ဖည်လိမ်ဖည်နဲ့ ကိုယ်လည်းကျပ်တည်း၊ သူလည်း ကျပ်တည်းနဲ့လှူလာတာ အိမ်ထောင်စုက သုံးထောင့်သုံးရာဖြစ်သွားပြီ။ အနုပညာရှင်တွေလှူပေးတာနဲ့ပေါ့နော်။ ဒီတစ်ခုပြီးရင်တော့ ငါ့မှာ မရှိတော့ဘူးပေါ့နော်။ မလှူတော့ဘူး ငါခဏနားထားဦးမယ်ဆိုပြီး စဉ်းစားလိုက်ရင် ဘယ်နေရာမှာဖြစ်လို့ ဆိုပြီး လှူလိုက်ပါဦးမယ်ပေါ့။ အဲလိုစဉ်းစားလိုက်ရင် အလှူကသူ့အလိုလိုဖြစ်လာတယ်။ ကိုယ်က သာသနာပြုရမယ် ဒီလိုမျိုးလှူပေးရမယ့်ကုသိုလ်ကံရယ်၊ ကိုယ့်ကို အဆင်ပြေပြေနဲ့ လှူလို့ရအောင်က ကုသိုလ်ကံတွေပဲထင်တယ်။ သဒ္ဓါတရား ဖြစ်တဲ့အတွက်ကြောင့် လှူချင်တဲ့စိတ်ဖြစ်တာနဲ့တင် အဆင်ပြေပြီး လှူတတ်သွားတာပေါ့နော်။ အဲဒါကြောင့် တခြား အလှူရှင်တွေလည်း ပြောချင်တာမရှိလို့ မလှူ ၊ မလှူလို့မရှိနဲ့ ဖြစ်နေရင်စိတ်မညစ်ပါနဲ့။ အဲဟာက သူ့အလိုလိုဖြစ်သွားတတ်တယ်။ ဒီဟာလေးကို ပြောပြချင်တာပါ။ 

Voice  : အလှူတစ်ခုပြုပြီးတိုင်း ဘယ်လိုလေးခံစားမိလဲ။ 
KHW   : ကလေးတွေကျောင်းတက်ဖို့အတွက် ကားလေးလဲမလားလို့ စဉ်းစားထားတယ်။ အစ်မမှာရှိတဲ့ ဆူပါကာစတန်ကားလေးက အဲကွန်းကလည်း မအေးတော့ဘူး။ သေးလည်းသေးတယ်။ ကလေးတွေနဲ့ နပ်စ်မတွေ ထိန်းတဲ့သူနဲ့ဆို မဆံ့ဘူး။ အဲတော့ အံစာတုံးကားလေးပဲဖြစ်ဖြစ်လဲမယ်လို့ရည်ရွယ်ပြီး အစ်မပိုက်ဆံလေးတွေ စုစုထားတာရှိတယ်။ အဲထဲမှထုတ်ပြီးတော့ လှူဖြစ်တယ်။ ပိုက်ဆံကတော့ မသေမချင်းရှာလို့ရတယ်။ ငါကတော့ ဒုက္ခရောက်နေတဲ့သူကို မျက်နှာလွှဲပြီးတော့ ငါအဆင်ပြေရင်ပြီးရောဆိုပြီးတော့ ကိုယ့်လက်ထဲမှာရှိတဲ့ ပိုက်ဆံကိုမထုတ်ဘဲနဲ့ မနေတတ်ဘူး။ ပြီးတော့ အစ်မကချမ်းသာနေလားဆိုတော့လည်း ချမ်းသာနေတာမဟုတ်ဘူး။ တစ်ခါတလေကျရင်ဆေးရုံတွေမှာ လှူချင်တာပေါ့။ PPE ဝတ်စုံတွေ အသက်ရှူစက်တွေအများကြီး လှူပေးချင်တာပေါ့။ အစ်မမှာ မရှိဘူးလေ။ အဲတော့ ကိုယ်နိုင်တဲ့ အောက်ခြေလူတန်းစားတွေ ကိုကြည့်ပြီးတော့လှူပေးရတာ။ ဒီလိုမျိုး အကြီးကြီးတွေကျတော့ သူဌေးတွေ၊ ကိုယ့်ထက်ပိုက်ဆံအများကြီးရှိတဲ့ လူတွေလှူပေးနေတယ်။ အစ်မလိုပဲ တခြားလှူတဲ့သူတွေလည်း အများကြီးပါပဲ။ လက်ဆယ်ချောင်းရှိရင် ဆယ်ချောင်းနဲ့ ဖြန့်တယ်။ နောက်လက်ဆယ်ချောင်းနဲ့ ထပ်ပြီးဖြန့်ရင် ပိုပြီးတော့ ပြန့်သွားမယ်ဆိုပြီးတော့ တွေးတယ်။ 

Voice  : အောက်ခြေလူတန်းစားတွေက Stay Home အနေကြာလာရင် ဘယ်လိုဖြစ်မယ်လို့ ထင်လဲ။ 
KHW   : Stay Home နေရတဲ့အချိန်မှာ စားစရာမရှိဘဲနဲ့ သူတို့ဘယ်လိုနေကြမလဲ။ လူဆိုတာကလေ စားစရာမရှိရင်လေ အပြင်တောင်ထွက်ပြီး ဓားပြတိုက်ကြသေးတာ။ လုယက်တာတွေတောင်ဖြစ်ကြတယ်။ Stay Home Stay Home နေတယ်ဆိုတာ ဒီလူတွေက စားစရာမရှိတဲ့အချိန်ကျရင် ခိုးပြီးထွက်မှာပဲ။ သူများပစ္စည်းခိုးမှာကိုပြောတာမဟုတ်ဘူး။ ခိုးပြီးတော့ အလုပ်ထွက်လုပ်မှာပဲ ဘယ်လောက်ရရ လုပ်ကြမှာပဲ။ လုပ်တဲ့အခါမှာ ကပ်ရောဂါဆိုးကြီးများ ကူးသွားမလား တစ်ယောက်နဲ့တစ်ယောက် အများကြီးဖြစ်သွားနိုင်တယ်။ အဓိက အစ်မတို့က အောက်ခြေလူတန်းစားကို လှူပေးနေတယ်ဆိုတာက ရောဂါဆိုးကြီးကို အားလုံးက လက်တွဲပြီး တားပေးနေတဲ့အနေနဲ့လှူပေးတာ။ အစ်မတို့က နိုင်ငံတော်က ချမှတ်ထားတဲ့ Stay Home ဟာကိုလည်း တည်တံ့အောင် ရောဂါပိုးလည်း မပြန့်ပွားအောင် အိမ်မှာနေတဲ့သူတွေလည်း စားဝတ်နေရေးပြေလည်အောင်လို့ အစ်မတို့က လုပ်ပေးတာပါ။ 

ခင်ညိုညိုသိမ့်