News

POST TYPE

RELAX

ထွန်းကိုကိုနဲ့ တွေ့ဆုံခြင်း
28-May-2020
"စိန်ခေါ်မှုတွေလည်း များမယ်လို့ထင်တယ်။ အခန့်မသင့်ရင် ကူးသွားနိုင်တယ်။ အဆိုးဆုံးလည်း တွေးထားသလို အကောင်းဆုံးလည်း  ကျွန်တော် တွေးထားတယ်"



ထွန်းကိုကိုနဲ့တွေ့ဆုံခိုက် နာကူအသင်းကြီးမှာ ပရဟိတလုပ်ငန်းများ လုပ်ဆောင်ပေးဖြစ်နေတဲ့အကြောင်း၊ ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေတဲ့ ပရဟိတစိတ်များအကြောင်းနှင့် အိမ်ကလူများအတွက် စိုးရိမ်လို့ နာကူအသင်းမှာ ကန့်ဝင်ပြီးနေဖြစ်တဲ့အကြောင်း စတာတွေကို မေးမြန်းထားပါတယ်။ 

Voice  : နာရေးကူညီမှုအသင်းမှာနေပြီး နာရေးလမ်းကြောင်းတွေနောက်လိုက်ပြီး လုပ်ဆောင်ပေးနေတဲ့ အကြောင်းလေး ပြောပြပေးပါဦး။ 
TKK    : ကျွန်တော်တို့ ဆေးရုံကားအနေနဲ့ သံသယလူနာတို့ ကွာရန်တင်းသွားမယ့်လူနာတို့ဆိုရင် အသင်းမှာ ကျွန်တော်တို့ သီးသန့်ထားထားတယ်။ ရှေ့ခန်းနောက်ခန်း သီးသန့်ကန့်ထားပြီးသားပေါ့နော်။ အဲဒီလူနာတွေသယ်မယ့် သီးသန့်ကားရှိတယ်။အဲဒီ ကားတွေနဲ့ ဆေးရုံဆေးခန်းတွေ သူတို့ကိုထားမယ့် ကွာရန်တင်းစင်တာတွေကို ပို့ပေးရမှာတွေကို သယ်တယ်။ ဒီလိုရောဂါနဲ့ဆုံးတယ်ဆိုရင် အပြင်က အဖွဲ့တွေမကိုင်ရပါဘူး။ အစိုးရအဖွဲ့ကပဲ ကျန်းမာရေးဝန်ကြီးဌာနကပဲ တန်းပြီးတော့ ချပေးတယ်။ သီးသန့်လည်း လုပ်ထားတယ်။ နာရေးကူညီမှုအသင်းက လုပ်ပေးရတာမရှိဘူး။ 

Voice  : အိမ်တောင်မပြန်ဘဲ နာရေးကူညီမှုအသင်းမှာပဲနေဖြစ်တဲ့အကြောင်းလေး ပြောပေးပါဦး။ အမေကရော စိတ်မပူဘူးလား။
TKK    : အမေတို့ကတော့ စိတ်ပူတယ်။ သို့သော် ကိုယ်တိုင်လည်း ဆုံးဖြတ်ချက်ချပြီးတော့လုပ်တာ၊ စိန်ခေါ်မှုတွေလည်း များမယ်လို့ ထင်တယ်။ အခန့်မသင့်ရင် ကူးသွားနိုင်တယ်။ အဆိုးဆုံးလည်း တွေးထားသလို အကောင်းဆုံးလည်း ကျွန်တော် တွေးထားတယ်။ အဲဒီအတွက်လည်း ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချပြီးတော့လည်း ပရဟိတလုပ်ငန်းတွေကိုလုပ်တယ်။  အိမ်မပြန်တော့တာလည်း မိသားစုအတွက်လည်းပါတယ်။ အိမ်မပြန်တော့ဘဲနဲ့ အသင်းမှာပဲ ကန့်သွင်းပြီးတော့နေတယ်။ အဲမှာပဲညအိပ်တယ်။ ဒီကာလ အတွင်းမှာတော့ တစ်ရက်မှတော့ မနားရသေးဘူး။ ပင်ပန်းတယ်လို့လည်း မထင်ပါဘူး။ အများအတွက် ပေးဆပ်ရတယ်။ ပေးဆပ်ချိန် တန်တယ်။ ပေးဆပ်ခွင့်ရတယ်။ ကျွန်တော်တို့ဆိုလည်း အရင်ဆို ပရဟိတအလုပ်တွေ လုပ်ချင်ပေမယ့် ရှုတင်မအားတာတို့၊ ကိုယ့်အလုပ်တွေ မအားတာတို့ သိပ်ပြီးတော့ ထဲထဲဝင်ဝင်မလုပ်နိုင်ဘူး။ လုပ်တော့လုပ်နေတယ်၊ သို့သော် အရမ်းကြီး အချိန်မပေးနိုင်ဘူး။ ဒီအချိန်မှာ ရှူတင်တွေလည်း နားထားတော့ပိုပြီးတော့ အချိန်လည်းပေးဖြစ်တယ်။ ပိုပြီးတော့လည်း လုပ်ဖြစ်တယ်။ အခုကလည်း တကယ့်ကို လိုနေတဲ့အချိန်ဖြစ်တဲ့အတွက် ပိုပြီးတော့ အကျိုးသက်ရောက်မှုရှိတယ်။ 

Voice  : ကိုယ်လုပ်နေတဲ့ ပရဟိတလုပ်ငန်းတွေ အပေါ်မှာ ဘယ်လိုစိတ်မျိုးဖြစ်မိလဲ။ 
TKK    : ဒါကတော့ ပြောလို့မရပါဘူး။ ပရဟိတအလုပ်တွေလည်းလုပ်နေတယ်။ အများအတွက် လုပ်နေတယ်။ ပြောရမယ်ဆိုရင် လူ့ဘဝသက်တမ်းက ခဏလေးပဲလေ။ အချိန်တိုင်း စက္ကန့်တိုင်းမှာ အမှားနည်းဖို့လည်း လိုတယ်။ အမှားမရှိဘူးလို့ ပြောတာမဟုတ်ဘူး၊ ကျွန်တော်တို့လည်း အမှားရှိတယ်။ အမှားနည်းနိုင်သမျှ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင်ပဲ  ဖြတ်သန်းတယ်။ နောက် ဘာလုပ်မယ်ဆိုတာထက် အရင်တုန်းက ဘာတွေလုပ်ခဲ့လဲဆိုတာ ပြန်စဉ်းစားဖို့ လက်ရှိအချိန်မှာ ကိုယ်လုပ်နေတဲ့ အလုပ်မှန်သမျှ အကောင်းဆုံးပဲ ဖြတ်သန်းဖို့ လိုပါတယ်။ 

Voice  : ထွန်းကိုကိုလိုမျိုးပဲ ကိုယ်ကျိုးမကြည့်ဘဲ ပရဟိတလုပ်ချင်တဲ့သူတွေကိုရော ဘယ်လိုမျိုးပြောချင်လဲ။ 
TKK    : ကျွန်တော်ကတော့ ဒါကိုဝါသနာပါတယ်။ ဒါပေမဲ့ ကုသိုလ်လိုချင်လို့တော့မဟုတ်ဘူး။ အများအတွက် ပေးဆပ်ရတာကို ကျွန်တော် သဘောကျတယ်။ ကျေနပ်တယ်။ ပြီးတော့ ပေးဆပ်လိုက်ရလို့ ကိုယ့်အတွက် ပြန်လာရမယ့် ကုသိုလ်တို့ ပြန်လာမယ့် အကျိုးကျေးဇူးတို့ မမျှော်မှန်းဘဲနဲ့ လုပ်ပေးရတာ ပိုပြီးတော့လိုလားတယ်။ ပရဟိတလုပ်တဲ့ အလုပ်တွေမှာ အများအတွက်ကို ပေးဆပ်တယ်။ ကိုယ့်အတွက်နဲ့ အများသူငါ စိတ်ချမ်းသာမယ်။ ကောင်းတာတွေ ဖြစ်စေမယ်။ ကိုယ့်အတွက် မျှော်လင့်ချက်မရှိဘဲ ပေးဆပ်တာ ပရဟိတစစ်စစ်ပဲ။ ပရဟိတလုပ်တာ စိတ်ထားတတ်ရင် မြတ်တယ်။ 

ခင်ညိုညိုသိမ့်