News

POST TYPE

RELAX

ဝါရင့်သရုပ်ဆောင် နွဲ့နွဲ့စမ်းနဲ့ တွေ့ဆုံခြင်း
24-May-2020
"အမေတို့မှာ ခက်ခဲနေတာက နေ့စဉ်သုံးဖို့ ဈေးသုံးသည် အခက်အခဲဆုံးပဲ"



ဝါရင့်သရုပ်ဆောင် နွဲ့နွဲ့စမ်းနဲ့ တွေ့ဆုံခိုက် အမေများရွာမှာ Covid ကာလကို တောင့်ခံပြီး ဖြတ်သန်းနေရကြောင်း၊ ဈေးသုံးအခက်အခဲဖြစ်နေရကြောင်းနှင့် အလှူရှင်များကိုလည်း ကျေးဇူးတင်ကြောင်းစတဲ့အကြောင်းအရာကို မေးမြန်းထားပါတယ်။ 

Voice  : Covid ကာလကြီးကို အမေတို့ဘယ်လိုများ ဖြတ်သန်းနေရလဲ။ 
NNS   : အမေတို့ ဖြတ်သန်းရတာကတော့ အားလုံးသော လူတွေလို ဖြတ်သန်းနေရတာပေါ့နော်။ လူတိုင်းမှာတော့ ဒုက္ခရှိတယ်လေ။ ဘယ်သူမှ ဒုက္ခမဖြစ်ဘူးဆိုတာ မရှိဘူး၊ အားလုံး ဒုက္ခချည်းပဲ။ အားလုံးခက်ခဲတာပဲ၊ အားလုံးကျပ်တည်းတာပဲ။ အကျပ်အတည်း အခက်အခဲ လွတ်တဲ့နေ့က ကောင်းတဲ့နေ့လေးပါပဲ။ 

Voice  : အမေများရွာမှာ အမေ့ရဲ့ညီမတွေအတွက် ပူပင်ပြီး စိုးရိမ်နေရမှာပေါ့။
NNS   : ကိုယ်က လုပ်ကျွေးရတယ်။ စိုးရိမ်နေလို့လည်းမရဘူး။ လက်တွေ့ကိုလုပ်ရတာပေါ့နော်။ 

Voice  : ဒါဆိုရင် Stay Home ကာလကို ဘယ်လိုဖြတ်ကျော်နေရလဲ။ 
NNS   : အမေတစ်ခုပြောချင်တာတော့လေ ဆရာဝန်ကြီးများက ပိုကျွမ်းကျင်တယ်။ ဆေးခန်းလေးတွေက ဖွင့်ပေးဖို့ကောင်းပါတယ်။ ဆေးခန်းမဖွင့်ရင် ညရေးညတာ ဒုက္ခဖြစ်တယ်။ အမေတို့ ဘယ်မှသွားစရာမရှိဘူး။ သေရုံပဲရှိတယ်။ အသေကလည်း မခံနိုင်ဘူး။ လာလှူတဲ့သူတွေတော့ရှိတယ်။ ရန်ကုန်တိုင်း အစိုးရကလည်း လှူတယ်။ ငွေကြေးကတော့ ခက်ခဲနေတာအမှန်ပဲ။ ခေါက်ဆွဲတွေတော့ မလှူပါနဲ့၊ ပိုက်ဆံပဲလှူပေးပါလို့ ခင်တဲ့သူကျတော့ ပြောရတာပေါ့။ ဒါပေမဲ့ ဆန်ပဲလှူ ပိုက်ဆံပဲပေးပါလို့ ပြောလို့ဘယ်ရမလဲ။ လှူတာတော့ လက်သင့်ခံပါတယ်။ ဒါပေမဲ့ အမေတို့မှာခက်ခဲနေတာက နေ့စဉ်သုံးဖို့ ဈေးသုံးသည် အခက်အခဲဆုံးပဲ။ တစ်ယောက်ကို လေးသောင်းနှုန်းကလည်း ဆယ်ရက်လောက်သုံးပြီးရင်ကုန်ပြီ။ ဆန်နဲ့ တစ်သောင်းပေးတယ်ဆိုရင်လည်း လာယူရတာ ကားခနဲ့ ကုန်တော့ အမေတို့မှာ ပစ္စည်းတွေပဲအဖတ်တင်တာ။ အမေတို့မှာ ပစ္စည်းရှိတယ်။ ပိုက်ဆံမရှိဘူး။ အမေတို့ကလည်း ဇာတ်ကားလေး လက်ခံထားတာ ဝေးဝေးသွားတယ်။ ရေရှည်တော့ အိမ်ထဲအောင်းမနေနိုင်ဘူးလေ။ အိမ်ထဲအောင်းနေအောင် ပိုက်ဆံတွေ လစဉ်ပေးနေရင်တော့ ဘယ်လောက်ပဲ အောင်းရအောင်းရပေါ့။ ဘာပိုက်ဆံမှမရှိဘဲ အောင်းနေရင်ငတ်နေရင်တော့ သေရင် သေပါစေထွက်ရမှာပဲ။ ဒီရောဂါ အေးရင် ဖြစ်တယ်ဆိုတော့ အင်မတန်ပူလွန်းရင်လည်း ဖြစ်ချင်ဖြစ် သေချင်သေပေါ့ ထွက်ရမှာပဲ။နောက်ဆုံးအဆင့်ကတော့ ဖြစ်နိုင်မယ့်နေရာကိုလည်း သွားရမှာပဲ။ ငတ်တာလည်း မခံစားနိုင်ဘူး ပူလွန်းတာလည်း မခံစားနိုင်ဘူး ဘာမှ မခံစားနိုင်တဲ့အတွက် ဘာပေးပေး ကျေနပ်ပါတယ်။ ဘာလှူလှူ ကျေနပ်ပါတယ်။ သာဓုလည်း ခေါ်ပါတယ်။

Voice  : အမေ့ရဲ့ပရိသတ်တွေအတွက်ရော ဘယ်လို အားပေးစကားလေး ပြောချင်သေးလဲ။ 
NNS   : ပရိသတ်ကြီးလည်း ကျွန်မလိုပဲ တောင့်ခံထားကြပေါ့နော်။ ဒါက ကံအကြောင်းတရားနဲ့ဆိုင်ပါတယ် ။ ကံအကြောင်းတရားကိုယုံပြီးတော့ တောင့်ခံထားကြပါလို့၊ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပါ။ သေနေ့စေ့ရင်တော့ ဘာမှ လုပ်လို့မရဘူး သေမှာပဲ။ သေနေ့မစေ့ရင်တော့ ကာကွယ်လို့ရတယ်။ ကာကွယ်လို့ရရင်တော့ ကာကွယ်ကြပါလို့၊ ဆင်ခြင်ကြပါလို့ ပြောချင်ပါတယ်။ 

ခင်ညိုညိုသိမ့်