News

POST TYPE

RELAX

ကေကေမိုးနဲ့တွေ့ဆုံခြင်း
17-May-2020
"မူရင်းအဆိုရှင်ကိုတော့ မီမှာတော့ မဟုတ်ပါဘူး"



အဆိုတော်ကေကေမိုးနဲ့ တွေ့ဆုံခိုက် မောင်နဲ့ကျွန်မသီချင်းအကြောင်း၊ တိုက်ကို Lockdown ချထားတဲ့အချိန် အိမ်မှာနေရတဲ့ခံစားချက်နှင့် သီချင်းအသစ်တွေအကြောင်းကို မေးမြန်းထားပါတယ်။ 

Voice  : ပြန်ဆိုတေးလည်းဖြစ်တဲ့ မောင်နဲ့ကျွန်မ သီချင်းလေးအကြောင်း သီဆိုဖြစ်တဲ့အကြောင်းလေး ပြောပြပေးပါဦး။
KKM   : ကေတို့အနေနဲ့လည်း ဒီကြားထဲမှာ သီချင်းအသစ်လည်း မထွက်ဖြစ်ဘူးဆိုတော့ မောင်နဲ့ ကျွန်မ သီချင်လေးကထွက်လာတယ်ဆိုတော့ တေးသံသာကနေပြီးတော့ သီချင်းတွေကို အများကြီးထွက်ဖို့လည်း ရှိပါတယ်။ နောက်ထပ်လည်း တစ်ပုဒ်ထွက်ဖို့လည်း ရှိပါသေးတယ်။ ဘယ်တော့ တင်ပေးမလဲတော့ မသိသေးဘူးပေါ့နော်။ ဒီသီချင်းလေးက အရမ်းပေါက်ပြီးသား သီချင်းကို ပြန်ဆိုရတာဖြစ်တော့ တာဝန်လည်းကြီးပါတယ်။ မူရင်းအဆိုရှင်ကလည်း ကိုယ်ကြိုက်ရတဲ့ အိုင်ဒေါဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မူရင်းအဆိုရှင်ကိုတော့ မီမှာတော့မဟုတ်ပါဘူး။ ကေလည်း အကောင်းဆုံးကြိုးစားထားပါတယ်။ 

Voice  : Covid ကာလကြီးမှာ သီချင်းအသစ်ထွက်ရတဲ့ ခံစားချက်လေးက ဘယ်လိုဖြစ်နေမလဲ။ ပရိသတ်မကြိုက်မှာ စိုးရိမ်နေလား။
KKM   : အခုအခြေအနေမှာတော့ ဘယ်လိုပြောရမလဲ။တချို့တွေကလည်း ပြောတယ်။ ဘာသီချင်းမှမတင်နဲ့ပေါ့လေ။ တချို့တွေကျတော့လည်း အခုချိန်က အကုန်လုံးက အိမ်မှာပဲနေကြတယ်။ Facebook လည်း သုံးကြတယ်။ တချို့ကလည်း သီချင်းတင်ကြတယ်။ တချို့ကလည်း မတင်ကြဘူးပေါ့လေ။ တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ ကေတို့က တေးသံသာနဲ့ တိုင်ပင်ပြီး သူတို့ကလည်း တင်မယ်ဆိုတော့ တင်လိုက်ကြတယ်။ Music Video ကလည်းရိုက်ထားတာကြာပြီ။ Music Video မထွက်ခင်ကတည်းက ထွက်ထားတယ်။ Music Video ထွက်မှ ကေဆိုထားတယ်ဆိုတာ သိသွားကြတယ်။ ပရိသတ်တွေကြည့်ကြတယ် ဆိုတော့ ကျေးဇူးတင်ပါတယ်။ 

Voice  : ဒီနှစ်အတွင်း သီချင်းတွေနဲ့ပတ်သက်ပြီး စီစဉ်ထားတာတွေရှိရင်လည်း ပြောပေးပါဦး။ 
KKM   : မေလ၂၁ မှ ကေတို့ တိုက်က Lockdown ချထားတာ ပြည့်မှာဆိုတော့ အဲတော့မှပဲ ထွက်လို့ရမယ်။ အနုပညာလှုပ်ရှားမှုကတော့ သင်္ကြန်မတိုင်ခင်ကတည်းက ဒုတိယအခွေထဲက သီချင်းလေးကို Music Video ရိုက်ထားတာရှိတယ်။ အဲဒါလေးကို ပထမကတင်မလို့လေ။ ဒါပေမဲ့ ဒီရောဂါကြီး ဖြစ်တဲ့အခါကျတော့ ကေက မတင်သေးဘူး။ ခဏ ဥထားတယ်ပေါ့နော်။ ဒါတွေပြီးမှပဲ အဲဒီ Music Video လေးတင်ဖို့ရှိတယ်။ တခြား အနုပညာလှုပ်ရှားမှုတွေလည်းလုပ်ဖို့ရှိတယ်။ လက်ခံထားတဲ့ပွဲတွေလည်း နောက်ဆုတ်သွားတဲ့အခါကျတော့ အဲဒါတွေလည်း ပြန်လုပ်ဖို့ရှိတယ်။ ကေအခွေထဲက သီချင်းလေးတွေ တစ်ပုဒ်ပြီး တစ်ပုဒ် Music Video လေးတွေ ရိုက်သွားဖို့ရှိပါတယ်။ 

Voice  : Lockdown ချခံထားရတဲ့အချိန်မှာရော ဘယ်လိုလေးခံစားချက်ဖြစ်မိလဲ။ 
KKM   : ကေတို့ကတော့ ပို့ပြီးတော့ Safe ဖြစ်အောင် အိမ်ထဲမှာပဲနေပါတယ်။ ကိုယ်လိုအပ်တာရှိလို့ရှိရင် အပြင်ကလူကို ဝယ်ခိုင်းလိုက်တယ်။ အိမ်မှာလူကြီးတွေရှိတော့ ပိုပြီးတော့ Safe ဖြစ်အောင်နေရတယ်။ ကေတို့ ၂၁ ရက်နေတယ်ဆိုတာက ပိုပြီးတော့ Safe ဖြစ်သွားတယ်လို့ ခံစားရတယ်။ ၂၁ ရက် Lockdown မချရင်တောင် အပြင်ကိုထွက်မိနေဦးမယ်။ ကေတို့ အစ်မဆိုရင်လည်း အလုပ်မှာပေါ့နော်။ သူ့ကိုလည်း အိမ်ထဲကိုအဝင်မခံဘူး။ အိမ်ထဲမှာနေတာ ပိုပြီးကောင်းတယ်လို့ ပြောရမလားပေါ့နော်။ ပိုပြီးတော့ Safe ဖြစ်တာပေါ့နော်။ 

ခင်ညိုညိုသိမ့်