News

POST TYPE

RELAX

ခရေပန်းကောက်ချိန်လေးတွေ
17-May-2020


'နှင်းတွေဝေလျှင်၊ မိုးတွေညို့လျှင်၊ မြူတွေဆိုင်းလျှင်၊ တောင်တွေမှိုင်းလျှင်၊ အကြောင်းအရာ တစ်ခုမဟုတ်တစ်ခုဖြင့် ပြန်လည်ဖမ်းဆုပ်၍ မရနိုင်တော့ပြီဖြစ်သော ငယ်ဘဝလေးများဆီ စွေ့ခနဲ့စိတ်ရောက်ကာ တသိမ့်သိမ့်လွမ်းဆွတ်ကြပါလိမ့်မည်'ဆိုတဲ့ ဆရာ မောင်ရင့်မာ (ကျောင်းကုန်း)ရဲ့ 'မောင်ငယ်ငယ်က ခရေဦး' အက်ဆေးလေးကို နှစ်သက်သဘောကျမိပြီး အဲဒီအက်ဆေးကို မကြာခဏဖတ်ဖြစ်တယ်။ ဖတ်ဖြစ်တိုင်းလည်း လွမ်းစရာငယ်ဘဝလေးတွေကို အောက်မေ့သတိရနေမိပြန်သေးတယ်။ အကြောင်းအရာကတော့ မတူ။ ဒါပေမဲ့ ခရေပန်းအကြောင်းလေးတွေဆိုတော့ ရင်ထဲမှာ ပိုပြီးထိရှ စူးနစ်ရပြန်တယ်လေ။ ခုလည်း ခရေ ရနံ့သင်းသင်းလေးတွေက ရင်ထဲတိုးရှလို့ပေါ့။ သင်္ကြန်ရက်တွေကတည်းက ဒီခရေပင်ကြီးရဲ့ အမူအရာတွေကို ကျွန်တော် ငေးမောစောင့်ကြည့်နေခဲ့မိတယ်။ မြရောင်စိုနုနုသစ်ရွက်တွေကြားက ပွင့်အာလုလု ခရေပန်းလေးတွေကို ကျွန်တော် မကြာခဏဆိုသလို မလစ်တမ်းစောင့်ကြည့် နေခဲ့တာပေါ့။ တစ်ခါတစ်ခါ ကြွေလုလုပန်းလေးတွေကိုငေးရင်း လေထဲကနေ လွင့်ပျံလာ၊ လိမ့်ကျလာမယ့် ခရေပန်းလေးတွေကို ဟိုအရင်ငယ်ငယ်တုန်းကလို လုယက်ဖမ်းဆုပ်ချင်နေမိသေးတယ်။ 

ခု ၊ နှစ် ၊ သက္ကရာဇ်တွေ အိုမင်းရင့်ရော်လာခဲ့ပေမယ့် သစ္စာမပျက် ဖူးပွင့်ပေးခဲ့တဲ့ ခရေပင်ကြီးကနေတော့ နေရာမပျက်၊ ဝေပေး ကြွေပေးလာခဲ့တာ ရက်တွေ၊ လတွေ၊ နှစ်တွေ ဘယ်လောက်များ ကြာခဲ့ပြီလဲလို့ ကျွန်တော် တွက်စစ်ကြည့်မိပြန်သေးတယ်။ ပြောင်းလဲသွားတဲ့လူတွေရဲ့ အိုမင်းရင့်ရော်မှုတွေကိုကြည့်ပြီး ခရေပင်ကြီးကတော့ မချိပြုံးပြုံးနေမလားပေါ့။ တစ်ချိန်က အရေးတယူ အလေးမူပြီး ခရေပန်းလေးတွေကို ကောက်ခဲ့ ပန်ခဲ့တဲ့ ခရေပန်းချစ်သူတွေလည်း ဒီခရေပင်ကြီးကို မေ့နေကြလောက်ပါပြီလားလို့ ကျွန်တော် တွေးကြည့်နေမိသေးတယ်။ တစ်ချိန်က ခရေပန်းလေးတွေကို ခေါင်းမှာရစ်ဝိုက်ပြီးပန်ခဲ့တဲ့ ခရေပန်းချစ်သူလေး တစ်ယောက်လည်း ခရေပင်ကြီးအောက်က ပျော်ရွှင်စရာအမှတ်တရတွေကို ချောင်ထိုးထားလိုက်ပြီလားပေါ့။ 

သြော်... တစ်ခါတလေ တွေးမိပါတယ်။ အချိန် စက်ဝန်းကြီးရဲ့လည်ပတ်မှုတွေက မြန်ဆန်လွန်းတဲ့အကြောင်းကို တစ်ယောက်တည်း မေးခွန်းထုတ်ကြည့် မိနေပြန်သေးတယ်။ အခုလည်း ကျွန်တော် ခရေပင်ကြီးအောက် ခရေပန်းလေးတွေကိုငေးရင်း၊ ခရေပန်း လေးတွေကိုကောက်ရင်း၊ ခရေပန်းလေးတွေကို နမ်းရှိုက်ရင်း ပြန်လည်လက်တွဲ နှုတ်ဆက်ခွင့်မရှိတဲ့ အမှတ်တရလေးတွေကို လွမ်းဆွတ်တမ်းတနေမိပြန်တယ်။ အဲဒီလို တမ်းတမိတိုင်း ငယ်ငယ်တုန်းက အတူတူ ခရေပန်းကောက်ခဲ့ရတဲ့ အချိန်လေးတွေကို ပြန်လည် အမှတ်ရနေမိလို့ပေါ့။

ဟုတ်တယ်။ ကျွန်တော်လေ ငယ်ငယ်တုန်းက ခရေပန်းကောက်ချိန်လေးတွေကို ငတ်မွတ်တမ်းနေမိတုန်းပဲ။ တစ်ခါတလေ ခရေပန်းလေးတွေကို တမာအကိုင်းခက်ရဲ့ ရိုးတံမှာသီကုံးပြီး ဘုရားမှာကပ်လှူဖူးခဲ့တာလေးတွေကို ပြန်လည်အမှတ်ရနေမိသေးတယ်။ မနက်အစောကြီးထပြီး သူငယ်ချင်းတွေနဲ့ ခရေပန်းကောက်ခဲ့ရတာလေးတွေကလည်း ပြန်လည်လွမ်းဆွတ်စရာပဲပေါ့။ ခရေပင်ပေါ်တက်ပြီး လေဟုန်စီး သီချင်းဆိုခဲ့ကြသလို မိုးရေတွေထဲ မျောပါသွားတဲ့ ခရေပန်းလေးတွေကိုလည်း လိုချင်ချစ်မက်စွာနဲ့ အတူကောက်ခဲ့ကြဖူးတယ်။ နောက်ပြီး အန္တရာယ်ဖြစ်မှာစိုးပြီး ခရေအကိုင်းတွေကို ခါးရဲ့အထက်နားလောက်ကနေ ဖြတ်ဖြစ်လိုက် တယ်။ ဒါပေမဲ့ ခရေပင်ကြီးကတော့ အပြုံးမပျက်နှစ်တိုင်းလိုလို ဖူးမြဲ ပွင့်မြဲ ဝေမြဲ ကြွေမြဲပါပဲ။

ဟိုတစ်လောကတော့ ကလေးနှစ်ယောက် ခရေပန်းတွေလာကောက်ကြတာ တွေ့လိုက်ရသေးတယ်။ ကောက်တယ်ဆိုပေမယ့် တစ်ခါတစ်ခါ ပလတ်စတစ် ထိုင်ခုံလေးပေါ်တက်ပြီး ခူးနေလို့ "မခူးကြနဲ့ နောက်ရက်ဆို ခရေပွင့်တွေ အများကြီးကြွေမှာ" လို့ ပြောလိုက်ရသေးတယ်။

မိုးလေးတဖွဲဖွဲ တစိမ့်စိမ့်ကျတဲ့ရက်တွေမှာဆိုရင် ခရေပန်းလေးတွေက ဖွေးဖွေးကော့ကော့နဲ့ လန်းဆန်းနေလို့ပေါ့။ အဲဒီလိုမျိုးဆိုရင် ခရေပန်းချစ် နှစ်သက်သူတွေက မကောက်ဘဲမနေနိုင်အောင်ပါပဲ။ ပြီးတော့ မိုးမရွာတဲ့နေ့ရက်တွေမြွှောကတဲ့ ခရေပန်းလေးတွေက အနည်းငယ် သေးသယောင်ထင်ရတယ်။ တကယ်တော့ အတူတူပါပဲ။ တချို့တလေကတော့ ခရေပန်းလေး တစ်ပွင့်ကောက်ပြီးတိုင်း ခရေကုံးလေးတစ်ကုံးကုံးပြီး တိုင်း စံပယ်ပွင့်လို အနံ့မအီယဉ်ယဉ်သင်းသင်းလေး မွှေးတတ်တဲ့ အညတြခရေပန်းလေးကို တရှိုက်မက် မက် နမ်းတတ်ကြပြန်သေးတယ်။

လူတချို့ကတော့ ခရေပန်းလေးတွေကို မြေခပန်းလေးလို့ ခိုင်းနှိုင်းသုံးနှုန်းတတ်ကြပြီး  မြေခပန်းလေးမို့လည်း မနှစ်သက်တဲ့သူတွေလည်းရှိပြန်ပါသေးတယ်။ ကျွန်တော် ခရေပန်းကဗျာလေးတစ်ပုဒ်ကို ဟိုးလွန်ခဲ့တဲ့ ဆယ်စုတစ်ခုခန့်က ရေးခဲ့ဖူးတာလေးကို ခုချိန်အထိ အလွတ်ရနေသေးတယ်။ အဲဒီကဗျာလေးက - 

'ငါတို့ကျေးရွာ 
ကျောင်းတော်သာက 
ခရေပန်းဝေ
ပန်းကြွေချိန်လေး
ငါပြန်တွေး၍
ဆွေးမိတယ်'

ဒီကဗျာလေးက ကျွန်တော့်ရင်ထဲက ခံစားချက်အမှန်တွေကို ပွင့်အံပြတဲ့ကဗျာလေးဆိုရင်လည်း မမှားပါဘူး။ ဟုတ်ပါတယ်။ ရွာဦးကျောင်းရဲ့ မျက်နှာစာမှာရှိတဲ့ ခရေပင်ကြီးရဲ့အောက်က ခရေပန်းကောက်ခဲ့ရတဲ့ ပုံရိပ်လေးတွေက တကယ်ကိုလွမ်းစရာပါ။ အဲဒီတုန်းက မူလတန်းကစပြီး အလယ်တန်းအထိ ရွာဦးကျောင်းကိုသွားပြီး ညနေတိုင်း ဘုရားဝတ်တက်သွားကြရတယ်။ ဘုရားဝတ်မတက်ခင် ဆော့ကစားသူတွေက ကစား၊ ခရေပန်းလုကောက်တဲ့သူတွေကကောက်နဲ့ ပျော်စရာကောင်းလှပါတယ်။ ဘုရားဝတ်တက်ပြီးရင်တော့ မြဝတီကလာတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို အဖြူမည်း TV လေးနဲ့ ကြည့်ခဲ့ရတာလေးတွေကို ခုချိန်အထိ သတိရနေတုန်းပါပဲ။ ခုတော့ အဲလိုပျော်စရာအငွေ့အသက် တွေအားလုံး တိမ်ကောပျောက်ကွယ်သွားရတာ ဝမ်းနည်းစရာ သိပ်ကောင်းလှပါတယ်။

ဟိုးတစ်ချိန်တုန်းကတော့ TV ဆိုတာလည်း ကျွန်တော်တို့ရွာကျောင်းမှာ တစ်လုံးတည်းသာရှိတာ။ ခုခေတ်လို VCD တွေ၊ DVD တွေ၊ ဟန်းဖုန်းတွေဆိုတာ ဝေးမှဝေးပေါ့။ ခုချိန်အခါမှာတော့ ကလေးတွေ ရွာအဝင်ပေါက်မှာစုပြီး ဖုန်းကိုယ်စီနဲ့ ဂိမ်းဆော့တမ်း ကစားနေကြကုန်ပြီ။ ဒါကြောင့်လည်း ပြောင်းလဲသွားတဲ့ လူစီးကြောင်းတွေနောက်ကွယ်က ကြည်မြူးလှိုက်မောစရာ ဓလေ့ထုံးစံတွေ ကွယ်ပျောက်သွားခဲ့တာလေးတွေကို ကျွန်တော် ပြန်လည်တွေးကြည့်နေမိခြင်းလည်း ဖြစ်ပါလိမ့်မယ်။

'လူဟာ သူချစ်မြတ်နိုးတဲ့အရာကို အပြစ်ကင်းစွာ ချစ်မြတ်နိုးဖို့ရာအတွက် ဘယ်သူ့ဆီက ခွင့်ပြုချက်တောင်ခံရဦးမလဲ' လို့ ဆရာမောင်ရင့်မာ (ကျောင်းကုန်း) ရဲ့ 'လွတ်လပ်စွာ လွမ်းဆွတ်ခွင့်' အက်ဆေးစာအုပ် နောက်ကျောဖုံးက စာသားလေးကို ပြေးသတိရမိတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့လည်း ခုလိုငယ်ဘဝ လွမ်းစရာတွေကို လွတ်လပ်စွာလွမ်းဆွတ်ချင်ကြမှာ အသေအချာပါပဲ။ မှတ်မှတ်ရရ ကျွန်တော်ခရေပင်ရဲ့ ခန္ဓာကိုယ်ပေါ်ကို ဓားနဲ့ စာလုံးလေးတွေထွင်းခဲ့ဖူးတယ်။ အဲဒီစာလုံးတွေ ရှိနေဦးမလားလို့ မနေ့ကကျွန်တော် ရှာကြည့်မိသေးတယ်။ ဒါပေမဲ့ အဲဒီစာလုံးလေးတွေရဲ့သဲလွန်စကိုတောင် ကျွန်တော်ရှာမတွေ့တော့ဘူး။ ဟိုအရင်တုန်းကတော့ သရက်တောကြီးထဲမှာ သရက်ပင်ကြီးတွေ ကလည်းပေါ လူသူအသွားအလာကလည်းများဆိုတော့ တချို့တလေက ဓားနဲ့လက်စွမ်းပြပြီး သရက်ပင်ကြီးတွေရဲ့ ပင်စည်တွေပေါ်ကို စာလုံးတွေထွင်းတဲ့ အလေ့အကျင့်လေးတွေ ရှိခဲ့ဖူးတယ်။

ရေးထွင်းရတဲ့ရည်ရွယ်ချက်ကတော့ သူတို့ရင်ထဲကဆန္ဒကို အခြားသူတွေ သိစေချင်တဲ့သဘော ဒါမှမဟုတ် တစ်ယောက်ယောက်သိရအောင် အခုခေတ်လို Facebook ပေါ်မှာ စတေးတပ်စ်တင်သလိုပေါ့။ သစ်ပင်ပေါ်ကို ရေးတင်ထားတဲ့ စတေးတပ်စ်လေးက 'ခိုင်' ဆိုတဲ့ စာလုံးလေးတစ်လုံး၊ တချို့သရက်ပင်တွေမှာတော့ 'ချစ်တယ်' ဆိုတဲ့စာလုံးလေးကို လေးထောင့် ကျကျ စာလုံးဖောင့်နဲ့ရေးထွင်းထားတာကိုလည်း တွေ့ရသေးတယ်။

အဲဒါဆိုရင် ရေးထွင်းထားသူက ဘယ်သူဆိုတာထက် သူရေးထွင်းခဲ့တဲ့ အကြောင်းအရာကိုပဲ ကျွန်တော်သိချင်တယ်။ သူချစ်တဲ့သူအတွက် ရည်ရွယ်ပြီး မြင်သာအောင်များ သစ်ပင်ထက်ကို စာရေးသားခဲ့တာလားလို့ပေါ့။ ဒါမှမဟုတ် သူ့ ရင်ခုန်မှုရဲ့အစပျိုးချိန်မို့ ဒီသစ်ပင်ပေါ်ကို ဖွင့်အန်ချလိုက်တာလားလို့ပေါ့။ ဟိုအရင်တုန်းက ကျွန်တော်တို့ခြံတဲနားက ဥသျှစ်ပင်က ဥသျှစ်သီး တွေပေါ်ကိုကျွန်တော့်အစ်ကိုက တံစဉ်နဲ့လက်စွမ်းပြပြီး စာလုံးရေးထွင်းထားတာ ပြန်သတိရမိတယ်။ စာသားတွေကိုတော့ ကျွန်တော်မမှတ်မိတော့ဘူး။ ကျွန်တော်လည်း ရွာဦးထိပ်က စိန်ပန်းပင်ကြီးနှစ်ပင်ရဲ့ ရင်ဘတ်ပေါ်ကို စာလုံးတွေ ရေးထွင်းခဲ့ဖူးတယ်။ တစ်ခါတလေ ကိုမြတ်နိုးတဲ့သူရဲ့ နာမည်လေးရေးထွင်းဖို့ စိတ်ကူးရှိခဲ့ပေမယ့် ကျွန်တော်မရေးဖြစ်လိုက်ပါ။ နာမည်လေးအစား နှစ်ထပ်အသည်းပုံလေး၊ ဒါမှမဟုတ် သူနှစ်သက်မြတ်နိုးတတ်တဲ့ ပန်းကလေးတစ်ပွင့်ရဲ့ အမည်နာမပေါ့။ ခုချိန်မှာတော့ ကျွန်တော်ရေးထွင်းခဲ့ဖူးတဲ့ စိန်ပန်းပင်ကြီး နှစ်ပင်လည်း ခုတ်လှဲခံရတဲ့စာရင်းထဲပါသွားခဲ့ပေါ့။ ကျွန်တော်ကတော့ ခရေပင်ပေါ်မှာ ရေးထွင်းထားတဲ့ သက္ကရာဇ်ဂဏန်းလေးကို ပြန်လည်ရှာဖွေကြည့်ခဲ့မိတယ်။ အဲဒီနံပါတ်လေးသာ ပင်ကိုအတိုင်းရှိနေသေးရင် ဘယ်လောက်ကောင်းလိုက်မလဲ။ 

ခုတော့ အဲဒီစာလုံးလေးက နှစ်ပေါင်း နှစ်ဆယ်လောက်ရှိခဲ့ပါပြီ။ကဲ ဘယ်လောက်များ နှစ်တွေအိုဟောင်းသွားခဲ့ပြီလဲ။ အဲဒီရေးထိုးထားတဲ့ စာလုံးတွေရဲ့နောက်ကွယ်မှာ ကျွန်တော်တို့ငယ်ငယ်က 'ခရေပန်းကောက်ချိန်လေးတွေ' ကတော့ ပါဝင်နေမှာ အသေအချာပါပဲ။

အလင်းသစ်(ရွှေဆည်မြေ)