News

POST TYPE

RELAX

ကျော်ထက်ဇော်နဲ့တွေ့ဆုံခြင်း
15-May-2020
" အရင်တုန်းက အိမ်မှာမလုပ်ဖြစ်တဲ့အရာတွေ ပိုပြီးတော့ လုပ်ဖြစ်တယ်"



MRTV-4 ဇာတ်လမ်းတွဲမင်းသားတစ်လက်ဖြစ်တဲ့ ကျော်ထက်ဇော်နဲ့တွေ့ဆုံခိုက် Home Stay ကာလပြီးဆုံးတော့မယ့် ခံစားချက်၊ အလုပ်တွေအများကြီးဆက်လုပ်ဖို့ရှိနေတဲ့အကြောင်းနဲ့ ရိုက်လက်စ ရုပ်ရှင်ကားကြီးအကြောင်းစတဲ့ အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice  : Home Stay ကာလကြီးလည်း မကြာခင်ပြီးတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ။ 
KHZ    : Covid ပြီးသွားတဲ့ အချိန်ကျရင် ကမ်းခြေကိုအရမ်းသွားချင်နေတယ်။ ကမ်းခြေမှာ စိတ်လွတ်ကိုယ်လွတ်ပေါ့ပါးစွာ နေလိုက်ချင်တယ်။ အဲစိတ်လေးတော့ အရမ်းဖြစ်နေတယ်။ ပြီးသွားရင် သွားမယ်လို့တော့ စိတ်ကူးထားတယ်ဗျ။ ပြီးတော့ ဒီအချိန်လေး ကတော့ ကိုယ့်အတွက် ရင်းနှီးမြှုပ်နှံလို့ ကောင်းတဲ့အချိန်ပေါ့။ အရင်တုန်းက အိမ်မှာမလုပ်ဖြစ်တဲ့အရာတွေ ပိုပြီးတော့ လုပ်ဖြစ်တယ်။ အိမ်သန့်ရှင်းရေးကို ပိုပြီးလုပ်ဖြစ်တယ်။ ရှုတင်မှာပဲ အနေများတဲ့သူဆိုတော့  အိမ်နဲ့ပတ်သက်ပြီး သိပ်ပြီးတော့မလုပ်ဖြစ်ဘူး။ အိမ်မှာ သန့်ရှင်းရေးတွေ လုပ်ဖြစ်တာပေါ့။ စာများများလည်း ပိုဖတ်ဖြစ်လာတယ်။ ရုပ်ရှင်တွေကြည့်ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ စီးရီးတွဲသာမက ယိုးဒယားတွေ၊ ကိုရီးယားကားတွေ ကိုယ်လေ့လာလို့ရမယ့်ကားတွေ ကြည့်ဖြစ်တယ်။ ဘာသာရေးလည်းလုပ်ဖြစ်တယ်။

Voice  : ပုံမှန်တွေ့ဆုံနေတဲ့ သူတွေနဲ့မတွေ့ဖြစ်တော့ ဘယ်လိုဘယ်လိုထပ်ပြီး ခံစားရလဲ။ 
KHZ    : ပုံမှန်တွေ့နေကျသူတွေလည်း မတွေ့ကြဘူး ဖြစ်သွားတယ်ပေါ့နော်။ အွန်လိုင်းပေါ်မှာတော့ အမြဲတမ်းသူငယ်ချင်းတွေ စကားပြောဖြစ်ကြတယ်။ အပြင်မှာ အချင်းချင်းတွေ့ဆုံမှုတွေကတော့နည်းပါတယ်။ ကျွန်တော်တို့ ဒီအပိုင်းအခြားလေးမှာ ဒီလိုမျိုးဆောင်ရန်ရှောင်ရန်တွေ နေပေးလိုက်ခြင်းအားဖြင့် စကားအကြီးကြီးနဲ့ ပြောရမယ်ဆိုရင် ကိုယ်ကကမ္ဘာကြီးကို ကယ်တင်လိုက်သလိုပဲ။ ကိုယ့်တစ်ယောက်ကြောင့် နောက်ကဆင့်ပွားဆင့်ပွားကူးစက်မှုတွေ မဖြစ်တော့ဘူး။ ဒါက ကောင်းမွန်တဲ့အချက်လို့ ပြောလို့ရတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အများကြီးတော့ ဖီလင်မရှိပါဘူး။ အခုချိန်မှာ နေလိုက်လို့ရှိရင် နောက်ထပ်ပိုပြီးတော့ ဒီရောဂါဆက်ပြီး မပြန့်ပွားတော့ဘူးဆိုရင် ကျွန်တော်တို့လူသားတွေအတွက် ခုနစ်ရက်သားသမီးအတွက် ကမ္ဘာကြီးအတွက် ကောင်းရာမွန်ရာအချက်တစ်ခုဖြစ်မယ်။ 

Voice  : လက်ခံထားတဲ့အလုပ်လေးတွေနဲ့ နောက်ဆုတ်ထားရတဲ့ အလုပ်လေးတွေရှိရင် ပြောပြပေးပါဦး။ 
KHZ    : ဒီဟာကြီးမဖြစ်ခင်က ကျွန်တော်မန္တလေးအိမ်မှာနေနေတယ်။ ကျွန်တော်ရန်ကုန်ကို ရုပ်ရှင်ကားကြီးပေါ့နော်။ ရိုက်ဖို့ဆိုပြီး ပြန်လာတယ်။ ကားနာမည်က ကွဲအက်သွားသောမှန်ချပ်များပါ။ ဒါရိုက်တာက ဦးမီးပွားရိုက်မှာ။ ကန်တော့ပွဲလည်းပေးပြီးသွားပြီ၊ ရိုက်ဖို့လည်း ပြင်ဆင်ပြီးသွားပြီ။ ဒီကိစ္စပေါ်လာတော့မှ ကျွန်တော်တို့အားလုံး နောက်ဆုတ်လိုက်ရတယ်။ ဒါကြီးပြီးရင်တော့ ပြန်ရိုက်ဖို့ လုပ်ကြတော့ မှာပေါ့နော်။

Voice  : ကွဲအက်သွားသောမှန်ချပ်များ ဇာတ်ကားမှာ အသစ်တစ်ယောက်အနေနဲ့ ဘယ်လောက်ထိ အနုပညာလုပ်ကွက် ရနိုင်မယ်ထင်လဲ။ 
KHZ    : ရှေ့မှာဆိုရင် ကျွန်တော်တို့ Meeting တွေထိုင်ပြီးသွားပြီ။ Pre Production တွေ လုပ်ပြီးသွားပြီပေါ့နော်။ ကျွန်တော့်အတွက်လည်း ပထမဆုံး ကိုယ်တကယ်လေးစားအားကျရတဲ့ ဦးပွားနဲ့လည်း တကယ်ကိုဆုံချင်တယ်။ ပညာရှင်တစ်ယောက်နဲ့ တွေ့ရမှာဆိုတော့ ပိုပြီးတော့လည်း ရင်ခုန်တယ်။ ကြိုတင်ပြင်ဆင်ထားတယ်။ သေချာလည်း ပြင်ဆင်နေတယ်။   

ခင်ညိုညိုသိမ့်