News

POST TYPE

RELAX

ငွေဇင်လှိုင်းနဲ့ တွေ့ဆုံခြင်း
12-May-2020
“Covid ပြီးတာနဲ့ ပထမဆုံး Plan ကတော့ မွေးရပ်မြေနယ် မှာသွားပြီး ရှိုးပွဲလုပ်ဖို့ပါပဲ ”



အဆိုတော်ငွေဇင်လှိုင်းနဲ့ တွေ့ဆုံခိုက် ဒဏ်ရာသီချင်းအကြောင်း၊ တမူးမှာ ရှိုးပြန်လုပ်မယ့်အကြောင်းနှင့် နှစ်သစ်မှာ စိတ်ညစ်မနေဘဲ Covid-19 ကပ်ရောဂါကို အတူတူကျော်ဖြတ်မယ်ဆိုတဲ့အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : အွန်လိုင်းမှာ ပေါက်နေတဲ့ ဒဏ်ရာသီချင်းနဲ့ ပတ်သက်ပြီး ခံစားချက်လေးပြောပြပေးပါဦး။ 
NZL : ဒဏ်ရာသီချင်းနဲ့ ပတ်သက်လို့ကတော့ ငွေဇင်က Stay Home ကာလမှာပေါ့ လူတွေက စိတ်ဒဏ်ရာတွေနဲ့ ခံစားနေရတယ်။ အဆွေး Mood ကတော့ သူတို့ဆီမှာ ရှိပြီးသားပေါ့နော်။ လူတွေက ဒီချိန်ဆိုရင် နွေရာသီဆိုရင် ဘာကိုလွမ်းလို့ လွမ်းမှန်း မသိဘူးလေ။ ဒါပေမဲ့ ဒီအချိန်က သင်္ကြန်ပွဲတော်လည်း မလုပ်ခဲ့ရဘူးလေ။ အိမ်ထဲမှာနေရတော့ ပိုပြီးတော့ ဆွေးသွားတယ်။ သီချင်းက မထင်မှတ်ပဲနဲ့ ခံစားချက် နဲ့တိုက်ဆိုင်ပြီး ပိုပြီးတော့ ပေါက်သွားတယ်ထင်ပါတယ်။ အခုလို Covid ကာလမှာ သီချင်းတစ်ပုဒ်ထွက်လာ တယ်ဆိုတာ အရမ်းကို ကံကောင်းတယ်ဆိုတော့ အရမ်းလည်း ဝမ်းသာပါတယ်။ 

Voice : ဒဏ်ရာသီချင်းကိုကော MTV ရိုက်ဖို့ရှိလား။ 
NZL : အခုကတော့ သီချင်းလေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ကြိုးစားပြီးတော့ အွန်လိုင်းမှာ တင်နိုင်ဖို့အတွက်တော့ လုပ်နေတယ်။ အခု လောလောဆယ် Music Vedio လေးနဲ့ နှစ်ပုဒ် တင်ထားတယ်ဆိုတော့ ဒီသီချင်းကို ကြိုက်တဲ့သူတွေကလည်း Music Vedio လေးထွက်စေချင်တယ်။ ဒဏ်ရာသီချင်းဆိုရင်လည်း MTV လေးဆို ပိုပြိး စိတ်ဝင်စားတယ်။ ကူညီမယ့်သူလည်း ရှိတယ်။ မကြာခင်မှာတော့ ထွက်နိုင်ဖို့အတွက်တော့ ကြိုးစားနေပါတယ်။ ဒီအချိန်က အပြင်လည်း ထွက်ဖို့ အဆင်မပြေဘူးဆိုတော့ ရှိတဲ့အင်အားနဲ့ ကူညီမယ့်သူကလည်းရှိနေတော့ အခြေအနေလေးတစ်ခုတော့ ဖန်တီးဖို့ လုပ်နေပါတယ်။ သီချင်းနှစ်ပုဒ်ကလည်း Music Vedio ထွက်ထားတာလည်း မကြာသေးဘူးဆိုတော့ နည်းနည်းလေးခြားပြီးရင်တော့ နောက်ထပ်လာမယ့် တစ်ပုဒ်ကတော့ ဒဏ်ရာဖြစ်ပါတယ်။ 

Voice : ကိုယ့်ရဲ့မွေးရပ်မြေနယ်မြို့လေးမှာလည်း ရှိုးပွဲလုပ်မယ်ဆိုတော့ စီစဉ်ထားတာလေးလည်း ပြောပြပေးပါဦး။ 
NZL : တမူးမှာတော့ ပြန်ပြီးတော့ ရှိုးပွဲလေးလုပ်ချင်နေတာကြာပါပြီ။ အခွေပရိုမိုးရှင်းပွဲ ပြီးကတည်းက လုပ်ပေးမယ်ဆိုပြီးတော့လေ။ ကျေးဇူးဆပ်ပွဲပြီးကတည်းက မရောက်သေးတာဆိုတော့ ငွေဇင်တို့ဘက်က အိန္ဒိယနယ်စပ်လည်းဖြစ်တယ်ဆိုတော့ ပွဲငတ်တယ်ပေါ့နော်။ တော်ရုံအနုပညာရှင်တွေကလည်း မလာဘူး။ တမူးမြို့သူနယ်သားတစ်ယောက်အနေနဲ့ ရော တမူးရဲ့အနုပညာရှင် တစ်ယောက်အနေနဲ့ကော ကိုယ်တိုင်သွားဖျော်ဖြေမှုတွေ လုပ်ချင်တယ်။ ဘာလို့လဲဆိုတော့ Covid ပြီးသွားရင်ပေါ့၊ လူတွေက တစ်ချိန်လုံးစိတ်ညစ်နေကြတယ်။ အိမ်တွင်းအောင်းပြီးနေခဲ့ရတာဆိုတော့ သူတို့အတွက် ပထမဦးဆုံးလည်း ဖြစ်တယ်။ အခွေပရိုမိုးရှင်းနဲ့အတူတူတွဲပြီး အကြီးကြီး အနုပညာမောင်နှမတွေနဲ့ လုပ်မှာပါ။ အစကတည်းက ရည်ရွယ်ချက်လည်းရှိတယ်။ ကျေးဇူးဆပ်ပွဲပြီးကတည်းက ဘာမှလည်း မလုပ်ပေးရသေးဘူး။ Covid ပြီးတာနဲ့ ပထမဆုံး Plan ကတော့ နယ်မှာသွားပြီး ရှိုးပွဲလုပ်ဖို့ပါပဲ။ 

Voice : မြန်မာနှစ်သစ်လည်း ကူးသွားပြီးဆိုတော့ စိတ်ညစ်နေတဲ့ပရိသတ်တွေကို လန်းဆန်းသွားအောင် ဆုတောင်းစကားလေးလည်း ပြောပေးပါဦး။ 
NZL : မကြာခင်မှာ ငွေဇင်တို့ အတူတူကျော်ဖြတ်နိုင်မှာပါ။ သတင်းကောင်းတွေလည်း ရှိပါတယ်။ ဒီရက်ပိုင်းမှာလည်း ကာကွယ်ဆေးကို ရာခိုင်နှုန်းတော်တော်များများ စမ်းသပ်ပြီးပြီလို့၊ ရလဒ်ကောင်းတွေလည်းရတယ်လို့ သတင်းတွေလည်း ထွက်နေပြီ။ အခြေအနေတွေ အများကြီးကောင်းလာပါပြီ။ လောလောဆယ်တော့ ဆေးလက်ထဲမှာ မရောက်သေးသရွေ့ အိမ်ထဲမှာ ခဏနေပြီးတော့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေကိုလိုက်နာပြီးတော့မှ ကောင်းတဲ့ရက်တွေရောက်လာတော့မှာပါ။ ဘာမှ စိတ်ဓာတ်မကျပါနဲ့ ကိုယ်တစ်ဦးတစ်ယောက်တည်း ဖြစ်နေတာမဟုတ်ပါဘူး။ ကမ္ဘာနဲ့ချီပြီးဖြစ်နေတာ ဆိုတော့ အတူတူလက်တွဲပြီးတော့ ကျော်ဖြတ်နိုင်လိမ့်မယ်ထင်ပါတယ်။ 

ခင်ညိုညိုသိမ့်