News

POST TYPE

RELAX

ဘုန်းလျှံနှင့်တွေ့ဆုံခြင်း
07-May-2020
"ကုသိုလ်ပြုတဲ့အချိန်မှာအမေ့ကိုလည်း ရှိနေစေချင်တယ်"



သရုပ်ဆောင်ဘုန်းလျှံနဲ့ တွေ့ဆုံခိုက် အကျဉ်းထောင်ကနေလွတ်လာပြီးနောက် ရဟန်းအဖြစ်ခံယူသွားတဲ့အကြောင်း၊ ရဟန်းဝတ်ဖြင့် ဓမ္မဒါနအဖြစ် အဖေဖြစ်သူကို ကျေးဇူးဆပ်ချင်တဲ့အကြောင်းနှင့်ဘွဲ့အမည် ဦးတေဇောသာရရဲ့ အဓိပ္ပာယ်အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice  : အလိုတော်ပြည့်ကျောင်းတိုက်မှာ ရဟန်းဝတ်ဖြစ်တဲ့အကြောင်းနဲ့ ဦးပဉ္စင်းဘွဲ့အမည်လေးသိပါရစေ။
BH     : ဦးပဉ္စင်းရဲ့ ဘွဲ့အမည်ကတော့ ဦးတေဇောသာရဖြစ်ပါတယ်။ ဒီဘွဲ့အမည်ရဲ့ အဓိပ္ပာယ်ကတော့ ဘုန်းဘုန်းကြီးကတော့ ပြောပါတယ်။ လူဘဝတုန်းက နာမည်က ဘုန်းလျှံဆိုတော့ ရဟန်းဘဝရောက်တော့လည်း တေဇောသာရဆိုတာ ဘုန်းကံတို့ရဲ့ အရှိန်ပေါ့၊ အဲလိုအဓိပ္ပာယ်ရတယ်လို့ မိန့်ပါတယ်။ အခုလို သာသနာ့ဘောင်ထဲဝင်လိုက်ရတဲ့ပီတိကတော့ ပြောမပြတတ်အောင်ပါပဲ။ ရဟန်းခံတဲ့အချိန်၊ သိမ်ဝင်တဲ့အချိန် ရဟန်းဖြစ်ပြီဆိုကတည်းက စိတ်ထဲမှာပီတိဖြစ်သွားတာပေါ့နော်။ ကျေနပ်သွားရော။ ဆံချတဲ့အချိန်မှာတော့ ဦးပဉ္စင်းအတွေးတွေ အများကြီးဝင်လာပါတယ်။ အမေ့ကို သတိရတာပေါ့နော်။ ဦးပဉ္စင်း ဒီအလိုတော်ပြည့် ကျောင်းမှာ ပထမဦးဆုံးရှင်ပြုခဲ့တာပါ။ အခုအကုသိုလ်တွေပြေပြီးတော့ ပြန်ထွက်လာတဲ့အချိန် ကုသိုလ်ပြုတဲ့အချိန်မှာ အမေ့ကိုလည်း ရှိနေစေချင်တယ်။ ဒါပေမဲ့ ကံကြမ္မာကမပေးတဲ့အတွက် မရှိတော့ပါဘူး။ ဒါကလည်း ကိုယ့်အပြစ်နဲ့ကိုယ်လို့ပဲ ပြောရမှာပါ။ အဲအတိတ်ကိုပဲတွေးပြီးတော့ ဆွေးနေမယ်၊ လွမ်းနေမယ်ဆိုတာထက် ပစ္စုပ္ပန်မှာ အကောင်းဆုံး ဘယ်လိုလုပ်မလဲဆိုတဲ့ အရာကိုပဲ စဉ်းစားပါမယ်။ 

Voice  : လက်ရှိမှာက အဖေဖြစ်သူနဲ့ပဲ နေထိုင်ရတာဆိုတော့ အဖေကရော ဘယ်လိုမျိုး ပြောဆိုဆုံးမသေးလဲ။ 
BH     : ဒကာကြီး (ဖေကြီး) ကတော့ ဘာပြောမလဲ။ ရဟန်းဝတ်တာကို ကျေနပ်တာပေါ့၊ ဝမ်းသာတာပေါ့။ ခုနစ်နှစ်လုံးလုံးခံခဲ့ရတဲ့ ဒုက္ခသောကကျေသွားတာပေါ့။ မိဘတွေပေါ်က သားသမီးတွေ သာသနာ့ဘောင်ဝင်တာ ယောကျာ်းလေးတွေပေါ့နော်။ ဒီကုသိုလ်က ဘာနဲ့မှနှိုင်းလို့ မရဘူး။ ဦးပဉ္စင်းလည်း ကျန်တဲ့အဖေ့ကိုလည်း ဓမ္မဒါနနဲ့ ကုသိုလ်ပြုချင်ပါတယ်။ ဦးပဉ္စင်းထောင်ထဲမှာလည်း တရားစခန်းတွေဝင်တယ်။ ထိုက်သင့်သလောက်တော့ အသိလေးတွေသိခဲ့တယ်။ အဲအသိလေးတွေကို အဖေ့ကို ဝေမျှချင်ပါတယ်။ သိစေချင်ပါတယ်။ ဓမ္မနဲ့ကျေးဇူးဆပ်ချင်တယ်။ အမေ့ကိုလည်း ကျေးဇူးဆပ်ခွင့်တော့မရခဲ့ဘူး။ ဓမ္မနဲ့ကျေးဇူးဆပ်ရတာ အမွန်မြတ်ဆုံးပါ။ အလှူတကာ့အလှူထဲမှာ ဓမ္မအလှူကအမြတ်ဆုံးပါ။  

Voice  : သာသနာ့ဘောင်မှာ ဘယ်နှရက်ဝင်ဖို့ အစီအစဉ်ရှိပါလဲ။ 
BH     : ဦးပဉ္စင်းက အခုကစိတ်ကူးထားတာက ၁၁ ရက်လောက်တော့ ဝတ်မယ်ပေါ့။ ၁၁ ရက်ဝတ်တဲ့အချိန်မှာလည်း ဦးပဉ္စင်းက သာသနာရဲ့ ရဟန်းရဲ့ ဝိနည်းအတိုင်းနေသွားမယ်။ သာသနာရဲ့အလုပ်ကိုလည်း လုပ်လို့ရမယ်ဆိုလို့ရှိရင်တော့ လုပ်သွားမှာပါ။ အကောင်းဆုံးဖြစ်အောင် ဦးပဉ္စင်းက နေထိုင်သွားမှာပါ။ ဘုန်းကြီးတစ်ခါဝတ်လို့ ပြီးစလွယ်မဝတ်ချင်ပါဘူး။ အဲဒီအကျိုးကို ကောင်းကျိုးရအောင်ဝတ်ချင်တယ်။ တရားတွေထိုင်မယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ နေထိုင်သွားမှာပါ။ 

Voice  : ဦးပဉ္စင်းရဲ့ ပရိသတ်တွေကိုလည်း အလှူကုသိုလ်အတွက် သာဓုခေါ်ဆိုနိုင်ဖို့ ပြောကြားပေးပါဦး။
BH     : ဦးပဉ္စင်းရဲ့ ပရိသတ်တကာ၊ တကာမတွေ ဦးပဉ္စင်းက သာ့သနာ့ဘောင်ဝင်ပြီးပြုလုပ်ရတဲ့ ကုသိုလ်ကောင်းမှုတွေကို အမျှပေးပါတယ်။ ဒီကုသိုလ်ကောင်းမှုကို သာဓုခေါ်နိုင်ပါစေ။ ဦးပဉ္စင်းက ကုသိုလ်ကောင်းမှုကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ လုပ်တဲ့အတွက် ဒကာ ဒကာမတွေလည်း အမျှအတမ်းကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အမျှပေးဝေပါတယ်။ သာဓုခေါ်ဆိုနိုင်ကြပါစေ။

ခင်ညိုညိုသိမ့်