News

POST TYPE

RELAX

ယဉ်လက်နဲ့ တွေ့ဆုံခြင်း
06-May-2020
“အခုချိန်မှာ ကိုယ့်ကိုချစ်နေတဲ့သူတွေ အနားမှာရှိနေတဲ့သူတွေ ဘယ်သူတွေကို ဂရုစိုက်ပေးရမလဲဆိုတဲ့ အရာကို တွေးဖြစ်တယ်”



သရုပ်ဆောင်ယဉ်လက်နဲ့ တွေ့ဆုံခိုက် ရပ်တန့်ထားရတဲ့အလုပ်တွေအကြောင်း၊ Covid ကပ်ရောဂါကြောင့် ရလိုက်တဲ့အတွေးများနဲ့ ခရီးတွေထွက်ချင်နေတဲ့အကြောင်း စတဲ့ အကြောင်း အရာတွေကို မေးမြန်းထားပါတယ်။ 

The Voice : လက်ရှိမှာ ရပ်ထားရတဲ့ အလုပ်လေးတွေအတွက် Covid ကာလပြီးလို့ ပြန်လုပ်ရ မယ်ဆိုရင် ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ 
YL : တကယ်တမ်းဆို ဒီလကအလုပ်တွေ အများကြီးတောက်လျှောက်လုပ်ရမယ့်လပေါ့ နော်။ အားတဲ့အချိန်တောင်မရှိဘဲ လုပ်ရမယ့် အချိန်ပေါ့။ ပွဲတွေလည်း အများကြီးဖျက်လိုက်ရတယ်။ ပျက်သွားတယ်။ ရိုက်ရမယ့်ကြော်ငြာလေးတွေလည်းရှိတယ်။ ပြီးတော့ အွန်လိုင်းစီးရီးရိုက်ဖို့လည်း ပြောထားတာရှိတယ်။ ခဏရွှေ့ထားရတဲ့အရာတွေရှိသလို ပွဲတွေကျတော့ ပျက်သွားတာမျိုးတွေရှိတယ်။ ပျက်သွားတာကိုတော့ မပြောတော့ဘူး။ ဒါကတော့ လူတိုင်းပဲဖြစ်နေ ကြုံနေရတာ နစ်နာမှုတွေကို မပြောတော့ဘူး။ ဒါပေမဲ့ ရွှေ့လိုက်တဲ့ဟာတွေကျတော့ ဒါကြီးပြီးသွားတာနဲ့ ပြန်စဖို့ရှိပါတယ်။ အကုန်လုံးကတော့ အချိန်ကာလတစ်ခုကိုပဲ စောင့်နေကြတယ်။ 

The Voice : အနုပညာနဲ့ပတ်သက်ပြီး ထပ်ပြီးလုပ်ချင်တာမျိုးတွေ၊ Plan ချထားတာမျိုးတွေ ရောရှိလား။ 
YL : အဲဒါမျိုးတွေရှိပါတယ်။ သမီးကလေ ပြောလိုက်ရင် စကားက အကြီးကြီးဖြစ်သွားမယ်။ မပြောဘူး။ တော်ကြာမဖြစ်လာရင် ဒုက္ခပဲဆိုတဲ့အတွေးတွေက ရှိတယ်။ စီစဉ်ထားတာမျိုးရှိပေမယ့် တကယ်ကိုယ်တိုင်အကောင်အထည်မဖော်နိုင်သေးဘဲ ရှိနေသေးရင်တော့ ဘယ်လိုအရာမျိုးလဲဆိုတာကို မပြောချင် သေးပါဘူး။ အဲကိုရောက်ဖို့က ကိုယ်သွားချင်တဲ့ လမ်းကြောင်းမရောက်ခင် သွားရမှာကရှိသေးတယ်။ Covid ကြီးပြီးသွားရင် အဲလမ်းကိုလျှောက်ရဦးမှာပါ။ ကြာဦးမှာပါ။ 

The Voice : Stay Home ကာလလည်း ပြီးတော့မယ်ဆိုတော့ ဘယ်ကို အရင်ဆုံးသွားချင်တာမျိုးရှိလဲ။ 
YL : သမီးက အခုချိန်မှာ ပိုတောင် နောင်တရနေတယ်။ သူများတွေကျ အရင်တုန်းက အပြင်ထွက်ပြီးတော့မှ အခုမှ အိမ်ထဲ နေလိုက်လိုက်ရတာလေ။ သမီးကျတော့ နဂိုကတည်းက အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေတယ်ဆိုတော့ သူများတွေထက်တော့ နှစ်ဆလောက်တေးထားတယ်။ ဒါကြီးပြီးရင် ခရီးတွေထွက်မယ်။ နယ်စုံလျှောက်သွားမယ်။ ပထမဦးဆုံးက Beach သွားမယ်။ အဲကနေ ခြေဦးတည့်ရာ ခရီးတွေ ထွက်မယ်။ 

The Voice : Covid ကပ်ရောဂါဆိုးကြီးကြောင့် ဘာတွေ တွေးမိတာမျိုးရှိလဲ။ 
YL : အရင်တုန်းကကျတော့ ငါသေသွားရင်ဆိုတဲ့ အတွေးမျိုးကတော့ ခဏခဏတွေးဖြစ်တယ်။ အသက်ရှင်နေတဲ့အချိန်မှာ အဓိပ္ပယ်ရှိအောင် ဘယ်လိုနေမလဲ။ ငါတို့က အလုပ်တွေချည်းပဲလုပ်နေလို့ ဘာရမှာလဲပေါ့နော်။ အခုလိုအချိန်ကျတော့ သေတဲ့အကြောင်း မတွေးမိဘဲနဲ့ တစ်ယောက်တည်းကြီးဖြစ်နေတဲ့ အချိန်မှာဆိုရင် အနားမှာ တကယ်တမ်းရှိနေတဲ့သူတွေကို ဘယ်လိုမျိုးချစ်ပေးရမလဲ။ ဘယ်လိုတန်ဖိုးထားရမလဲ။ အခုချိန်မှာ ကိုယ့်ကိုချစ်နေတဲ့သူတွေ၊ အနားမှာ ရှိနေတဲ့သူတွေ ဘယ်သူတွေကို ဂရုစိုက်ပေးရမလဲဆိုတဲ့ အရာကို တွေးဖြစ်တယ်။ ကိုယ့်ဘာသာ နေလိုက်မယ်။ ကိုယ့်မိသားစုနဲ့ ကိုယ်နေပြီးတော့ တခြားသူတွေကို လျစ်လျူရှုပြီးတော့ နေနေကြတယ်။ အခုလိုကျတော့မှ အနားမှာရှိနေတဲ့ သူငယ်ချင်းတွေ ကိုယ့်အပေါ် တကယ် ကောင်းတဲ့သူတွေ ကိုယ်ကချည်းပဲ ဂရုစိုက်ခံရတာမျိုးတွေမဟုတ်ဘဲ။ ကိုယ်ကလည်း ပြန်ပြီး ဂရုစိုက်ရမယ် ဆိုတာတွေ နားလည်လာတယ်။ အများကြီးတော့ တွေးဖြစ်တယ်။ 

ခင်ညိုညိုသိမ့်