News

POST TYPE

RELAX

ဗြိတိန်ပလတ်စတစ် ငွေစက္ကူ ထုတ်ရာမှာ တိရစ္ဆာန် အဆီတွေ ပါနေလို့ သက်သတ်လွတ်သမားတွေ ဝေဖန်ကန့်ကွက်
02-Dec-2016

ဝန်ကြီးချုပ် ဝင်စတန်ချာချီရဲ့ပုံကို ရိုက်နှိပ်ထားတဲ့ ဗြိတိန်ရဲ့ ပလတ်စတစ် ငွေစက္ကူ အသစ်တွေကို သက်သတ်လွတ် စားသူတွေက စိတ်ဆိုးမာန်ဆိုး ကန့်ကွက်နေကြပါတယ်။ အကြောင်းကတော့ တိရစ္ဆာန် အဆီတွေကို ပလတ်စတစ်သား ထုတ်လုပ်ရာမှာ သုံးထားတာကြောင့် ဖြစ်တယ်လို့ အဆိုပါ တိရစ္ဆာန် သတ်ဖြတ်မှု ကန့်ကွက်သူတွေက ဆိုကြပါတယ်။ ဒီကိစ္စကို ဆန့်ကျင်သူ ဒေါက်မော်ဆိုသူက အွန်လိုင်းကနေ ကန့်ကွက်ကြောင်း အများလက်မှတ်ကောက်ခံမှု ပြုလုပ်ခဲ့ရာမှာ ၂၄ နာရီ အတွင်းမှာပဲ ထောက်ခံသူ ၁၃,၀၀၀ ကျော် ရှိခဲ့ပါတယ်။ 

“ဗြိတိန်မှာရှိတဲ့ သက်သတ်လွတ်သမား သန်းပေါင်းများစွာအတွက် ဒီကိစ္စက လက်မခံနိုင်စရာ ဖြစ်တယ်” လို့ မစ္စတာမော်က ရေးသားဖော်ပြထားပါတယ်။

“ကျွန်တော်တို့ မဖြစ်မနေ သုံးရမယ့် ငွေစက္ကူ ထုတ်လုပ်ရာမှာ တိရစ္ဆာန် ထွက်ကုန်တွေကို မသုံးဖို့အတွက် ကျွန်တော်တို့ တောင်းဆိုပါတယ်” လို့ အဲဒီတောင်းဆိုချက်က ဖော်ပြထားပါတယ်။ 

အချို့သော ဘာသာရေး အဖွဲ့အစည်းတွေကလည်း ဒီကိစ္စကို ကန့်ကွက်သွားဖို့ ရှိပါတယ်။ ပလတ်စတစ် ငွေစက္ကူအသစ် ထုတ်လုပ်ရာမှာ တိရစ္ဆာန်အဆီက ထုတ်တဲ့ ပစ္စည်းတွေ ပါဝင်တယ်လို့ အင်္ဂလန်ဘဏ်က အတည်ပြုပေးထားပါတယ်။ အသစ်ထုတ်ထားတဲ့ ၅ ပေါင်တန် ငွေအသစ်ဟာ ပိုမိုသေးငယ်သွားပြီး ပိုပြီးခိုင်ခံ့ကာ အတုလုပ်ဖို့လည်း အရင်ငွေစက္ကူထက် ပိုပြီးခက်ခဲသွားပြီ ဖြစ်ပါတယ်။      
   
Ref: UPI