News

POST TYPE

RELAX

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ဗဟိုလုပ်ငန်းကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ကိုသန့်ညီညီဝင်းနှင့် တွေ့ဆုံခြင်း
29-Nov-2016
"ပညာရေးစနစ်သစ်ကို ဖော်ဆောင်တဲ့နေရာမှာ အမျိုးသားပညာရေးမူ ၁၁ ချက်ကို အခြေခံပြီး ဖော်ဆောင်သွားမှာပါ"

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ ဗဟိုလုပ်ငန်းကော်မတီသစ်ကို နိုဝင်ဘာလ ၂၈ ရက်က အလုပ်အမှုဆောင် ၂၁ ဦးဖြင့် ရွေးချယ်ခဲ့ပြီး ကော်မတီအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို အတွင်းရေးမှူးအဖွဲ့ဝင် ကိုသန့်ညီညီဝင်း (သန်လျင်သမဝါယမတက္ကသိုလ်) ကို The Voice က ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြပါသည်။

Voice : ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ အခုလက်ရှိ အဖွဲ့ဝင်အသစ် ကို ဘယ်တုန်းကဖွဲ့ခဲ့တာလဲ။ အသင်းအဖွဲ့ဝင် အင်အား ဘယ်လောက်နဲ့ ဖွဲ့စည်းခဲ့တာလဲ။
KTNNW : ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ကျောင်းသားထု ညီလာခံအကြို အစည်းအဝေးကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကြားတောရကျောင်းတိုက်မှာ နိုဝင်ဘာလ ၂၆ ရက်ကနေ ၂၈ ရက်အထိ သုံးရက်တိုင် ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကနေ ဗကသ ဗဟိုလုပ်ငန်း ကော်မတီသစ်ကို အလုပ်အမှုဆောင်၂၁ ဦးနဲ့ ပြန်လည်ဖွဲ့စည်းခဲ့တာပါ။ ၂၁ ဦးမှာ ရွေးကောက်ခံ ကိုယ်စားလှယ်က ၂၀ ဦး၊ တကသ ကိုယ်စားလှယ်တစ်ဦးနဲ့ ဖွဲ့စည်းလိုက်တာပါ။ အဖွဲ့မှာ ဥက္ကဋ္ဌ မရွေးချယ်ပါဘူး။ အသင်းအဖွဲ့အနေနဲ့ပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ။

Voice : ဗကသခွဲထွက်တဲ့ အဖွဲ့တွေက အခု လက်ရှိ ဖွဲ့စည်းထားတဲ့ ဗကသဗဟိုလုပ်ငန်း ကော်မတီအဖွဲ့မှာ အရည်အချင်းမပြည့်မီတဲ့ သူတွေပါတယ်လို့ ပြောတဲ့အပေါ်မှာ ဘာများပြောချင်လဲ။
KTNNW : နိုဝင်ဘာလ ၂၈ ရက်က ရွေးချယ်တင်မြှောက်တာက ကျောင်းသားတွေက မဲဆန္ဒတွေနဲ့ ရွေးချယ်လိုက်တာပါ။ အဲဒီအစည်းအဝေးမှာ တက်ရောက်တဲ့ သမဂ္ဂကိုယ်စားလှယ်တွေက အသိအမှတ်ပြု ရွေးချယ်လိုက်တာပါ။ သူတို့က နိုဝင်ဘာလ ၂၆ ရက်ကနေ ၂၈ ရက်အထိ သုံးရက်တိုင်လုပ်တဲ့ အစည်းအဝေးကို မတက်ရောက်နိုင်တော့ဘူးဆိုပြီး  ခွဲထွက်သွားတာပါ။

Voice : ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အနေနဲ့ ရှေ့ဆက်ဘာတွေ လုပ်ဆောင်ဖို့ အစီအစဉ်တွေရှိလဲ။
KTNNW : ကျွန်တော်တို့ သမဂ္ဂအနေနဲ့ ဗကသ အဖွဲ့ချုပ်ကွန်ရက် ဖြစ်မြောက်ရေး ကော်မတီကို ခြောက်လအတွင်းဖွဲ့ဖို့ ရှိတယ်။ ခရိုင်တွေမှာ ကျောင်းသားသမဂ္ဂ ပေါ်ပေါက်လာဖို့ရှိတယ်။ တခြားသမဂ္ဂတွေနဲ့ စုပေါင်းပြီး လက်တွဲသွားဖို့ရှိတယ်။ ပညာရေးအတွက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရှိပါတယ်။

Voice : လက်ရှိတက္ကသိုလ်တွေမှာ ကျောင်းအလိုက် ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းထားကြတယ်။ သူတို့တွေနဲ့ရော ပူးပေါင်းဆောင်ရွက်ဖို့ ရှိလား ခင်ဗျ။
KTNNW : တက္ကသိုလ်က သမဂ္ဂအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ သမဂ္ဂ မရှိသေးတဲ့ ကျောင်းတွေကို တိုးချဲ့ဖို့ ရှိပါတယ်။

Voice : အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့  အရင်ဗကသအဖွဲ့က တောင်းဆိုခဲ့ကြတယ်။ အစ်ကိုတို့ အဖွဲ့အနေနဲ့ရော အမျိုးသားပညာရေး ဥပဒေအတွက် ဘယ်လို တောင်းဆိုသွားဖို့ ရှိလဲခင်ဗျ။
KTNNW : အမျိုးသားပညာရေး ဥပဒေကို အရင်တောင်းဆိုခဲ့တာတွေအပြင် မြန်မာနိုင်ငံရေးမှာ ဒီမိုကရေစီ ပညာရေးစနစ်သစ်တစ်ခု ပေါ်ပေါက်ဖို့ အဖွဲ့အနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားဖို့ရှိပါတယ်။ ပညာရေးစနစ်သစ်ကို ဖော်ဆောင်တဲ့နေရာမှာ အမျိုးသား ပညာရေးမူ ၁၁ ချက်ကို အခြေခံပြီး ဖော်ဆောင်သွားမှာပါ။

Voice : နောက်ဆုံးအနေနဲ့ ဘာများပြောချင်ပါ လဲခင်ဗျ။
KTNNW : ကျွန်တော်တို့အနေနဲ့ ဗကသ မူငါးချက်ကို စွဲကိုင်ပြီးတော့ နိုင်ငံလုံးဆိုင်ရာ ညီလာခံဖြစ်မြောက်ရေးအတွက် ကြိုးပမ်းသွားမှာပါ။

သက်သျှိုင်းသူ


  • VIA