News

POST TYPE

RELAX

စုလှိုင်ဝင်းနဲ့တွေ့ဆုံခြင်း
05-Mar-2020
"ကိုယ်ကြိုးစားခဲ့တာတွေအတွက် ပေးသလောက်လေးနဲ့ ရိုက်ရတဲ့အနေအထားလည်း မလုပ်ချင်ဘူးလေ။အဲဒါကြောင့်မို့ တန်းတစ်ခု သတ်မှတ်ထားတာပါ"



သရုပ်ဆောင်စုလှိုင်နှင်းနဲ့တွေ့ဆုံခိုက် မြန်မာလူမှုအကျိုးပြု ပရဟိတ(စံပြ)ထူးချွန်ဆုပွဲမှာ ပါဝင်ဖြစ်ခဲ့တဲ့အကြောင်း၊ ဈေးနှိမ်လို့
ဇာတ်ကားတွေ မရိုက်ဖြစ်တော့တဲ့အကြောင်းနဲ့ ရွှေကြိုမှာကူညီပေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice   : မြန်မာလူမှုအကျိုးပြု ပရဟိတ(စံပြ)ထူးချွန်ဆုပေးပွဲမှာ ပါဝင်ဖြစ်ပုံလေး ပြောပြပေးပါဦး။ 
SHH    : ကျွန်မတို့က အရွယ်လေးတွေလည်းရလာကြပြီ။ အဲပေါ်မှာ ပရဟိတလုပ်ငန်းတွေလည်း လုပ်ချင်ကြတယ်။ အလုပ်လေးကလည်းပါးနေကြတယ်။ ပရဟိတလုပ်ငန်းကိုလည်း ထဲထဲဝင်ဝင် လုပ်ချင်တယ်။ အဲဒါနဲ့ဝင်ကူညီဖြစ်သွားတာပါ။ ပေးတဲ့ဆုကလည်း ပရဟိတတွေကို စံပြအနေနဲ့လုပ်ထားကြတာ ထူးချွန်တဲ့သူတွေပေါ့နော်။ အဲလိုလူမျိုးတွေကိုပေးတဲ့အတွက် အများကြီးလည်း ဂုဏ်ယူပါတယ်။ 

Voice   : ဒီနှစ်ရွှေကြိုမှာလည်းပါဝင်ပြီး လုပ်ပေးသေးတယ်နော်။ 
SHH    : အစည်းအရုံးကတော့ သိပ်မရောက်ဖြစ်ဘူး။ဒီနှစ်ကတော့ အစည်းအရုံးက လူကြီးကလှမ်းဖိတ်တယ်။ ရွှေကြိုမှာ ဒိုင်လုပ်ဖို့အတွက်ဖိတ်တယ်။ နှစ်ရက်တော့ လုပ်ပေးဖြစ်တယ်။ 

Voice   : ဇာတ်ကားတွေရော မရိုက်ဖြစ်တော့ဘူးလား။ လာငှားရင် ဈေးတွေနှိမ်လို့လား။
SHH    : အဲဒါလေးတော့ ထိန်းထားတယ်။ လောလောဆယ်ကလည်း ရုပ်ရှင်ကားကြီးနဲ့ ဇာတ်လမ်းတွဲပဲရှိတော့တယ်။ အနုပညာရှင်တော်တော်များများက ဗီဒီယိုရှိနေတဲ့အတွက် အလုပ်တွေလုပ်နေလို့ရတယ်။ စားဝတ်နေရေး အဆင်ပြေကြတယ်။ အခုက ဗီဒီယိုက မရှိတော့ဘူးလို့လည်း မပြောပါဘူး။ တချို့ကလည်း ရိုက်နေကြပါတယ်။ နည်းနည်းပါးသွားပြီပေါ့နော်။ ဒါမျိုးက အလှည့်ကျဖို့တော့ မလွယ်ဘူးပေါ့နော်။ အရင်စရိုက်တုန်းက ဇာတ်လမ်းတွဲက ထိုက်တန်တဲ့ဈေးကိုပေးကြတယ်။ နောက်ပိုင်းကျတော့ ဈေးတွေအရမ်းဆစ်လာတယ်။ ရိုက်ဖို့က ကိုယ့်အတွက်မကိုက်တော့ဘူးလေ။ အဝတ်အစားတွေဝယ်ရတယ်။ ခရီးတွေထွက်ရတယ်။ ဘာပဲပြောပြောအခုလို အခြေအနေမျိုးမှာ နေတတ်သလိုနေတယ်။ စီးပွားရေးအရ ပြောရမယ်ဆိုရင် နေတတ်ဖို့ပဲအရေးကြီးတယ်။ 

Voice   : ဈေးနှိမ်လို့ မရိုက်တာက အနုပညာမာနကြောင့်လား။ 
SHH    : ဟုတ်ပါတယ်။ ကျွန်မတို့ကလည်း နာမည်ရအောင် တော်တော်ကြိုးစားခဲ့ရတယ်။ နယ်ကားတွေ အများကြီးရိုက်ခဲ့ရတယ်။ ငွေရေးကြေးရေးနှိမ်လာတော့ လက်မခံချင်ဘူး။ အကယ်ဒမီကျတော့ အကယ်ဒမီဈေးတောင်းပါ ရပါတယ်။ ကျွန်မတို့ကျတော့ ကျွန်မတို့နဲ့ထိုက်တန်တဲ့ဈေးကိုတော့ လိုချင်တာပေါ့နော်။ အဲဒီလောက်ထိအောင်မပေးဘူး။ ဈေးနှိမ်လာပြီဆိုတော့ အနုပညာမာနတစ်ခုလည်းပါတယ်။ နောက်ပြီးတော့ ကိုယ်ကြိုးစားခဲ့တာတွေအတွက် ပေးသလောက်လေးနဲ့ ရိုက်ရတဲ့အနေအထားလည်းမလုပ်ချင်ဘူးလေ အဲဒါကြောင့်မို့ တန်းတစ်ခုသတ်မှတ်ထားတာပါ။ 

Voice   : ပရိသတ်တွေကိုရော ဘယ်လိုလေးလုပ်ပြချင်သေးလဲ။ 
SHH    : ပရိသတ်တွေကတော့ အခုချိန်ထိကြည့်ချင်နေကြတယ်ပေါ့နော်။ အားပေးကြပါတယ်။ ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်။ တချို့ကတော့ ငွေရေးကြေးရေးကို မကြည့်ဘဲနဲ့ ရိုက်ပါပေါ့နော်။ အနုပညာမပျောက်သွားအောင်လို့ အရွယ်ကလည်းကျန်သေးတယ်။ အလုပ်တွေ ပြန်လုပ်ပါပေါ့နော် ။ အနုပညာလည်း ဝါသနာပါလို့ အသက် ၂၀ ကတည်းက စဝင်လာခဲ့တာပါ။ ဈေးနှိမ်လို့သာ မရိုက်ချင်တာပါ။ 

ခင်ညိုညိုသိမ့်