News

POST TYPE

RELAX

အေးမြတ်သူနဲ့တွေ့ဆုံခြင်း
04-Mar-2020
"သင်္ကြန်တိုင်းကတော့ အမှတ်တရဖြစ်စေချင်တယ်"



သရုပ်ဆောင်အေးမြတ်သူနဲ့တွေ့ဆုံခိုက် ပိတောက်ကပွဲ ရုပ်ရှင်လက်ခံရိုက်ကူးဖြစ်တဲ့ အကြောင်း၊ သင်္ကြန်ဖီလင်နဲ့ ရွှေစက်တော်ဘုရားဖူး အကြောင်းစတဲ့ အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice  : ပိတောက်ကတဲ့ဂီတမှာ ပါဝင်ဖြစ်ခဲ့တဲ့အကြောင်းလေး ပြောပေးပါဦး။
AMT    : အဲကားက အေးမြတ်သူဆီ မရောက်ခင်ကတည်းက ဆိုရှယ်မီဒီယာမှာရော ပေ့ချ်စတင်တည်ထောင်ကတည်းက အားလုံးက သဘောကျတယ်၊ စိတ်ဝင်စားတယ်။ ကိုစိုင်းကလည်း သင်္ကြန်တွေမှာလိုက်ရိုက်ထားတာကို ကြားနေသိနေရလို့ အရမ်းသဘောကျတာပဲပေါ့နော်။ မိုက်တယ်။ ဒီကားကြီးကပေါ့နော်။ အဲချိန်မှာ အေးမြတ်သူကို လာကမ်းလှမ်းတဲ့အခါကျတော့ အရမ်းကို ဝမ်းသာသွားတယ်။ ဦးပွားကလည်း ကိုယ့်အတွက် ဒီနေရာရှိတယ်လို့ လာပြောတယ်။ အဓိကတော့ ဦးပွားပေါ့နော်။ ကိုယ့်ရဲ့ ဆရာရင်းလည်းဖြစ်တယ်။ လုပ်ခွင့်ရမယ့်နေရာမျိုးကိုပေးတယ်။ ကိုစိုင်းရဲ့ ကားလည်းဖြစ်တော့ အပျော်ပေါ်အပျော်ဆင့်တာပေါ့။ 

Voice  : သင်္ကြန်ကားကိုရော ဘယ်နှကားလောက်ရိုက်ဖူးလဲ။ 
AMT    : ဒီကားကတော့ သင်္ကြန်ကားပေါ့နော်။ သူပါဝင်တဲ့ အပိုင်းကတော့ သင်္ကြန်သိပ်မပါဘူးရှင့်။ အချစ်ဇာတ်လမ်းမှာပဲ တစ်ထောင့် တစ်နေရာကပါတယ်။ အေးမြတ်သူလည်း မရိုက်ဘူးရှင့်။ သင်္ကြန်ကား ကောင်းကောင်းကို သင်္ကြန်မိုးပြီးကတည်းက မကြည့်ရသေးဘူး။ ပရိသတ်တွေကလည်းကြည့်ဖို့ ဆာလောင်နေကြတာဆိုတော့ ပရိသတ်တွေရဲ့ဆာလောင်မှု မျှော်လင့်ချက်လေးတွေက ဒီကားက အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မယ်ထင်တယ်။ 

Voice  : ခေတ်သစ် ဂီတနောက်ခံကားလို့ ပြောလို့ရလား။ 
AMT    : ဒီကားကတော့ Musical ကားလို့ ပြောရမှာပေါ့နော်။ မြန်မာသင်္ကြန်သီချင်းတွေရော၊ ကိုစိုင်းရဲ့တကယ့် Electro Music တွေလည်း အများကြီးဆိုတော့ အရမ်းကိုမိုက်တဲ့ ကားတစ်ကားပါ။ ကိုစိုင်းသီချင်းတွေကိုလည်း တဝကြီးကြည့်ရမယ်။ ကိုစိုင်းရဲ့ အချစ်ဇာတ်လမ်းကို တွေ့ရမှာပေါ့ရှင်။ 

Voice  : သင်္ကြန်နားနီးလာပြီဆိုတော့ ဖီလင်ကဘယ်လိုရှိနေလဲ။ 
AMT    : လမ်းပေါ်မှာ ရေပက်တာကတော့ အေးမြတ်သူ ဖီလင်ပဲ။ သင်္ကြန်တိုင်းကတော့ အမှတ်တရဖြစ်စေချင်တယ်။ ၂၀၁၅ လောက်ကစပြီးတော့ အေးမြတ်သူအတွက် ပိုပြီးတော့ ဖီလင်ဖြစ်စေတယ်။ အသစ်အဆန်း ဖြစ်စေတယ်ပေါ့။

Voice  : ရွှေစက်တော်ကပုံလေးတွေက မထင်မှတ်ထားတဲ့ ပုံလေးတွေနော်။ 
AMT    : အဲဒါကလေ အေးမြတ်သူကလည်း သွားချင်တာလေနော်။ အားတဲ့ရက်ကလေးလည်းဖြစ်နေတယ်။ ပွဲတော်အချိန်အခါလည်း ကျနေတယ်။ အေးမြတ်သူကံကောင်းတာက လူတွေအများကြီးလည်း မရှိဘူးဆိုတော့လေ။ အချိန်ကောင်း အခါကောင်းလည်းဖြစ်တယ်။ လူအရမ်းရှုပ်ရင်လည်း အဆင်မပြေဘူးလေ။ ပျော်စရာလည်းကောင်းတယ်။ နှစ်ပေါင်းသုံးဆယ်အကြာမှ ပြန်ရောက်တဲ့ ရွှေစက်တော်ဘုရားဖူးပါ။ ရင်ရှားနဲ့ ရေချိုးဖြစ်တာကလည်း ဘယ်သူမှ မရှိဘူးလေ။ မြန်မာမိန်းကလေးတွေကတော့ ရေချိုးရင်တော့ ရင်ရှားပြီး ချိုးကြပါတယ်။ အရမ်းကြီး အပြစ်မြင်စရာမျိုးတော့ မယူဆပါဘူး။ 

ခင်ညိုညိုသိမ့်