News

POST TYPE

RELAX

စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံခြင်း
03-Mar-2020
"ပရိသတ်က ၁၀ဝ မှာ ၂၀ ပဲရတယ်ဆိုရင်လည်း ကျွန်တော် ကျေနပ်ရမှာပါ"



အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံခိုက် ပိတောက်ကတဲ့ ဂီတရုပ်ရှင်အကြောင်း၊ အဂ္ဂါစိုင်းနဲ့ အပြင်က စိုင်းစိုင်းကွာခြားမှုများနဲ့ စာမေးပွဲအောင်ဖို့ မျှော်လင့်နေရကြောင်းစတဲ့ အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice  : ပိတောက်ကတဲ့ဂီတကို ဘယ်လိုတွေမျှော်မှန်းထားလဲ။ 
SSKH  : ဒီရုပ်ရှင် စပြီးတော့ ပြလိုက်ပြီဆိုကတည်းက ကျွန်တော့်မှာ ပြင်ဆင်ခွင့်လည်းမရှိတော့ဘူး၊ စာမေးပွဲဖြေပြီးသလိုပဲ ကျွန်တော် စိတ်လက်ပေါ့ပါးနေပါတယ်။ ဒီရလာတဲ့ရလဒ်ပေါ်မှာလည်း အတိုင်းမသိ ကျေနပ်ပါတယ်။ ဒီနေ့ဒီချိန်မှာ ဒီကားထဲမှာပါဝင်တဲ့ဂီတတွေ စကားလုံးတွေက လုပ်နိုင်သလောက်မိုင်ကုန်ပါပဲခင်ဗျ။ အစွမ်းကုန်ပါပဲ။ ဒီအတွက်ပရိသတ်က ၁၀ဝ မှာ ၂၀ ပဲ ရတယ်ဆိုရင်လည်း ကျွန်တော် ကျေနပ်ရမှာပါ။ ကျွန်တော် အရည်အချင်းရှိသလောက် အစွမ်းကုန်ပါပဲခင်ဗျာ။ ပရိသတ်က ၅၀ ရတယ် အောင်မှတ်ပေးလည်း ကျွန်တော်ဝမ်းသာရမှာဖြစ်ပါတယ်။ ဒီထက်ပိုပြီး ခရက်တစ်ပေးတယ်ဆိုရင်လည်း ဒါကရမယ့် ဘောနပ်ပေါ့။ 

Voice  : ဒီထဲက အဂ္ဂါစိုင်းကအပြင်က စိုင်းစိုင်း အတိုင်းပဲလား။ 
SSKH  : မတူပါဘူးခင်ဗျာ။ ဒီဇာတ်လမ်းက ဆရာနေနော် ရေးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ် ။ ဒါပေမဲ့ ကာရိုက်တွေကတော့ ဂီတသမားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ချင်တာဖြစ်တဲ့အတွက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ကာရိုက်တာကို ယူထားတာ ဖြစ်ပါတယ်။ 

Voice  : သင်္ကြန်ကားစစ်စစ်လို့ ပြောလို့ရလား။ 
SSKH  : ဒီဇာတ်ကားမှာ သင်္ကြန် အငွေ့အသက်တွေ ပါဝင်ပေမယ့် သင်္ကြန်ကားစစ်စစ် မဟုတ်ပါဘူး။ သင်္ကြန်ကနေစပြီးတော့ တစ်နှစ်တာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို နောက်သင်္ကြန်မှာ ပြီးဆုံးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အဲဒီအတွက် ဒီဇာတ်ကား မြူးဇစ်ကယ်လ် အချစ်ဇာတ်လမ်း ခေါ်ဆိုတဲ့အတိုင်းပဲ ဂီတရုပ်ရှင် သီချင်းရုပ်ရှင်တစ်ခုလို့ပဲ ကျွန်တော်တို့ ခံယူထားပါတယ်။ 

Voice  : သင်္ကြန်မိုးရုပ်ရှင်လိုပဲ ဂီတနဲ့ပုံဖော်ထားတဲ့ အချစ်ဇာတ်ကားမျိုးလား။ 
SSKH  : သင်္ကြန်မိုးရုပ်ရှင်ဆိုတာ တကယ့် ဂန္ထဝင်ရုပ်ရှင်ကြီးပါ။ ကျွန်တော် နှစ်တိုင်းကြည့်ရတဲ့ ရုပ်ရှင်ဆိုတော့ ဘယ်လိုမှ မမီနိုင်ပါဘူး။ ခြေဖျားမီဖို့ မပြောနဲ့ မနှိုင်းယှဉ်အပ်ပါဘူး ခင်ဗျာ။ 

Voice  : ပိတောက်ကတဲ့ ဂီတကို ပရိသတ်တွေ ဘယ်လောက်ထိ အားပေးမယ်လို့မျှော်လင့်ထားလဲ။ 
SSKH  : ကျွန်တော် စာမေးပွဲဖြေသလိုပဲ ကျက်တော့ ကျက်ထားတယ်။ ဖြေလည်း ဖြေနိုင်တယ်လို့ထင်တယ်။ ဒါပေမဲ့ ခုနကပြောသလိုပဲ ၂၀ ဖိုး အားပေးမှာလား၊ ၅၀ ဖိုးထိ အားပေးမှာလားဆိုတာတော့ အောင်စာရင်းထွက်မှပဲ ကျွန်တော် သိမှာပေါ့နော်။ 

ခင်ညိုညိုသိမ့်