POST TYPE

RELAX

ပက်ထရစ်ရှာနဲ့ တွေ့ဆုံခြင်း
22-Nov-2016

သရုပ်ဆောင် ပက်ထရစ်ရှာနဲ့ တွေ့ဆုံပြီး ဒီဇင်ဘာလအတွင်း ရိုက်ကူးမယ့် Bad Boys 2 ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်အကြောင်း၊ မျက်နှာခွဲစိတ် ပြုပြင်ထားတယ်လို့ ဝေဖန်ခံရမှုအပေါ် သူ့ခံစားမှုနဲ့ ဖက်ရှင် ရုပ်ရှင်ဇာတ်ကားမှာ မပါဝင်ဖြစ်တော့တဲ့အကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ဒါရိုက်တာ ကိုဂျိုး ရိုက်မယ့် Bad Boys 2 ရုပ်ရှင်မှာ ပက်ထရစ်ရှာ ပါဝင်မယ်လို့ သိထားတယ်။ ဘယ်လို ပုံစံမျိုး သရုပ်ဆောင်ရမှာလဲ။
P : ဒီကားက ဒီဇင်ဘာလထဲမှာ ရိုက်မှာပေါ့။ ဇာတ်လမ်းလေးက ရယ်လည်း ရယ်ရတယ်။ ဟာသ ဇာတ်ဝင်ခန်းလေးတွေလည်း ပါတယ်။ ရှေ့မှာတော့ Bad Boys နာမည်နဲ့ ကိုဂျိုးက ဗီဒီယို တစ်ကား ရိုက်ခဲ့ဖူးတယ်။ အခု ရိုက်မယ့် ရုပ်ရှင်မှာတော့ ညီမရဲ့ ကာရိုက်တာက Dancer ပေါ့။ အကအခန်းတွေတော့ သိပ်အများကြီး မပါဘူး။ Dancer ဆိုတဲ့ ကာရိုက်တာ ပေါ်လွင်အောင်ပဲ ကတဲ့ အခန်း နှစ်ခန်း သုံးခန်းလောက်ပဲ ပါတယ်။ အကနဲ့ ပတ်သက်လို့ကတော့ Uranium မှာ အရင်တုန်းက ညီမအက သင်ဖူးတယ်။ 

Voice : အကတောင် သင်ဖူးတယ်ဆိုတော့ ကိုယ်တိုင်ရော ကရတာကို ဘယ်လောက်အထိ နှစ်သက်လဲ။ ကလပ်တွေ ဘာတွေမှာရော သွားကဖူးလား။
P : ကရတာ အရမ်း ကြိုက်တယ်။ ဒါပေမဲ့ ကရတာကို ကြိုက်ပေမယ့်လည်း ကြော်ငြာတွေ ဘာတွေမှာ ကရမယ်ဆို အရမ်း ရှက်တယ်။ အရင်တုန်းကတော့ ကလပ်တွေ ဘာတွေသွားရင် ကဖြစ်တယ်။ အခုတော့ ကလပ်တွေ မသွားဖြစ်တော့ဘူး။ ကိုယ့် အလုပ်ပေါ်မှာပဲ သေချာလေး အာရုံ စိုက်ပြီး လုပ်နေတယ်။ ကလပ်သွားရင်လည်း သူငယ်ချင်းတွေနဲ့ပဲ သွားတာပါ။ ဒါပေမဲ့ ညီမတို့ဆီမှာက ကလပ်သွားရင် နည်းနည်း အမြင် တစ်မျိုး ရှိကြတယ်။ ကိုယ်ကတော့ ကိုယ့်သူငယ်ချင်းတွေ၊ ကိုယ့်မောင်လေးတွေနဲ့ပဲ သွားတာပါ။ အခု နောက်ပိုင်းကျတော့ ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေ မကြိုက်မှာစိုးလို့ ကလပ်တွေ ဘာတွေ မသွားဘူး။ အရမ်း ဆင်ခြင်တယ်။

Voice : ပက်ထရစ်ရှာကို မျက်နှာခွဲစိတ် ပြုပြင်ထားတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ Facebook Page မှာ ပြန်ရှင်းထားတာ တွေ့ရတယ်။ ဘယ်လိုစိတ်နဲ့ ပြန်ရှင်းဖြစ်တာလဲ။
P : အရင်တုန်းကတော့ ကိုယ်ထင်ထားတာက ဒီဝေဖန်မှုတွေက ရပ်တန့်သွားမယ်လို့ ထင်တာပါ။ ဒါပေမဲ့ ကိုယ့်ကို တဖြည်းဖြည်း လူသိလာတာနဲ့အမျှ ဝေဖန်မှုတွေက ပိုများလာတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်လည်း ပြန်မဖြေရှင်းချင်ပါဘူး။ ဒါပေမဲ့ ပြောတဲ့သူတွေက အရမ်း များလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူများ နိုင်ငံတွေမှာဆိုလည်း မခွဲစိတ်ထားဘဲ၊ ခွဲစိတ်ထားတယ် ဆိုပြီး ပြောခံရတဲ့ အနုပညာရှင်တွေလည်း ရှိပါတယ်။ ဆရာဝန်နဲ့ သက်သေပြတာတောင်မှပဲ ဆရာဝန်က လိမ်တယ်ဆိုပြီး ပြောကြတာတွေတောင် ရှိသေးတာပဲ။ ပြောချင်တဲ့ သူကတော့ သူ့ဟာသူပြောမှာပဲ။ ဒါပေမဲ့ ကိုယ့်ပရိသတ် အစစ် အမှန်ကတော့ ဘယ်တော့မှ နစ်နာအောင်လို့ မပြောပါဘူး။

Voice : အရင်မော်ဒယ်လ် စလုပ်တုန်းက ပက်ထရစ်ရှာရဲ့ ပုံစံနဲ့ အခု လက်ရှိပုံစံက ကွာခြားသွားလို့ ပြောကြတာ ဖြစ်မယ် ထင်တယ်နော်။
P : လူတိုင်းရဲ့ မျက်နှာကတော့ အသက်အရွယ်အလိုက် ပြောင်းလဲလာတာပါပဲ။ ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အသက် ကြီးလာရင် ရုပ်ပြောင်းသွားတာပဲလေ။ ငယ်တုန်းကတော့ မျက်နှာ အနေအထားက တစ်မျိုး ဖြစ်ချင်ဖြစ်မှာပေါ့။ ညီမဆို မော်ဒယ်လ် စလုပ်တုန်း မျက်နှာက ဒီ့ထက် ပြည့်တယ်။ ကိုယ်လုံးကလည်း ပြည့်တယ်။ လက်မောင်းလေးကတွေကအစ ဖောင်းဖောင်းလေး ဖြစ်နေတာပေါ့။ အခုဟာက လူပါပိန်ပြီး မျက်နှာလည်း ပိန်သွားတယ်။ ညီမ အမေဆိုလည်း အသက်ကြီးလာတော့ မျက်နှာ ပိုပိုကျသွားတယ်။ အရင်တုန်းကလည်း အမေ့မျက်နှာက ဖောင်းဖောင်းလေးပဲ။ အိမ်က မောင်လေးတွေဆိုလည်း အသက် ကြီးလာတော့ အရပ်ရှည်ပြီး မျက်နှာတွေပါ လိုက်ရှည်သွားတယ်။ အကုန်လုံးက အဲ့ဒီလိုပါပဲ။ အဒဲလ်ပုံတောင် ညီမရဲ့ Page မှာ ပြထားသေးတယ်လေ။ ရှစ်နှစ်အတွင်းမှာ သူ့ရဲ့ မျက်နှာပြောင်းသွားတယ်လေ။ သူ့ရဲ့ အသက်အရွယ်ကြောင့် မျက်နှာကျတာလည်း ပါတယ်။ မိတ်ကပ်ပြင်ပုံပြင်နည်းကလည်း အရင်ခေတ်နဲ့ အခုခေတ်က မတူတော့ဘူး။ မျက်နှာအစိတ်အပိုင်းတွေကို ပေါ်သင့်တဲ့နေရာပေါ်၊ ချသင့်တဲ့ နေရာချပြီးပြင်ကြတယ်။

Voice : ကိုယ့်မျက်နှာကို ခွဲစိတ်ထားတယ်ဆိုပြီး ဝေဖန်တဲ့သူတွေ များလာတော့ စိတ်ပိုင်းဆိုင်ရာမှာရော ဘယ်လို ထိခိုက်မှုတွေ ရှိခဲ့လဲ။
P : စိတ်ပိုင်းဆိုင်ရာမှာတော့ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ကိုယ့်အမေဆိုလည်း မဟုတ်မမှန်တဲ့ ကိစ္စတစ်ခုနဲ့ သူ့သမီးကို အပြောခံရတော့ ဝမ်းနည်းတာပေါ့နော်။ မိဘတစ်ယောက် အနေနဲ့ သူလည်း ဝမ်းနည်း ပြီးငိုတာပေါ့။ ကိုယ်ဆိုလည်း အရမ်း အပြောခံရတော့ စိတ်ညစ်ပြီး အမေကို ရင်ဖွင့်တယ်။ သားအမိ နှစ်ယောက် ငိုခဲ့ရတဲ့ အချိန်တွေ ရှိတယ်။ အခုလို ပြောခံရတဲ့အတွက် စိတ်မကောင်းတော့ ဖြစ်တာပေါ့။ ဒါပေမဲ့လည်း လက်ရှိ နာမည်ကြီးနေတဲ့ မင်းသမီးတွေတောင်မှ အရင်ပုံနဲ့ အခုပုံ နှစ်ပုံယှဉ်ပြီး ပြောခံရတာတွေ တွေ့ဖူးတယ်လေ။ ကိုယ့်ကို မုန်းတဲ့သူတွေကတော့ ပြောစရာမရှိ ရှာကြံပြောမှာပါပဲ။ ကိုယ့်ကို ချစ်တဲ့သူတွေကတော့ ဟုတ်နေရင်တောင်မှ ကိုယ့်အနုပညာကိုပဲ အားပေးတယ်။ ကျန်တဲ့ကိစ္စကို သူတို့ ခေါင်းထဲ မထည့်ကြဘူး။

Voice : ကိုယ့်ရဲ့ Facebook Page အောက်မှာ လာရေးတဲ့ Comment တွေကိုရော ဖတ်ဖြစ်လား။ တချို့ ဝေဖန်တဲ့ Comment တွေကို ဖတ်ပြီးတော့ရော ဘယ်လို ခံစားရလဲ။
P : ညီမကတော့ ကိုယ့်ကို မုန်းတဲ့သူ ပြောတာပဲ ဖြစ်ဖြစ်၊ ချစ်တဲ့သူ ပြောတာပဲဖြစ်ဖြစ် အမြဲ ဂရုစိုက်ပြီး ကြည့်ဖြစ်တယ်။ ညီမရဲ့ ပရိသတ်တွေလည်း အမြဲ ပြောပါတယ်။ ပက်ထရစ်ရှာက Comment တွေကို အမြဲ Reply လုပ်တယ်တဲ့။ တစ်ခါတလေကျတော့ ကိုယ်မကြည့် ဖြစ်တဲ့အချိန်မှာ Comment တွေက များသွားတယ်။ အဲဒီအခါကျရင် Reply မလုပ်နိုင်ရင်တောင် Like တော့ လုပ်ပေးတယ်။ ကိုယ့်ကို မုန်းတဲ့သူတွေ ပြောရင်လည်း ကိုယ်ပြန်ပြောတယ်။ ချစ်တဲ့သူ ပြောတဲ့စကားလည်း ကိုယ်ပြန်ပြောတယ်။ ပရိသတ်တွေရဲ့ စကားကိုတော့ အမြဲတမ်း နားထောင်ဖြစ်ပါတယ်။

Voice : ကိုယ့်ရဲ့ မျက်နှာက အစိတ်အပိုင်းတွေကိုရော ကျေနပ်အားရမှု ရှိရဲ့လား။ ပြင်ဖို့ စိတ်ကူး ရှိတယ်ဆိုရင်ရော ဘယ်ဟာကို ပြင်ချင်လဲ။
P : ကျေနပ်အားရမှု မရှိပါဘူး။ မေးစေ့ ရှည်နေလို့။ အဲခုခေတ်ကတော့ မေးစေ့ရှည်တဲ့ ခေတ်ကိုး။ ရှည်အောင်လို့ Filler ထိုးတဲ့ ခေတ်ကိုး။ အဲ့ဒီ မေးစေ့ကိုတောင် ပြင်ထားတယ်လို့ ပြောကြတယ်။ ကိုယ်က မေးစေ့ကို ပြင်ချင်တာ။ အမေက ပေးမပြင်ဘူး။ အခုခေတ်က မေးစေ့ ရှည်တဲ့ပုံစံတွေ လုပ်နေကြတော့ ဒီအတိုင်းပဲ ထားလိုက်တဲ့။ ကိုယ့် စိတ်နဲ့ ကိုယ်သာဆို ညီမက မေးစေ့ကို ပြင်ချင်တယ်။

Voice : ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်တဲ့ ဖက်ရှင် ရုပ်ရှင်ဇာတ်ကားမှာ ပက်ထရစ်ရှာ ပါမယ်လို့ သိထားတာ။ ဘယ်လိုကြောင့် မရိုက်ဖြစ်တော့တာလဲ။
P : အဲ့ဒီကား ရိုက်ဖို့ ဦးမိုးဦးက ညီမကို စပြီး ကမ်းလှမ်းတယ်။ အဲ့ဒီတုန်းက ညီမက Reflection ရုပ်ရှင်ကားကြီး ရိုက်နေတယ်။ ပြန်ပြောမယ်လို့ပဲ သူတို့ကို ပြောထားတယ်။ ညီမ အကြောင်းပြန်တဲ့ အချိန်က တစ်ပတ်လောက် ကြာသွားတယ်။ အဲ့ဒါကြောင့် မရိုက်ဖြစ်တော့တာပါ။ အမှန်တော့ အဲ့ဒီဇာတ်ကို ကြိုက်တယ်။ ကိုယ့်ဘက်က အကြောင်းပြန်တာ နောက်ကျသွားလို့ တခြား မင်းသမီးနဲ့ ရိုက်ဖြစ်သွားတယ် ထင်ပါတယ်။ 

သန့်ဇင်ဦး

  • VIA