POST TYPE

RELAX

မူဆယ် ၁၀၅ မိုင်စခန်း တိုက်ခိုက်မှု မျက်မြင်တွေ့ရှိသူများနှင့် မေးမြန်းမှု
22-Nov-2016

တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့ ပူးပေါင်း၍ မူဆယ်နှင့် ကွတ်ခိုင်အတွင်းရှိ တပ်စခန်းများနှင့်  ကုန်သွယ်ရေး စခန်းများကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်က ဝင်ရောက်တိုက်ခိုက်မှုကြောင့် ၈ ဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရှိခဲ့ရာ ယင်းတိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ရသည့် ဒေသခံများ၏ ပြောကြားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

“အရက်စက်ဆုံးမြင်ကွင်းကို မြင်လိုက်ရတယ်။ အပြင်းအထန်ဆုံး တိုက်ပွဲကြားမှာ ရောက်ခဲ့တယ်”
ဦးကျော် (၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး နေထိုင်သူ)

“မနက်လင်းအားကြီး အချိန်ကစပြီး ပစ်ခတ်သံ စကြားရတာပါပဲ။ ကျွန်တော့်အိမ်က မူဆယ်၊ မိုင်းယု ၁၀၅ မိုင် ကုန်သွယ်မှုဇုန်အဝင် ဂိတ်ပေါက်မှာ ရှိတာပါ။ မနက် ၄ နာရီ ၁၅ လောက်မှာ ကချင်စကားသံတွေ ကြားရပြီး သေနတ်တရစပ် ပစ်သံကြားလိုက်တယ်။ မိသားစုအားလုံး အောက်ထပ်က လှေကားအောက်မှာ ပုန်းနေကြရတယ်။ ကျွန်တော်တို့ အိမ်က သုံးထပ်ဖြစ်တာမို့ ပစ်ခတ်သံကြားတော့ အိမ်အပေါ်ထပ်ကနေ လမ်းပေါ်ကို ကြည့်မိတော့ သေနတ်ကိုင်ပြီး တရစပ် ပစ်ပြီး လာတာ လမ်းမကြီးပေါ်မှာ တွေ့သမျှ ပစ်နေတဲ့ စစ်သား ၁၅ ယောက်လောက်ကို လှမ်းမြင်ရတယ်။ ကချင်စကားပြောပြီး ကချင်တံဆိပ်ယူနီဖောင်း ဝတ်ထားတယ်။ အမျိုးသမီး ၇ ယောက်လောက် ပါလာတာလည်း တွေ့လိုက်ရတယ်။ ရှေ့မှာ မြင်သမျှ တရစပ် ပစ်သွားနေတာမျိုး။ နောက်ရဲကင်းကို လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်တာလည်း မြင်လိုက်ရတယ်။ တပ်မတော်က ပြန်မပစ်ခင်မှာ ရွာထဲမှာ ရှိသမျှ လူတွေကို တပ်ကုန်းပေါ်တက်ပြီး လာနေဖို့နဲ့ သစ်သီးပွဲရုံမှာ နေရာယူဖို့ လာခေါ်တယ်။ အိမ်က မိန်းကလေးနှစ်ယောက် သစ်သီးပွဲရုံကို ရောက်သွားနိုင်ပေမယ့် ကျွန်တော်တို့ရွာမှာနေတဲ့ မအိတို့ မိသားစုက သူတို့မော်တော်ကားနဲ့ သစ်သီးပွဲရုံကို တက်သွားတယ်။ လမ်းတစ်ဝက်မှာ သူတို့ ကားကို လှမ်းပစ်လိုက်တယ်။ မအိကို သေနတ်ခြောက်ချက် ထိတယ်။ နေရာမှာတင် သေသွားတယ်။ သူ့ခင်ပွန်းနဲ့ ကလေးနှစ်ယောက်ကို ကျွန်တော်တို့ဆီ ပြေးလာဖို့ လှမ်းခေါ်လိုက်ရတယ်။ ကလေးနှစ်ယောက်မှာ ကြောက်လွန်းလို့ စကားမပြောနိုင်အောင် ဖြစ်နေတယ်။ သေနတ်ထိတဲ့ သူတို့အမေကို ကယ်ဖို့ ကြက်ခြေနီကားနဲ့ သစ်သီးဒိုင်သွားတဲ့လမ်းကို သွားကြတယ်။ ကေအိုင်အေက ကြက်ခြေနီကားကို လှမ်းပစ်တယ်။ ဒါကြောင့် သေဆုံးသူကို အချိန်ကြာအထိ သွားမသယ်နိုင်ခဲ့ပါဘူး။ အပြစ်မရှိတဲ့ ပြည်သူကို ပစ်ရုံတင်မကဘူး နိုင်ငံတကာ အသိအမှတ် ပြုထားတဲ့ ကြက်ခြေနီ လူနာတင်ယာဉ်ကိုပါ ပစ်တယ်ဆိုတာ လူစိတ်ကင်းမဲ့တယ်။ ရက်စက်ယုတ်မာတယ်လို့ ပြောချင်တယ်။ ကျွန်တော် မူဆယ်မှာနေတာ ၁၈ နှစ်ရှိပြီ။ ကျွန်တော့်ဇနီးက နှစ်၂၀ ကျော်ပြီ။ ဒီလိုဖြစ်ရပ်မျိုး မကြုံဖူးခဲ့ပါဘူး။ ဒါ့အပြင် ကေအိုင်အေတပ်ကိုလည်း ဒီလိုရက်စက်မယ်ယုတ်မာမယ် ဆိုတာ အခုကိုယ်တွေ့မှာ သိလိုက်ရတာပါပဲ။ အရက်စက်ဆုံး မြင်ကွင်းကို မြင်လိုက်ရတယ်။ အပြင်းအထန် ဆုံးတိုက်ပွဲကြားမှာ ရောက်ခဲ့တယ်။ ကိုယ်တွေ အသက်ဘေး မရှိခဲ့ပေမယ့် ကိုယ့်အိမ်နဲ့ ပစ္စည်းတွေကို ပစ်ပြီး လူလွတ်ပြေးခဲ့ရတာမျိုး ဖြစ်နေတယ်”

“မိုးမလင်းခင် ရောက်လာပြီး မနားတမ်းပစ်တာမျိုး၊ တွေ့တာမြင်တာ ပစ်သွားကြတာမျိုးလေ”
ဦးအောင်အောင် (မူဆယ်မြို့ ၁၀၅ မိုင် မိုင်းယုကျေးရွာ နေထိုင်သူ)

“၂၀ရက်နေ့ မနက်က ၁၀၅ မိုင်ကို သူတို့ ဝင်မလာခင်တည်းက သေနတ်သံ ကြားနေရတာ ဒီဘက်လာမယ်လို့ ထင်မထားဘူး။ ဒါပေမဲ့ မိုးမလင်းခင် ရောက်လာပြီး မနားတမ်း ပစ်တာမျိုး၊ တွေ့တာမြင်တာ ပစ်သွားကြတာမျိုးလေ။ ကျွန်တော်တို့ မိသားစုလည်း အိပ်ရာထဲက ထပြေးခဲ့ရတာ။ ဘာမှမယူနိုင်အောင်ပါပဲ။ အိမ်ရှေ့လမ်းမှာ ပစ်နေတာ အိမ်ထဲများ လှမ်းပစ်မလား ထင်ရတယ်။ သူတို့အလစ် နောက်ဘက်ပေါက်က ပတ်ထွက်ပြီး သစ်သီးကုန်စည်ဒိုင်ရှိတဲ့ တပ်ကုန်းကို ပြေးခဲ့ရတာ။ ဒီနေ့အထိ မိသားစုကတော့ မူဆယ်မှာပဲ ရှိသေးတယ်။ အမျိုးအိမ်မှာပါ၊ ၁၀၅ မိုင်ကို ခဏပြန်လာပြီး အိမ်ကိုကြည့်တာပါ။ အိမ်ကို ဒီအတိုင်းထားခဲ့ရတာ ဆိုင်ကယ်တစ်စီးကတော့ သူခိုးခိုးသွားပါပြီ။ အခြားအိမ်တွေလည်း အိမ်ဖောက်ခံရတယ် ပြောသံကြားမိပါတယ်။ လူတိုင်း ၁၀၅ မိုင်နဲ့ ရွာတွေကို မပြန်ရောက်သေးပါဘူး။ အခြေအနေက ဘာမှန်းမသိဘူး။ မူဆယ်ဈေးလည်း မဖွင့်နိုင်သေးပါဘူး။ မူဆယ်မြို့ပေါ်က စာသင်ကျောင်းတွေလည်း ပိတ်ထားတယ်။ လုံခြုံရေး စိတ်မချရသေးလို့ ပြောတယ်”

ဓာတ်ပုံ - မူဆယ်သူ မူဆယ်သားများ
 
မမ