News

POST TYPE

RELAX

ကျော်သူနဲ့ တွေ့ဆုံခြင်း
21-Nov-2016

စာရေးဆရာကြီး မောင်ထင်ရဲ့ ဂန္ထဝင် ဝတ္ထုကို အခြေခံပြီး ရိုက်ထားတဲ့ ငဘ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဝါရင့် သရုပ်ဆောင် ကျော်သူနဲ့ တွေ့ဆုံ၍  ဇာတ်ကောင် စရိုက်အတွက် ပြင်ဆင်ခဲ့ရမှု အပိုင်းများ၊ ရိုက်ကူးရေး အတွေ့အကြုံများနဲ့ သူ့ရဲ့ ပုံတူ ရုပ်တုအကြောင်းတို့ကို The Voice က မေးမြန်း ဖော်ပြ ထားပါတယ်။ 

Voice : ငဘ ရုပ်ရှင် ဇာတ်ကားကို ဒီဇင်ဘာလထဲ ရုံတင်တော့မယ်လို့ သိရပါတယ်။ ဦးကျော်သူ ကိုယ်တိုင်လည်း အားရတဲ့ ဇာတ်ကား တစ်ကားလို့ Facebook Page မှာ ရေးထားတာ ဖတ်ရတယ်နော်။
KT : ကျွန်တော် ဇာတ်ကားတွေ ပြန်ရိုက်ဖြစ်တဲ့ အချိန်မှာ ရိုက်ထားတဲ့ ဇာတ်ကားတွေထဲမှာ ငဘ ဇာတ်ကားကို အားရတယ်လို့ ပြောတာပါ။ ဝတ္ထုရဲ့ ဆိုလိုရင်းနဲ့ အနှစ်သာရကို ပေါ်လွင်အောင် ရိုက်ထားတဲ့ ဇာတ်ကားဆိုတော့လေ။ ဒါရိုက်တာ ဖြစ်တဲ့ ကိုခင်စောမျိုးကလည်း သေချာလေး ရိုက်ပေးထားတယ်။ သရုပ်ဆောင်ပိုင်းမှာဆိုလည်း ပါဝင်တဲ့သူတွေ အကုန်လုံးက ကြိုးစားထားကြတာကို တွေ့ရတယ်။ အဲ့ဒါကြောင့် အားရတဲ့ ဇာတ်ကား တစ်ကားလို့ ပြောတာပါ။

Voice : ကိုယ်တိုင်ရော ငဘ ဇာတ်ကောင် နေရာမှာ ဘယ်လို ခံစားချက်တွေ သွင်းပြီး သရုပ်ဆောင် ဖြစ်ခဲ့လဲ။
KT : ငဘ ဝတ္ထုမှာဆို အရင်ခေတ်က လယ်သမားတွေရဲ့ ဖိနှိပ်ခံရမှုကို ပြထားတာပေါ့။ လယ်သိမ်း၊ ယာသိမ်း ခံခဲ့ရတယ်။ အခုခေတ်မှာဆိုလည်း စစ်အစိုးရ လက်ထက်တုန်းက ဒါမျိုးတွေ ရှိခဲ့တယ်။ အဲ့ဒီအတွက် ဇာတ်ကောင်ရဲ့ Mood ကတော့ သွင်းလို့ ရတယ်။ အဓိက ကတော့ လယ်သမား အသုံးအဆောင်ဖြစ်တဲ့ တံစဉ်တို့၊ ဘာတို့ကတော့ ရှာရတာပေါ့လေ။ နှစ်တစ်ရာ သက်တမ်းလောက်ရှိတဲ့ တံစဉ်တွေ ဘာတွေ ကျွန်တော် ရထားတယ်။ ဒီအသုံးအဆောင် ပစ္စည်းတွေကို ဇာတ်ကားရိုက်တဲ့ အခါမှာ ထည့်သုံးဖြစ်ပါတယ်။

Voice : ငဘ ဝတ္ထုထဲက အကြောင်းအရာတွေက ဒီဘက်ခေတ်နဲ့ရော ဘယ်လို ကိုက်ညီမှုတွေ ရှိနေလဲ။
KT : ငဘ ဝတ္ထုမှာတော့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ငဘက အဖိနှိပ်ခံရတယ်။ အဖမ်းအဆီး ခံရတယ်။ စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခံရတယ်။ သူ့သမီးလေးကလည်း အဖျက်အဆီး ခံရတယ်။ အမှန်တော့ ငဘ ဝတ္ထုက ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်က လယ်သမားတွေရဲ့ ခံစားချက်ကို ကိုယ်စားပြုတာပေါ့။ ဒီဘက်ခေတ်မှာလည်း လယ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေက အရင်ခေတ်နဲ့ သိပ်မကွာပါဘူး။ အဲ့ဒီအတွက် ကြည့်ရတဲ့ ပရိသတ်တွေ အားလုံးလည်း ခံစားလို့ရမှာပါ။

Voice : ငဘ ဇာတ်ကားမှာပါဝင်တဲ့ အခြားသရုပ်ဆောင်တွေအပေါ်ကိုရော ဘယ်လိုမှတ်ချက်ပြုချင်လဲ။
KT : ဒီကားမှာဆို စိုးစိုးတို့၊ အေးမြတ်သူတို့ ဆိုရင် တော်တော်လေး ကြိုးစားထားကြတယ်။ အေးမြတ်သူဆိုရင် အခု ခေတ်စားနေတဲ့ မအေးပွင့်၊ မြင့်မြင့်စန်း ဇာတ်ကားက သရုပ်ဆောင်မှုတွေနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတာကို တွေ့ရမယ်။ ငဘရဲ့ သမီး ဇာတ်ရုပ်အတွက် ဆံပင်တွေ ဘာတွေကအစ သူပုံစံ ပြောင်းလိုက်တယ်။ ဝတ်စား ဆင်ယင်မှုရော၊ အက်တင်ပိုင်းတွေရော တော်တော် ကြိုးကြိုးစားစား လုပ်ကြတယ်။ မင်းဦးတို့၊ ကျော်ရဲအောင်တို့ဆိုလည်း သရုပ်ဆောင်တာ အရမ်း ကောင်းနေတယ်။ နေမျိုးအောင်ဆိုလည်း သူပါရတဲ့ အခန်း နည်းပေမယ့် ငဘရဲ့ မိတ်ဆွေ သူငယ်ချင်းအဖြစ် ပီပြင်အောင် သရုပ်ဆောင်ထားတယ်။

Voice : ငဘ ဝတ္ထုက ထွက်ထားတာလည်း ကြာပြီဆိုတော့ ရုပ်ရှင် အနေနဲ့ ပြန်ရိုက်တဲ့ အခါမှာ ဒီဘက်ခေတ် လူငယ် ပရိသတ်တွေကိုရော ဆွဲဆောင်နိုင်ပါ့မလား။
KT : ငဘ ဝတ္ထုက အရင်ခေတ်က ဆိုပေမယ့် ဒီဘက်ခေတ်အထိ အကျုံး ဝင်နေတယ်။ ဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုတွေမှာဆိုလည်း သူရေးထားတဲ့ ဒဿနတွေက ဒီဘက်ခေတ်အထိ အကျုံး ဝင်နေတယ်။ ငဘကလည်း တောင်သူ လယ်သမားတွေရဲ့ ခံစားချက်ကို သရုပ် ဖော်ရတာ ဖြစ်တယ်။ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်က ဇာတ်လမ်းဆိုတော့ ကျွန်တော်တို့တောင် မမီပါဘူး။ ကိုယ့်နိုင်ငံမှာ ဒီလိုဖြစ်ရပ်တွေ ရှိတယ်ဆိုတာကို လာကြည့်တဲ့ လူငယ်တွေ သိသွားမယ်။ ဗဟုသုတလည်း ရသွားမယ်။

Voice : ငဘ ဇာတ်ကား ရိုက်ကူးရေးပိုင်းမှာရော ဘယ်လို အမှတ်တရ ဖြစ်ရပ်တွေ ရှိခဲ့လဲ။
KT : ငဘ ဇာတ်ကားမှာ မှတ်မှတ်ရရ ဖြစ်ခဲ့တာမျိုးတော့ မရှိပါဘူး။ ကျွန်တော်ကတော့ ကိုယ်လုပ်နေကျ ပုံစံအတိုင်း အကောင်းဆုံး သရုပ်ဆောင်ခဲ့တာပါပဲ။ ဇာတ်ကောင်စရိုက် ဝင်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ ရှားပါးတဲ့ တံစဉ်တို့၊ ဘာတို့ကို ရပြီး ဇာတ်ကားမှာ ထည့်သုံးနိုင်ခဲ့တဲ့အတွက် ကျွန်တော် တော်တော် ဝမ်းသာပါတယ်။ ပရိသတ်တွေ အားလုံးကိုလည်း ဒီဇာတ်ကားကို လာကြည့်စေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်တောင် အားရတဲ့ ဇာတ်ကားလို့ ပြောထားတော့ ပရိသတ်တွေလည်း နားလည်မှာပါ။

Voice : ဒီကားက ၂၀၁၆ ခုနှစ် အကယ်ဒမီ ဆန်ခါတင် စာရင်းဝင် ဇာတ်ကား အနေနဲ့ ပါဝင်မှာဆိုတော့ အနုပညာပိုင်းဆိုင်ရာ အောင်မြင်မှုတွေရော ရမယ်လို့ မျှော်လင့်ထားလား။
KT : အကယ်ဒမီကတော့ ကျွန်တော် မှန်းလည်း မမှန်းပါဘူး။ မှန်းတိုင်းလည်း ရတာ မဟုတ်ဘူးလေ။ ဒီနှစ် အကယ်ဒမီ ဆန်ခါတင် စာရင်းဝင်အောင် ပြတယ်ဆိုတာကလည်း ကျွန်တော်တို့ရဲ့ အနုပညာတွေကို မှိုအတက် မခံချင်ဘူးဗျာ။ မနှစ်က ရိုက်တဲ့ကားက ဒီနှစ်တော့ ရုံတင်သင့်တယ်။ ရုံအခြေအနေကြောင့်သာ ရုံရက်တွေ ကျပ်နေတာလေ။ ထုတ်လုပ်သူကိုလည်း ကျွန်တော်တို့ ကိုယ်တိုင် တွန်းအား ပေးလိုက်တော့ သူလည်း ပြည်မှာ အရင် ရုံ တင်လိုက်တာပါ။ မြန်မာတစ်နိုင်ငံလုံးမှာတော့ ဒီဇင်ဘာလထဲ ရုံတင်ပါလိမ့်မယ်။

Voice : ပန်းပုပညာရှင် ကိုအောင်ကျော်ထွန်း လုပ်ထားတဲ့ ဦးကျော်သူရဲ့ ပုံတုရုပ်တုကရော ပြီးသွားပြီလား။ ရုပ်တုကိုရော ဘယ်မှာထားဖို့ စဉ်းစားထားလဲ။
KT : ကျွန်တော့်ပုံတု ရုပ်တုကတော့ လောလောဆယ် နာရေးအသင်းမှာ ထားထားတယ်။ ကိုအောင်ကျော်ထွန်းက ပြည်က ကျွန်တော့်ရဲ့ ပရဟိတ စေတီမှာ ထားဖို့အတွက် လှူထားတာပါ။ လောလောဆယ်တော့ နာရေးအသင်းအတွက် အရုပ် တစ်ရုပ် ထပ်အပ်ထားတယ်။ အဲ့ဒါရပြီဆိုရင် ပထမ လုပ်ထားတဲ့ အရုပ်ကို ပြည်ကို သယ်သွားမယ်။ ကိုအောင်ကျော်ထွန်းက ဒီရုပ်တု လုပ်တုန်းက Scan ဖတ်ပြီး လုပ်ရတာကိုး။ ဒါပေမဲ့ Scan ဖတ်တဲ့အချိန်က ပြီးခဲ့တဲ့ လေးငါးလလောက်က လုပ်ထားတာဆိုတော့ သွေးနည်းနည်း တိုးတော့ မျက်နှာက ပြည့်သလို ဖြစ်နေတယ်။ အသား မည်းနေတယ်။ အခုအချိန်နဲ့ ယှဉ်ကြည့်ရင်တော့ မျက်နှာက အသားမည်းတဲ့ ပုံစံမျိုးတော့ ဖြစ်နေတာပေါ့။ ကျန်တာကတော့ အားလုံး အဆင်ပြေပါတယ်။

သန့်ဇင်ဦး

  • VIA